ညီမျှမှုအယူအဆများ အပိုင်း(၂)

တန်းတူရည်တူဆက်ဆံခြင်း

ညီမျှမှုနဲ့ပတ်သက်လို့ ပထမဆုံးအနေနဲ့ ညီမျှတဲ့ဆက်ဆံရေးဆိုတဲ့ အယူအဆကနေတစ်ဆင့် စဉ်းစားကြည့်မယ်။ ညီမျှတဲ့ ဆက်ဆံရေးဆိုတဲ့အမြင်ကကြည့်ရင် ညီမျှမှုဆိုတဲ့သဘောက လူသားတွေဟာ တန်းတူရည်တူဖြစ်တယ်ဆိုတဲ့ အမြင်မျိုးနဲ့ ဆက်ဆံပြုမူဖို့ လိုအပ်လာမယ်။ ဒီအမြင်အရဆိုရင် လူတွေကို တန်းတူရည်တူ လေးစားမှုနဲ့ဆက်ဆံဖို့၊ တန်းတူရည်တူ အဆင့်အတန်းရှိသလို သဘောထားနဲ့ဆက်ဆံဖို့၊ တန်းတူရည်တူရှိတဲ့ လူ့သဘောသဘာဝဆိုတဲ့ အယူအဆကို နှစ်သက်လက်ခံဖို့ လိုအပ်မှာဖြစ်တယ်။ လူသားတွေမှာ မတူညီတဲ့စွမ်းရည်တွေနဲ့ မတူညီတဲ့အရင်းအမြစ်တွေ ရှိကောင်းရှိနိုင်ပေမယ့် ဒီအယူအဆက ညီမျှမှုတစ်မျိုးမျိုးကို လိုအပ်နေတဲ့ လူသားတွေရဲ့ယေဘုယျသဘာဝနဲ့ပတ်သက်တဲ့ တစ်စုံတစ်ရာကတော့ ရှိနေဆဲပဲလို့မြင်တယ်။ ဒီလိုနားလည်သဘောပေါက်မှုက ဘယ်သူကိုမှ ဘယ်သူ့ထက်ပိုပြီး အရေးကြီးသလို၊ ဘယ်သူ့ထက်ပိုပြီး အဆင့်အတန်းမြင့်သလို၊ ဘယ်သူ့ထက်ပိုပြီး အကျင့်သိက္ခာပြည့်စုံသလို စဉ်းစားမှာ မဟုတ်တော့ဘူး။

၁၉၈၅ ခုနှစ်ထုတ် Ethics and the Limits of Philosophy စာအုပ်မှာ ဘားနတ် ဝီလီယံ(Bernard Williams) က ယေဘုယျ လူသားသဘာဝအရ နားလည်ထားတဲ့ ညီမျှမှုဆိုတာ အစစ်အမှန်မဟုတ်သလို၊ အလေးအနက်ထားစရာလည်း မဟုတ်ဘူးလို့ ဆိုတယ်။ လူတွေအားလုံး ညီမျှတယ်ဆိုတဲ့အဆိုကို လူတွေအားလုံးဟာ အတူတူပဲ၊ ဒါမှမဟုတ် လူတွေ အားလုံးဟာ ကျွမ်းကျင်မှုအဆင့်အတန်း၊ ဉာဏ်ရည်အဆင့်အတန်း အတူတူပဲလို့ ယူဆမယ်ဆိုရင်တော့ ဒီအဆိုဟာ လုံးဝမှားယွင်းနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်နိုင်မှာ ဖြစ်တယ်။ တစ်ဖက်ကကြည့်ရင် လူတွေအားလုံး ညီမျှတယ်ဆိုတဲ့ အဆိုကို လူတွေအားလုံးဟာ လူသားတွေပဲ။ ဒါကြောင့် ယေဘုယျ လူသားသဘာဝကို မျှဝေခံယူထားတယ်ဆိုတာမျိုးလောက်ပဲ ယူဆမယ်ဆိုရင်တော့ ဒီအဆိုဟာ အလွန်အကျူး ပြောထားတဲ့အဆိုလို့ မပြောနိုင်တော့ဘူး။ လူသားတွေဟာ လူသားတွေပဲ ဆိုတာကို လူတိုင်းသိပြီးသားဖြစ်ပေမယ့် ပြောရရင်တော့ ဒီနောက်က လိုက်ပါလာမယ့်အယူအဆက ဘာဖြစ်မလဲဆိုတာက အရေးကြီးပါတယ်။

