သေသပ်လှပသော အမှန်တရားတစ်ခုအကြောင်း

သူ ဖုန်းဆက်လာတဲ့အချိန်မှာ ကျွန်မ အင်းလျားကန်ဘောင်ဘေးကို ရောက်လို့နေပါပြီ။

“အင်း… မောင်လေး… ချယ်မလာနိုင်တော့ဘူးကွာ။ ဆောရီးနော်… ချယ့်အန်တီတစ်ယောက် မန္တလေးကနေ ဒီမနက်ပဲ ရောက်လာတာနဲ့ သူနဲ့အတူ ညစာထွက်စားရမယ်လို့ ကြပ်နေတယ်ကွာ။ ချယ် အခုမှ ကပ်ပြီး ပြောရတာ အရမ်းအားနာပါတယ်”

“………”

“အင်းပါ…။ နောက်တစ်ခါဆို ချယ့်တာဝန် ထားပါနော်။ ချယ် ဒကာခံပါ့မယ်။ အိုကေတယ်နော်…”

ကျွန်မပြုံးရင်း ကတိပေးလိုက်ပါသည်။ ပေါ့ပေါ့ပါးပါးပါပဲ။ တကယ့်ကို ပေါ့ပေါ့ပါးပါး ပြောနိုင်ခဲ့ပါတယ်။ ပေါ့ပေါ့ပါးပါး လိမ်ညာနိုင်ခဲ့တယ်ဆို ပိုမှန်မယ် ထင်တယ်။ ဘဝမှာ တစ်ခါမှ ဒီလောက် ပီပီပြင်ပြင် မညာခဲ့ဖူးတာကို တွေးရင်းနဲ့ ထပ်တစ်ခါ ပြုံးမိပြန်ပါတယ်။ ပြီးတော့… ကျွန်မ ဖြစ်မလာနိုင်တဲ့ ကိစ္စတစ်ခုကို ကတိပေးမိလျက်သား ဖြစ်နေပြန်သည်။ တကယ်ဆို “ပျော်ရွှင်စရာ ညလေးဖြစ်ပါစေနော်”ဆိုပြီး စကားအလှလေးနဲ့ အဆုံးသတ်လိုက်သင့်သား။

အမှန်အတိုင်း ပြောရရင် ကျွန်မ တကယ့်ကို စိတ်ထဲမှာ ဘာခံစားချက်မှ မရှိတော့ပါ။ အရင်လိုစိတ်နဲ့ဆို အော်ငိုမိမလား။ ဒါမှမဟုတ် စိတ်ပေါက်ပေါက်နဲ့ ရန်တွေ့မိမလား။ ဒါမှမဟုတ်… ဒါမှမဟုတ် ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်မိမှာလား။ မဟုတ်သေးပါဘူး… တွေးရင်းကပင် ကိုယ့်ကိုယ်ကို ရယ်ချင်လာပြန်သည်။ အော်… အရင်က တော်တော် မရင့်ကျက်ခဲ့တဲ့ ငါပါလားနော်… တကယ်ဆို ဘယ်သူ့ကိုမှ ဘာအတွက်နဲ့မှ အငြိုးထားစရာမှ မရှိတာ။ ကိုယ်က လူတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးတယ်ဆိုတာ ကိုယ့်အတွက် အဲဒီသူက ပြီးပြည့်စုံနေလို့ပဲပေါ့။ ဒါပေမဲ့ အဲဒီလူအတွက်တော့ ကိုယ်က ပြီးပြည့်စုံတဲ့သူ ဖြစ်ချင်မှဖြစ်မယ်လေ။ အဲ… အဲဒီလူက သူ့အတွက် ပြီးပြည့်စုံတဲ့ နောက်ထပ်တစ်ယောက်ကို ချစ်မှာပဲ။ ဒါဟာ ထုံးစံပဲ။ အရှင်းကြီး။ အတ္တမကြီးဖို့ပဲ လိုမယ်လို့ ထင်တာပဲ။ တော်ပါပြီ… မစဉ်းစားချင်တော့ဘူး။ နားထောင်လက်စ Adele ရဲ့ Someone Like You သီချင်းကို ပြန်နားထောင်မိသည်။

“Never mind I’ll find… Someone like you…..I wish nothing but the best for you too….”