ဘာပဲဖြစ်ဖြစ်၊ ဝီလီယံကတော့ လူတွေအားလုံးဟာ လူသားတွေဖြစ်တယ်၊လူတွေအားလုံးမှာ နာကျင်မှု၊ ဆင်းရဲဒုက္ခနဲ့ လိုအပ်ချက်တွေကို ခံစားနိုင်တဲ့စွမ်းရည်ဟာ ဆင်တူတဲ့သဘာဝရှိတယ်ဆိုတာကို တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကို သတိပေးဖို့ အရေးကြီးတယ်လို့ မြင်တယ်။ဒီအဆိုဟာ သာတူညီမျှသဘောကို ဖေါ်ပြနေတယ်။ စောစောကပြောခဲ့တဲ့ ဆင်တူတဲ့ ခံစားနိုင်စွမ်းတွေကို ထည့်စဉ်းစားရင် လူတွေကို တစ်ယောက်တစ်မျိုး ဆက်ဆံခြင်းဟာ ကြောင်းကျိုးညီညွှတ်မှုရှိကြောင်း အကြောင်းပြချက်ရှာဖို့ လိုတယ်ဆိုတာ သတိပြုမိစေမှာဖြစ်တယ်။ကျွန်တော်တို့အတွက် ဆင်းရဲဒုက္ခရောက်ရခြင်းဟာ ဆိုးဝါးတဲ့ကိစ္စဖြစ်ရင် တခြားသောသူတွေအတွက်လည်း အလားတူ ဆိုးဝါးတဲ့ကိစ္စဖြစ်မှာပါပဲ။ စားသောက်ဆိုင်ထဲ ဝင်ခွင့်ကို ငြင်းပယ်ခံရခြင်းဟာ လူဖြူတစ်ယောက်အတွက် ရိုင်းပြစော်ကားခံရတာဖြစ်ရင်၊ လူမည်းတစ်ယောက်အတွက်လည်း အလားတူသဘော ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့အားလုံးဟာ တူညီတဲ့လူသားတွေ ဖြစ်တယ်ဆိုတဲ့အဆိုဟာ ကျောသားရင်သား မခွဲခြားဘဲ၊ သာတူညီမျှသဘောဆန်ပြီး ဒီအဆိုအပေါ် ဝီလီယံက ရည်ညွှန်းခဲ့ရတဲ့အကြောင်းရှိပါတယ်။ လူတွေအားလုံးရဲ့ စွမ်းဆောင်ရည်နဲ့ လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်သလို၊ သူတို့ရဲ့ ယေဘုယျလူသားသဘာဝအပေါ် လျစ်လျူရှုထားပြီး သီးခြားလူတစ်ဦးချင်းစီနဲ့ လူအုပ်စုတစ်စုချင်းစီကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်မှာဖြစ်တာကြောင့်ပါပဲ။

ကွဲပြားမှုမရှိတဲ့အမြင်(sameness) အပေါ် အခြေခံတဲ့ ချဉ်းကပ်ပုံမှာ ပြဿနာနှစ်ရပ်ရှိတယ်။ ပထမတစ်ခုက ယောက်ျားတွေကို စံအဖြစ်ယူထားတဲ့ ပြဿနာဖြစ်တယ်။ မိန်းမတွေဟာ ယောက်ျားတွေလိုဖြစ်မှသာ ညီမျှမှုရနိုင်မယ်ဆိုတဲ့သဘောပဲ။ ဒုတိယတစ်ခုက မိန်းမနဲ့ယောက်ျား မတူညီမှုတွေကို လုံလုံလောက်လောက် ထည့်သွင်းစဉ်းစားမှုမရှိတဲ့ ပြဿနာဖြစ်တယ်။