ကျွန်မ၏ စိတ်တို့သည် လွန်ခဲ့သော တစ်နှစ်ကျော်က ပုံပြင်ဟောင်းတစ်ပုဒ်ကို တွေးတောကာ အတိတ်ပုံရိပ်တို့ နောက်ကို လိုက်လံဖမ်းဆီးဖို့ ကြိုးစားရင်း…

* * * * *

ရွှေဂုံတိုင် မီးပွိုင့်ကြီးနဲ့ မနီးမဝေး နေရာတစ်ခုတွင် ဖြစ်ပါသည်။ ရန်ကုန်မြို့ရဲ့ ညဦးယံအချိန်မှာ လမ်းမပေါ်က မာကျူရီမီးလုံးများနဲ့ တိုက်တာ အဆောက်အအုံတွေကလာတဲ့ မီးရောင်အချို့ဟာ ကောင်မလေးတစ်ယောက်ရဲ့ ပါးပြင်ပေါ်က မျက်ရည်များကိုတော့ မြင်သာထင်ရှားနိုင်အောင် အလင်းရောင် ပေးစွမ်းနိုင်ခဲ့ပါတယ်။ ဆူညံနေတဲ့ ဘတ်စ်ကားသံတွေ၊ လမ်းမပေါ်က ပြေးလွှားလှုပ်ရှားနေတဲ့သူတွေ၊ စျေးရောင်းနေတဲ့သူတွေ၊ ဆောက်လက်စ ဂုံးကျော်တံတားကြီးပေါ်က အလုပ်မသိမ်းကြသေးတဲ့ အလုပ်သမားတွေရဲ့ အလုပ်လုပ်သံတွေနဲ့ အဆောက်အအုံတွေက ဖွင့်ထားတဲ့ သီချင်းသံတွေကတော့ သူမနဲ့ ဘာဆိုဘာမှ မဆိုင်သလိုကိုပဲ ပုံမှန်လည်ပတ်နေကြတာပါ။ တကယ်တမ်း အဲ့ဒီအချိန်တုန်းက သူမရင်ထဲက ခံစားချက်တွေကို ကူညီနားလည်ပေးနိုင်တာက ဖွဲဖွဲလေးရွာနေတဲ့ မိုးစက်တွေပဲ ရှိတယ် ထင်တာပဲ။

မောင်… မောင်ကရော…

ကျွန်မရင်ထဲက ခံစားနေရတဲ့ အဖြစ်အပျက်တွေကို မြင်နိုင်လို့၊ ခံစားပေးနိုင်လို့ ၀မ်းနည်းနေတာလား။ ဒါမှမဟုတ်… သူ ဘာမှမတတ်နိုင်တဲ့ ကိစ္စတစ်ခုလို ယူဆထားပြီး သူ့ကိုယ်သူ အပြစ်မကင်းသူလို့ သံသယရှိတာရယ်ကြောင့်ပဲ ၀မ်းနည်းဟန်ပြု၊ ၀မ်းနည်းဟန်ဆောင်နေတာလား။ ကျွန်မ မသိရပါ။ သိလည်း မသိချင်ပါ။ မောင့်ကို ကြည့်ရတာတော့ ၀မ်းနည်းနေပုံပါပဲ။ ဒါပေမဲ့ မောင် မျက်ရည်ကျမနေတာတော့ လုံးဝသေချာပါသည်။ သိပ်မရွာတဲ့ မိုးဖွဲဖွဲလေးကိုပဲ ထီးဆောင်းထားလို့ပေါ့။ အရင်လို ကျွန်မဘေးနားကို အရမ်းကပ်မနေတဲ့ မောင်ရယ်၊ နှစ်ယောက်အတွက် အပြည့်အဝ ကာကွယ်ပေးမထားနိုင်တဲ့ ထီးလေးရယ်နဲ့ဆိုတော့ နှစ်ယောက်လုံး မိုးစိုတာပေါ့နော်။
“ရပါတယ်မောင်… ချယ်ရီ ဒီမှာ ဆက်နေချင်သေးတယ်။ မောင် ပြန်နှင့်ပါ…”

ကျွန်မ ဘာဖြစ်လို့ သူ့ကို မောင်လို့ ဆက်ခေါ်နေမိသေးတာလဲ။ အမှန်ဆို ရှင်းနေပြီလေ။ သူ့စကားအတိုင်းသာဆို ကျွန်မတို့ နှစ်ယောက်က ချစ်သူတွေမှ မဟုတ်တော့တာ။ သူ့မှာ ချစ်သူအသစ်တစ်ယောက် ရသွားခဲ့ပြီတဲ့။ အမှန်တကယ် ချစ်ရတဲ့သူ၊ သူ့ဘဝနဲ့ကိုရင်းပြီး ချစ်ရတဲ့သူ၊ သူ့ကို အပြည့်အဝ နားလည်ပေးနိုင်တဲ့သူ တစ်ယောက်နဲ့ ချစ်သူဖြစ်သွားခဲ့ပြီလေ။ ပြီးတော့ သူ ကိုယ်တိုင်ကပဲ “မောင်တို့နှစ်ယောက် သူငယ်ချင်းလိုပဲ ဆက်နေကြရအောင်” လို့ ပြောခဲ့ပြီးပြီပဲ။ ကျွန်မ တွေးရင်းကပင် ရှိုက်မိသွားသည်။

“ကိုနိုင်မင်းခန့်… ပြန်နှင့်ပါလား… ကျွန်မ…”

“မောင်” ဆိုတဲ့ စကားလုံးအစား နာမည်ရင်းကို ကျွန်မအတတ်နိုင်ဆုံး အသံမာမာနဲ့ ကြိုးစားပြောကြည့်တော့ စကားကိုတောင် ဆုံးအောင် မပြောနိုင်ခဲ့ပါဘူး။ ကျွန်မလှည့်ပြီး ပြေးထွက်လာခဲ့မိတာပါ။ သူလည်း ကျွန်မကို ဆွဲမထားပါပဲနဲ့ကို ပြေးလာခဲ့မိတာပါ။

* * * * *

၀ရံတာတံခါးကို ကျောမှီထိုင်ပြီး ဒူးပေါ် မျက်နှာအုပ် ငိုခဲ့ရတဲ့ ညတွေ၊ သူငယ်ချင်းတွေက မောင့်အကြောင်း ပုတ်ခတ်ပြီး ကျွန်မကို ၀မ်းမနည်းဖို့ ချော့ခဲ့တဲ့ ညတွေ၊ မောင့်အကြောင်းတွေးရင်း အိပ်မရလို့ထပြီး မောင် ပေးခဲ့တဲ့ လက်ဆောင်တွေကို အမှိုက်ပုံးထဲ ထည့်ရတဲ့ညတွေ အဲ့ဒီညတွေများစွာ ကျော်ဖြတ်ပြီးနောက်မှာတော့ ကျွန်မ အလုပ်အသစ်ကို ပြောင်းခဲ့ပါတယ်။ (အရင်အလုပ်က မောင့်သင်တန်းနဲ့ အရမ်းနီးနေတာကြောင့် ထွက်ခဲ့တာလည်း ပါတာပေါ့နော်။) ဘယ်လိုပဲဖြစ်ဖြစ်ပါ… အခုဆိုရင် ကျွန်မဟာ မောင်နဲ့အတူတူ စားခဲ့တဲ့ ခေါက်ဆွဲဆိုင်ကို တစ်ယောက်ထဲသွားနိုင်ပြီလေ။ ခေါက်ဆွဲဆိုင်က အဒေါ်ကြီးမေးတဲ့ “တစ်ယောက်ထဲလား” ဆိုတဲ့ မေးခွန်းကိုတောင်  ပြုံးပြီး “တစ်ယောက်ထဲရှင့်” လို့ ပြန်ဖြေနိုင်ပြီပဲကို..။ ပြီးတော့ အရင်ကထက် ပိုငြိမ်သွားသလို နည်းနည်း ရင့်ကျက်လာသလိုပဲ။