ညီမျှမှုဆိုတာ လူတွေကို အတူတူပဲလို့သဘောထားဆက်ဆံခြင်းလား။

လူသားတွေအားလုံးဟာ ယေဘုယျလူသားသဘာဝကို မျှဝေခံယူထားရတယ်ဆိုရင်တောင်မှ မတူကွဲပြားမှုတွေက မရေမတွက်နိုင်အောင်အမျိုးမျိုးရှိနေတာ တွေ့ရမှာပါ။ ညီမျှမှုဆိုတာ လူတွေကြားမှာရှိနေတဲ့ ဒီလိုမတူကွဲပြားမှုတွေကို လျစ်လျူရှုပြီး လူတွေကို ဆက်ဆံသင့်တယ်လို့ ဆိုလိုတာလား။ ဒါမှမဟုတ် ဒါတွေကို ထည့်သွင်းစဉ်းစားပြီး ပြုမူဆက်ဆံသင့်တယ်လို့ ဆိုလိုတာလား။

လိင်ပိုင်းဆိုင်ရာ ညီမျှမှုအယူအဆကို လေ့လာကြည့်ရအောင်ပါ။ နန်စီ ဖရေဆာ (Nancy Fraser) က လိင်ပိုင်းဆိုင်ရာ ညီမျှမှုနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိတဲ့ ချဉ်းကပ်ပုံနှစ်မျိုးကို တင်ပြခဲ့တယ်။ တစ်မျိုးက ကွဲပြားမှုမရှိတဲ့အမြင် (sameness) အပေါ် အခြေခံတယ်။ နောက်တစ်မျိုးကတော့ ကွဲပြားမှုရှိတဲ့အမြင် (difference) အပေါ် အခြေခံတယ်။ sameness အပေါ် အခြေခံတဲ့ ညီမျှမှုအမြင်က အမျိုးသမီးတွေကို တန်းတူညီမျှ ဆက်ဆံခြင်းဆိုတာဟာ အမျိုးသားတွေနဲ့အတူတူပဲ (same) လို့ သဘောထားပြီး ဆက်ဆံဖို့လို့ ဆိုလိုတာဖြစ်တယ်။ တစ်နည်းပြောရရင် ကျွန်တော်တို့အနေနဲ့ လူမှုလိင်ညီမျှမှု(gender equality) သဘောကို လက်ခံထားတယ်ဆိုရင်၊ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူ အလုပ်လုပ်ကိုင်ခွင့်ပြုဖို့၊ အမျိုးသားတွေနဲ့ တန်းတူအကျိုးခံစားခွင့်ပြုဖို့၊ အမျိုးသားတွေနဲ့ အခြေခံကျကျယှဉ်ပြိုင်ခွင့်ပြုဖို့ လိုအပ်မှာဖြစ်တယ်။ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် အလုပ်တစ်ခုကို အတူတူလျှောက်ခဲ့ရင် သူတို့နှစ်ယောက်ကို အကဲဖြတ်ရာမှာ တူညီတဲ့စံနှုန်းတွေနဲ့ အကဲဖြတ်သင့်တယ်လို့ဆိုတယ်။ အကယ်၍ အလုပ်လျှောက်သူအမျိုးသားကို ဖိအားတွေအောက်မှာ ကောင်းကောင်း အလုပ်လုပ်နိုင်ရမယ်လို့ စံသတ်မှတ်ရင် အလုပ်လျှောက်ထားသူ အမျိုးသမီးကိုလည်း အလားတူစံသတ်မှတ်ချက်ကိုပဲ ချမှတ်ပေးရမှာဖြစ်တယ်။ ဒီချဉ်းကပ်ပုံနည်းလမ်းရဲ့ရည်ရွယ်ချက်က မတရားတဲ့ခွဲခြားဆက်ဆံမှုတွေကို ချေဖျက်ပစ်ဖို့ဖြစ်တယ်။