ကျွန်မ အသစ်ဝင်လိုက်တဲ့ လက်ဝတ်ရတနာ ကုမ္မဏီက တော်တော်လေး အဆင်ပြေပါတယ်။ အတူလက်တွဲ လုပ်ရတဲ့ ၀န်ထမ်းတွေက ဖော်ရွေရုံမကပဲ လက်တွဲခေါ်ကြတယ်လေ။ ပြီးတော့ ရင်းနှီးပြီးသားဖြစ်တဲ့ စာရင်းကိုင် လုပ်ငန်းဖြစ်လို့ ကျွန်မအတွက် ဘဝအသစ်တစ်ခုကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်တာပေါ့။ ဒါပေမဲ့ ရင်ထဲက အနာက အခုမှ အနာကျက်ကာစလေးဆိုတော့ ဂရုစိုက်ရတယ်ရှင့်။ အပွန်းအပဲ့ မခံဘူး။ ထိခိုက်မိလို့ မရဘူး။ အနာက အချိန်မရွေး ပြန်ရင်းသွားနိုင်တယ်။ အချိန်ကြာလာလို့ အနာကျက်ပြီး အနာဖေးလေး ကွာသွားခဲ့ရင်တော့ အသစ်လုံးလုံး ဖြစ်ပါပြီလေ။ အဲဒီအချိန်ကျရင် အကြောင်းတိုက်ဆိုင်လို့ အနာရွတ်လေးက ထပြီး ယားယံရင်တောင် ကျွန်မ မိမှာ အမှန်ပဲ။

အလုပ်ထဲမှာ ကျွန်မအတွက် အားပေးဖော်လည်း ဖြစ်၊ ခင်မင်ဖို့လည်း ကောင်းတဲ့ မောင်လေးတစ်ယောက် ရလိုက်တယ် ရှင့်။ သူ့နာမည်က ဂျွန်မိုးသဲတဲ့။ ကျွန်မအတွက်မှ မဟုတ်ပါဘူး။ အလုပ်ထဲက ၀န်ထမ်း တော်တော်များများက သူ့ကို ချစ်လည်း ချစ်၊ ခင်လည်း ခင်ကြတယ်။ အားလုံးက သူ့ကို ချစ်စနိုးနဲ့ မိုးသဲလို့ ခေါ်ကြတယ်။ သူက ကျွန်မနဲ့ အလုပ်လုပ်ရတဲ့ အခန်းချင်း မတူပါဘူး။ လက်ဝတ်ရတနာတွေကို ဒီဇိုင်းဆွဲရတာက သူ့တာဝန်ဖြစ်ပြီး တစ်ပတ်မှ သုံးရက်ပဲ ရုံးတက်တဲ့သူပါ။

ကျွန်မကို သူနဲ့ပထမဆုံး မိတ်ဆက်ပေးတဲ့နေ့က အမှတ်ရစရာလေး ရှိသေးတယ်။ သူ ရုံးတက်တော့ ကျွန်မနဲ့ လုပ်ဖော်ကိုင်ဖက် စံအိက မိတ်ဆက်ပေးတာပါ။ ငယ်ရွယ်တဲ့ ယောက်ျားလေးတစ်ယောက်ဖြစ်ပေမဲ့ ဂျွန်မိုးသဲက အတော်လေးကို သပ်ရပ်သန့်ရှင်းပြီး ကျော့နေအောင် နေတတ်တယ်လို့ ဆိုရင်တောင် ကျွန်မ မလွန်ပါဘူး။ ခန္ဓာကိုယ်နဲ့ လုံးဝကို Fit ဖြစ်နေတဲ့ အရောင်ဖျော့ အကျီလေးပေါ်မှာမှ ဂျိုင်းပြတ်ကုတ်လေးတွေကို ၀တ်လေ့ရှိပါတယ်။ ပြီးတော့ သူ့ရဲ့ ဂျိုင်းပြတ် ကုတ်လေးတွေမှာ တိုင်းရင်းသားရိုးရာ ချည်အဆင်လေးတွေကို ဒေါင်လိုက် ထည့်ချုပ်ထားသေးတယ်။ (နောက်ပိုင်း သူနဲ့ အတော်ရင်းနှီးလို့ မေးကြည့်တော့မှ ကိုယ်တိုင် ဒီဇိုင်းဆွဲပြီး ချုပ်ဝတ်တယ် ပြောတယ်။) စတိုင်ဘောင်းဘီကိုလည်း သူ့အရပ်အမောင်းနဲ့ ကွက်တိဖြစ်အောင် ချုပ်ဝတ်တတ်သေးတယ်။ ကဲ ကျွန်မတောင် ဒီခေတ်ကြီးထဲမှာ ဘာမဆို ရယ်ဒီမိတ်ပဲ အားကိုးနေတာ။ ကိုဂျွန်မိုးသဲကတော့ အခုပဲ ရုပ်ရှင်သွားရိုက်တော့မဲ့အတိုင်း။ ရုပ်ရည်လေးကလည်း အချောကြီးမဟုတ်တောင် လူရည်သန့်ထဲမှာ ပါနေတယ်လေ။ ဒီတော့… ကျွန်မမိချယ်ရီကလည်း ကြည့်မိသည်ပေါ့။