ကွဲပြားမှုမရှိတဲ့အမြင်(sameness) အပေါ် အခြေခံတဲ့ ချဉ်းကပ်ပုံမှာ ပြဿနာနှစ်ရပ်ရှိတယ်။ ပထမတစ်ခုက ယောက်ျားတွေကို စံအဖြစ်ယူထားတဲ့ ပြဿနာဖြစ်တယ်။ မိန်းမတွေဟာ ယောက်ျားတွေလိုဖြစ်မှသာ ညီမျှမှုရနိုင်မယ်ဆိုတဲ့သဘောပဲ။ ဒုတိယတစ်ခုက မိန်းမနဲ့ယောက်ျား မတူညီမှုတွေကို လုံလုံလောက်လောက် ထည့်သွင်းစဉ်းစားမှုမရှိတဲ့ ပြဿနာဖြစ်တယ်။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ တူညီတဲ့ စံသတ်မှတ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့လိုအပ်တယ်လို့ပဲ စဉ်းစားတာကြောင့် တချို့စံသတ်မှတ်ချက်တွေက ပင်ကိုအားဖြင့် ကျား-မတစ်ဖက်ဖက်ကို ဘက်လိုက်နေတဲ့ စံသတ်မှတ်ချက်မျိုးတွေ ဖြစ်နေတာကိုတော့ ထည့်သွင်းစဉ်းစားမှုမရှိတဲ့သဘော ဖြစ်နေတယ်။ ဥပမာပြောရရင် မိန်းမတွေကို ယောက်ျားတွေနဲ့ တန်းတူရည်တူဆက်ဆံခြင်းက သူတို့ကို မီးဖွားခွင့်ပေးစရာမလိုဘဲ ငြင်းပယ်နိုင်တဲ့သဘော ဖြစ်နေတယ်။ နောက်တစ်ခါ အလုပ်မှာ အနိမ့်ဆုံးလိုအပ်တဲ့အရပ်အမြင့်ကို စံသတ်မှတ်ထားမယ်ဆိုရင်လည်း မိန်းမတွေကို ယောက်ျားတွေနဲ့တန်းတူသဘောထားဆက်ဆံခြင်းက မိန်းမတွေရဲ့အရပ်အမြင့်သတ်မှတ်ချက်ကိုလည်း ယောက်ျားတွေနဲ့ တန်းတူလိုအပ်သလို ဖြစ်နေမှာဖြစ်တယ်။ ယေဘုယျအနေနဲ့ကြည့်ရင် မိန်းမတွေဟာ ယောက်ျားတွေထက် အရပ်နိမ့်တာကြောင့် ဒီလိုမူဝါဒမျိုးက မိန်းမအများစုအတွက် ဖြည့်ဆည်းဖို့မလွယ်တဲ့ စံသတ်မှတ်ချက်ကို တစ်ဖက်သတ် သတ်မှတ်ခံထားရသလို ဖြစ်နေမှာဖြစ်တယ်။ အကျိုးသက်ရောက်မှုကတော့ မိန်းမတွေကို ခွဲခြားဆက်ဆံထားသလို ပြန်ဖြစ်နေတာပါပဲ။