စံအိက မိတ်ဆက်တော့ သူက နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးနဲ့ “အခက်အခဲရှိလို့ အကူအညီလိုရင် ကျွန်တော့်ကို ပြောနော် အစ်မ၊ အားမနာပါနဲ့” တဲ့။ သူ့အခန်းထဲ ၀င်သွားတာကို ကျွန်မပြုံးပြီး ကြည့်နေမိတော့ စံအိက ပြောပါတယ်။

“မိန်းကလေး… ကိုင်းမှားပြီး နားမိနေမယ်နော်” တဲ့…

မချိုမချဉ် မျက်နှာပေးနဲ့ စံအိစကားကို ကြားတော့ ကျွန်မ မျက်မှောင်လေးကုတ်ပြီး…

“ဘာလဲ… မိန်းမရှိသလား…” လို့ ခပ်သွက်သွက် မေးလိုက်မိတယ်။

စံအိက သူ့လက်ကလေး နှစ်ချောင်းကိုထောင်ပြီး ကွေးချည်ဆန့်ချည် လုပ်ပြတယ်။

“ဘာလဲ အဲဒါက… ဘာအဓိပ္ပါယ်လဲ…”

ကျွန်မမေးတော့ စံအိက တစ်ချက်ပြုံးပြီး ဖြေပါတယ်။

“သူက Gay”

“…………..”

* * * * *

ယောက်ျားစစ်စစ်ပါဆိုပြီး တာဝန်မဲ့တဲ့သူတွေ၊ ခိုးဆိုးလုယက်နေတဲ့ သူတွေလည်း အများကြီးပဲကို။ အဓိကက မိမိကိုယ်ကို ကောင်းအောင် ကြိုးစားဖို့ပဲ။ ဂျွန်မိုးသဲနဲ့ စကားပြောဖြစ်ခဲ့တာလေးတွေကို တွေးရင်း ကျွန်မ ပြုံးနေမိပါတယ်။

“မောင်လေး… ချယ် တစ်ခုမေးမယ်နော်။ စိတ်မဆိုးနဲ့ဦး”

အလုပ်ထဲမှာ ခြောက်လလောက် လုပ်ကိုင်ရင်းနှီးနေပြီဖြစ်လို့ ကျွန်မဂျွန်မိုးသဲကို ကိုယ့်မောင်လေး တစ်ယောက်လို သဘောထားပြီး မောင်လေးလို့ပဲ ခေါ်ဖြစ်ပါတယ်။

“ဒီလူနဲ့ ဒီလူအစ်မရယ်… ဘာစိတ်ဆိုးစရာရှိလဲ… မေးလေ…”

“ဟို… မင်း ဘာလို့ မိန်းကလေးတွေကို မကြိုက်တာလဲ။ မဟုတ်ဘူး… ချယ် ပြောချင်တာ သဘောရိုးနဲ့ပါနော်။ ကိုယ့်မောင်လေးကို ဖြစ်စေချင်တာပါ”

မိုးသဲက ဟက်ဟက်ပက်ပက်လေး ရယ်သည်။ ပြီးတော့ ကျွန်မမေးခွန်းကိုပဲ ထပ်ဆင့်မေးသည်။

“ဖြစ်စေချင်တာဆိုတာ ဘာကိုလဲ အစ်မရဲ့… ဘာဖြစ်စေချင်တာလဲ”

“အင်း… ယောက်ျားစစ်စစ် ဖြစ်စေချင်တာကို ပြောတာလေ”

“ဘာတွေ ကွာခြားသွားမှာလဲ အစ်မ”

“အို… မင်းလို ထူးချွန်ထက်မြက် သွက်လက်တဲ့လူသာ ယောက်ျားလေးစစ်စစ် ဖြစ်ရင်လေ မင်းကို သားမက် တော်ချင်တဲ့သူတွေ အများကြီး ဖြစ်နေမှာ။ ပြီးတော့ ကောင်မလေးတွေလည်း ဝိုင်းဝိုင်းကို လည်နေမှာပေါ့ကွ…”

“ကျွန်တော်မှ မိန်းကလေးတွေကို စိတ်မဝင်စားတာ အစ်မရဲ့”

သူ ကျွန်မကို သေချာကြည့်ပြီး ပြောလိုက်ကာမှ ကျွန်မအဖြေ မှားသွားပြီဆိုတာ သိလိုက်ရတယ်။ ဒါပေမဲ့ ကျွန်မ မလျော့သေးပါ။

“မဟုတ်ဘူးလေ… ချယ်ပြောချင်တာက”

“အင်း… ဟင်း…”

ကျွန်မ အတင်းကြပ်တော့မယ်ဆိုတာကို ကြိုသိနေဟန် အပြုံးဖြင့် မိုးသဲက ပါးစပ်တင်းတင်းစေ့လျက် ထောက်ခံနေသည်။

“ချယ်ပြောချင်တာက တစ်ကယ်လို့ မင်းသာ ယောက်ျားလေးစစ်စစ် ဖြစ်ခဲ့ရင် မင်းကို လူတွေလည်း ပိုလေးစားမယ်။ ပိုနေရာ ပေးမယ်။ ပိုအထင်ကြီးမယ်။ အို… ကုန်ကုန်ပြောရရင် မကဲ့ရဲ့ချင်တော့ဘူးပေါ့… နှာခေါင်း မရှုံ့ချင်တော့ဘူးပေါ့ကွ။ စေတနာနဲ့ပါနော်”

“ဟုတ် အစ်မ… အခုလို နေတော့ကော အစ်မက ကဲ့ရဲ့ချင်လို့လား၊ နှာခေါင်းရှုံ့ချင်လို့လား၊ အထင်မကြီးလို့လား။ ဒါမှမဟုတ် အလုပ်ထဲက လူတွေကများ ကျွန်တော့်ကို ကွယ်ရာမှာ…”

“အဲ… အဲလို မဟုတ်ဘူး မောင်လေး။ တကယ် မဟုတ်တာ။ အလုပ်ထဲက လူတွေက မောင်လေးကို ကွယ်ရာမှာ မကောင်း မပြောကြပါဘူးဟ။ အားလုံး မင်းကို ဒီလောက် ခင်ကြတာ။ မင်းလည်း အသိပဲလေ”

“ဒါဆို အစ်မကကော…”

“ကဲ ကိုဂျွန်မိုးသဲ… ရှင့်ကို ကြပ်မဲ့ဟာ ကျုပ်က ပြန်အကြပ်ခံနေရပြီ။ ရှင့်ကို ကျုပ်က ကဲ့ရဲ့ချင်တယ်၊ ရှုတ်ချချင်တယ်ဆိုရင် ဒီလိုတောင် ထိုင် စကားပြောမနေတော့ဘူး။ ထားလိုက်တော့… ဒီစကား ဒီမှာပဲ… ဟွန်း…”

တကယ်လည်း ဟုတ်ပါတယ်။ ကျွန်မ အရင်က ဂေးတွေနဲ့ ရင်းရင်းနှီးနှီး မနေဖူးပါဘူး။ သူငယ်ချင်းလည်း မဖြစ်ဖူးဘူး။ ဇာတ်ကားတွေမှာ မြင်ဖူးတယ်။ စာအုပ်တွေထဲ ဖတ်ဖူးတယ်။ ဒါပေမဲ့ လက်တွေ့မှာ ကျွန်မ ရင်းနှီးမိတော့ ဇာတ်ကားတွေထဲကလို မဟုတ်ပြန်ဘူး။ တကယ်တမ်း ကြည့်မယ်ဆို လူတစ်ယောက်ရဲ့ စာရိတ္တက သူကိုယ်တိုင်ပေါ်မှာပဲ မူတည်တာပါ။ အားလုံးကို ဝါးလုံးရှည်နဲ့ ပတ်ရမ်းပြီး မကောင်းဘူး ပြောလို့မရဘူး။ ဂေးတွေကို ခွဲခြားတတ်တဲ့သူတွေ၊ ရှုတ်ချတဲ့သူတွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်ကိုတော့ ပြန်မသုံးသပ်ကြဘူး။