မီးဖွားရခြင်းလို၊ ပျမ်းမျှအရပ်အမြင့်လို ယောက်ျားနဲ့မိန်းမကြားက မတူကွဲပြားမှုတွေကြောင့် မိန်းမတွေဟာ ယောက်ျားတွေနဲ့ အတူတူမဖြစ်နိုင်ဘဲ၊ သဘာဝအရကို ကွဲပြားမှုတွေရှိနေတယ်ဆိုတာကို ရိုးရိုးရှင်းရှင်း လက်ခံရမှာဖြစ်တယ်။ အလုပ်အတွက် မဖြစ်မနေလိုအပ်တာကြောင့် မိန်းမတွေအနေနဲ့ ယောက်ျားတွေနဲ့ တန်းတူစံသတ်မှတ်ချက်တွေကို ဖြည့်ဆည်းနိုင်ရမယ်လို့ တောင်းဆိုတာဟာ သင့်တော်မှုရှိတယ်လို့ ဆိုရမယ်။ ဥပမာ- မီးသတ်သမားတစ်ယောက်ဖြစ်ဖို့ အနည်းဆုံးလိုအပ်တဲ့ အရပ်အမြင့်ထက် မိန်းမတွေရဲ့အရပ်က ပိုနိမ့်နေတာကြောင့် မိန်းမတွေအနေနဲ့ မီးသတ်သမားဖြစ်ဖို့ အရည်အချင်းမမီဘူးဖြစ်နေတာ ဖြစ်တယ်။ ဒီလိုအပ်ချက်တွေဟာ ဓမ္မဓိဋ္ဌာန်ကျကျ လိုအပ်တဲ့စံနှုန်းတွေ ဖြစ်နေတာကြောင့် ယောက်ျားစံနှုန်း (male standard) တွေက အများလက်ခံထားတဲ့စံနှုန်း(universal standard) တွေ ဖြစ်နေတယ်။ ဒါပေမယ့် ပြဿနာက ယောက်ျားစံနှုန်းတွေကို အများသူငှာ လက်ခံထားတဲ့ စံသတ်မှတ်ချက်တွေအဖြစ် ချမှတ်ထားခြင်းက မိန်းမတွေကို တန်းတူရည်တူ မဆက်ဆံရာကျနေတယ်။ အကြောင်းက ဒီလိုမတူကွဲပြားမှုတွေရှိနေတာဟာ တန်ဖိုးထားအပ်တယ်၊ အရေးပါတယ်လို့ သိမှတ်လက်ခံမှုမရှိတာကြောင့်ပဲ ဖြစ်တယ်။ မီးသတ်စက်ယန္တရားကို မောင်းနှင်ဖို့ အရပ်အတိုင်းအတာတစ်ရပ် လိုအပ်မယ်ဆိုတာလက်ခံရမှာ ဖြစ်ပါတယ်။ဒါပေမယ့် မီးသတ်စက်ကို ဒီဇိုင်းထုတ်ရာမှာ ဘာကြောင့်များ မိန်းမတွေအတွက်ရော၊ ယောက်ျားတွေအတွက်ပါ ထည့်မစဉ်းစားခဲ့ရတာလဲဆိုတာက မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။

နောက်တစ်ခါ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေဟာ အသက်နှစ်ဆယ်ကျော် သုံးဆယ်နားကာလ(အစောပိုင်း အလုပ်ဝင်ချိန်တွေမှာ) အလုပ်လုပ်ချိန် များများရှိဖို့ လိုအပ်တယ်လို့ ယူဆထားကြတယ်။ ဒီအယူအဆကို တည်ဆောက်ထားတာကြောင့် ကလေးမီးဖွားဖို့ ကြုံလာတဲ့ နှစ်အပိုင်းအခြားတွေမှာ အမျိုးသမီးတွေဟာ တစ်ပန်းရှုံးသလို ဖြစ်နေတယ်။ ယောက်ျားစံနှုန်းတွေကို အများသူငှာ လက်ခံထားတဲ့စံနှုန်းတွေအဖြစ် အလွယ်တကူ အသိအမှတ်ပြုထားခြင်းက အဲ့ဒီစံနှုန်းတွေဟာ တကယ်လိုအပ်နေတာလား၊ အလုပ်နဲ့ပတ်သက်တဲ့လိုအပ်ချက်တွေကို အပြောင်းအလဲလုပ်ခြင်းက ပိုပြီးသာတူညီမျှဖြစ်ဖို့ လမ်းဖွင့်ပေးရာ မကျဘူးလားဆိုတာတွေကို ဆန်းစစ်ဖို့ ပျက်ကွက်သလိုဖြစ်နေတာ တွေ့ရတယ်။ လုပ်ငန်းခွင်ပြင်ပမှာ ယောက်ျားတွေနဲ့ မတူကွဲပြားတဲ့ ဖိအားတွေကို မိန်းမတွေက ရင်ဆိုင်ရတာတွေရှိတာကြောင့် ယောက်ျားစံနှုန်းတွေကို အများသူငှာလက်ခံထားတဲ့ စံနှုန်းတွေအဖြစ် သတ်မှတ်ထားနေခြင်းက မိန်းမတွေအပေါ် မညီမျှတဲ့သက်ရောက်မှုတွေနဲ့ ကြုံတွေ့ရစေတယ်ဆိုတာ သတိပြုသင့်တယ်။