ဥပမာ ဂျွန်မိုးသဲ… အလုပ်ပိုင်းဆိုင်ရာမှာဆိုရင်လည်း တိကျသေသပ်တယ်။ စည်းစနစ်ကျတယ်။ လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာလည်း ကူညီတယ်။ လက်တွဲခေါ်တယ်။ အလုပ်ထဲက လူတွေကလည်း မိုးသဲမှ မိုးသဲ။ မကောင်းပြောတဲ့သူ မရှိပါဘူး။ အားလုံးကသူ့ကို ခင်တယ်။ ချစ်တယ်။ ကဲ.. သူ မပြောပေမဲ့ ကျွန်မ နားလည်သွားပါပြီ။ ယောက်ျားစစ်စစ်ပါဆိုပြီး တာဝန်မဲ့တဲ့သူတွေ၊ ခိုးဆိုးလုယက်နေတဲ့ သူတွေလည်း အများကြီးပဲကို။ အဓိကက မိမိကိုယ်ကို ကောင်းအောင် ကြိုးစားဖို့ပဲ။ ဂျွန်မိုးသဲနဲ့ စကားပြောဖြစ်ခဲ့တာလေးတွေကို တွေးရင်း ကျွန်မ ပြုံးနေမိပါတယ်။ ပြီးတော့ လုပ်ငန်းခွင်ထဲက သူ့ရဲ့လှုပ်ရှားမှုလေးတွေကို ပြန်လည်မြင်ယောင်မိတယ်။ ဘယ်သူကများ (မပြောပြထားခဲ့ရင်) သူဟာ ဂေးတစ်ယောက်ပါလို့ ထင်လိမ့်မလဲနော်။

ဘုရားရေ… ကျွန်မ သူ့ကိုများ ချစ်မိနေသလား။ သေချာပါတယ်။

ကျွန်မ သူ့ကို… မောင်လေးတစ်ယောက်လို ချစ်နေမိပါတယ်။

* * * * *

“အချစ်ဆိုတာ ဘာလဲဟင်… မိုးသဲရော အချစ်ကို ဘယ်လို နားလည်ထားလဲ”

စံအိ… ညစ်ပြီ။ တော်တော် မကောင်းတဲ့ မိန်းမ။ မနက်က ကျွန်မ ရုံးရောက်တော့ မိုးသဲကို မတွေ့လို့ စံအိကို ရွှတ်နောက်ပြီး မေးလိုက်တယ်။

“ချစ်လေး ရုံးမတက်ဘူးလား” လို့… ဒါကို အထအနကောက်ပြီး စံအိက အခုထမင်းဝိုင်းထဲမှာ ပြုံးဖြီးဖြီးနဲ့ ကျွန်မကိုတစ်လှည့် မိုးသဲကို တစ်လှည့်ကြည့်ပြီး မေးတယ်။

“အချစ်ဆိုတာ ဘာလဲဲဟင်… မိုးသဲရော အချစ်ကို ဘယ်လိုနားလည်ထားလဲ”

မိုးသဲကတော့ ရွှတ်နောက်နောက်နဲ့ပဲ ပြန်ဖြေပါတယ်။

“စိုင်းစိုင်းခမ်းလှိုင် ပြောသလိုပဲပေါ့ အစ်မရယ်။ အချစ်ဆိုတာ… ချစ်နေဖို့ပဲ လိုပါတယ်ပေါ့”

မိုးသဲရဲ့ အဖြေကိုကြားတော့ ကျွန်မ ပြုံးမိတယ်။ တစ်ချိန်တည်းမှာပဲ မောင့်ကို သတိရသွားတယ်။ စံအိကတော့ မလျော့သေးပဲ ထပ်မေးပြန်တယ်။

“မဟုတ်ဖူးလေ မိုးသဲရဲ့ တကယ်လို့များ မိုးသဲကို မိန်းကလေးတစ်ယောက်က အရမ်းချစ်ကြိုက်နေတယ် ဆိုပါစို့။ ပြီးတော့ သူ့မှာ ဘာမှလည်း အပြစ်ပြောစရာကလည်း မရှိပြန်။ ဒါဆို မောင်လေး ပြန်မကြိုက်နိုင်ဘူးလား။ ဖြစ်လာနိုင်တယ် မဟုတ်လားဟင်…”

“အစ်မ… အစ်မ ဒညင်းသီး ကြိုက်လား”

စကားအဆက်အစပ် မရှိတာရယ