တစ်ဖက်မှာ မတူကွဲပြားမှု ရှိတယ်ဆိုတဲ့အမြင်အပေါ် အခြေခံထားတဲ့ ညီမျှမှုအယူအဆက ယောက်ျားနဲ့မိန်းမကြားက မတူညီမှုတွေကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ မြင်တယ်။ဒီအမြင်အပေါ်အခြေခံပြီး မူဝါဒရေးဆွဲဖန်တီးမှုတွေ လုပ်ဆောင်ခြင်းက ညီမျှမှုရဖို့အတွက် မတူကွဲပြားတဲ့ ဆက်ဆံမှုတွေကို လိုအပ်လာစေမှာဖြစ်တယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်ရမှု၊ မီးဖွားရမှု၊ နို့တိုက်ကျွေးရမှုစတဲ့ လိုအပ်ချက်တွေကိုထည့်သွင်းစဉ်းစားရင် မိခင်ဖြစ်သူတွေကို ဖခင်တွေထက် ခွင့်(parental leave) ပိုပေးသင့်တယ်လို့ ဆိုရမယ်။ ဒီမူဝါဒက မိခင်၊ ဖခင်ဆိုပြီးယေဘုယျ မြင်ထားတာထက် ပိုကျယ်ပြန့်တယ်။ ဇီဝဗေဒသဘောအရ မိဘဘဝရခြင်း(parenthood) သက်သက်ထက် မိခင်(female parent) နဲ့ ဖခင်(male parent) တန်းတူမဟုတ်တဲ့ မတူညီတဲ့အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားပြီး ချမှတ်တဲ့မူဝါဒဖြစ်တယ်။

ဒီလိုကွဲပြားမှုရှိတယ်ဆိုတဲ့ အမြင်အပေါ် အခြေခံထားတဲ့ ညီမျှမှုအယူအဆမှာလည်း ပြဿနာတစ်ရပ်တော့ ရှိနေသေးတယ်။ အဲ့ဒါကတော့ မတူကွဲပြားမှု (difference) နဲ့ မညီမျှမှု (inequality)ကို ခိုင်မာစွဲမြဲနေတဲ့အန္တရာယ်ပဲ ဖြစ်တယ်။ မိခင်နဲ့ဖခင် မတူညီတဲ့ လူမှုအခန်းကဏ္ဍတွေကိုယ်တိုင်က မညီမျှမှုရဲ့ အကြောင်းတရားနဲ့အကျိုးရလဒ် ဖြစ်နေတာပါပဲ။ ဒီတော့ကာ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားနေခြင်းက သာတူညီမျှဆိုတဲ့ အခြေအနေတစ်ရပ်ကို လုံးဝလုပ်ဆောင်ဖို့ ဖြစ်ကောင်းမှဖြစ်နိုင်မယ်လို့ မြင်လာနိုင်တာပါပဲ။

ရလဒ်ညီမျှမှုဆိုတဲ့အယူအဆဟာ လူမှုရေးဆိုင်ရာ တရားမျှတမှုနဲ့ပတ်သက်တဲ့ ခေတ်ပြိုင်အငြင်းအခုံတွေမှာ အဓိကနေရာ ယူလာတာတွေ့ရတယ်။ တွေးခေါ်ရှင်တွေဟာ ဘယ်အရာက ညီမျှမှုရှိအောင်လုပ်ခြင်းမှာ သင့်တော်တဲ့နည်းလမ်း ဖြစ်တယ်ဆိုတဲ့အပေါ် အမျိုးမျိုး သဘောထားကွဲလွဲနေခဲ့ကြတယ်။

ရလဒ်ညီမျှမှုအမြင်

တန်းတူရည်တူ ဆက်ဆံရေးဆိုတဲ့ အယူအဆအပေါ် အာရုံစိုက်တာထက် ရလဒ်ညီမျှမှုအယူအဆအပေါ်မှာ အာရုံစိုက်ခြင်းက ပိုကောင်းမယ်လို့ ယူဆတာလည်း ရှိတယ်။ ရလဒ်ညီမျှမှုအယူအဆက ဥစ္စာဓန၊ ဝင်ငွေ၊ လူမှုဘဝဖူလုံရေး အထောက်အပံ့စတာတွေကို ခွဲဝေဖြန့်ဖြူးရာမှာ ညီမျှမှုရှိဖို့ တောင်းဆိုတယ်။ ဒီလိုခွဲဝေဖြန့်ဖြူးရာမှာ လူတစ်ဦးချင်းစီကို ပေးအပ်တဲ့ပမာဏက အရေးမကြီးဘဲ၊ လူတစ်ဦးစီကို အဆုံးသတ်သွားစေမယ့် ပမာဏက အရေးကြီးတယ်လို့ မြင်တယ်။ ရလဒ်ညီမျှမှုအမြင်အရ ချမ်းသာသူတစ်ယောက်ကို ဆင်းရဲသူတစ်ယောက်ထက် လျှော့ပြီးပေးမယ်ဆိုတဲ့ အမြင်သဘောထား ရှိတယ်။ အကြောင်းက လုပ်ငန်းစဉ်ရဲ့အဆုံးမှာ လူတစ်ယောက်ချင်းစီမှာ ရှိလာမယ့်ပမာဏကို အဓိကအလေးထားတာကြောင့်ပဲ။ အလားတူပဲ၊ ယောက်ျားနဲ့မိန်းမကိုလည်း ကွဲကွဲပြားပြား ဆက်ဆံဖို့လိုတယ်လို့ မြင်တယ်။ ဒီလိုကွဲကွဲပြားပြား ဆက်ဆံခြင်းအားဖြင့် သူတို့ဟာ နှိုင်းယှဉ်နိုင်တဲ့အနေအထားမှာ ရှိနေမှာဖြစ်တယ်။

ရလဒ်ညီမျှမှုဆိုတဲ့အယူအဆဟာ လူမှုရေးဆိုင်ရာ တရားမျှတမှုနဲ့ပတ်သက်တဲ့ ခေတ်ပြိုင်အငြင်းအခုံတွေမှာ အဓိကနေရာ ယူလာတာတွေ့ရတယ်။ တွေးခေါ်ရှင်တွေဟာ ဘယ်အရာက ညီမျှမှုရှိအောင်လုပ်ခြင်းမှာ သင့်တော်တဲ့နည်းလမ်း ဖြစ်တယ်ဆိုတဲ့အပေါ် အမျိုးမျိုး သဘောထားကွဲလွဲနေခဲ့ကြတယ်။ ဘာကို ညီမျှအောင် လုပ်ထားတာလဲဆိုတဲ့အပေါ် မူတည်ပြီး ထွက်ပေါ်လာတဲ့ ရလဒ်ညီမျှမှုဆိုင်ရာသွယ်ဝိုက်ရိုက်ခတ်မှုတွေကလည်း အမျိုးမျိုးပြောင်းလဲနေတာပါပဲ။ ဓနဥစ္စာကိုညီမျှအောင် လုပ်ခြင်းနဲ့ လူမှုဖူလုံရေးအထောက်အပံ့အပေါ်ညီမျှအောင်လုပ်ခြင်းရဲ့ သွယ်ဝိုက်ရိုက်ခတ်မှုတွေဟာ မတူကြပါဘူး။ ဥပမာ- လူမှုဖူလုံရေး အထောက်အပံ့ဆိုင်ရာ ညီမျှမှုအယူအဆက လိုအပ်ချက် ပိုများသူကို ပိုပြီးထောက်ပံ့ပေးဖို့ လိုအပ်တယ်လို့ ယူဆတယ်။ အလားတူပဲ၊ အရင်းအမြစ်ဆိုင်ရာ ညီမျှမှုအယူအဆကလည်း လူတွေအနေနဲ့ သူတို့မှာရှိနေတဲ့ အရင်းအမြစ်တွေကို ဘာကိုလုပ်ဆောင်ဖို့ ရွေးချယ်သလဲဆိုတဲ့အကြောင်းကြောင့် ဓနဥစ္စာနဲ့ ဝင်ငွေဆိုင်ရာ မညီမျှမှုတွေကို သိသိသာသာ ဖြစ်စေတယ်လို့ ယူဆတယ်။ ရလဒ်ညီမျှမှုဟာ ကံကြမ္မာနဲ့ ရွေးချယ်မှုကြားက မတူကွဲပြားမှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းအပေါ်မှာမူတည်ပြီး အနည်းနဲ့အများဆိုသလို နှစ်သက်စရာ ဖြစ်နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *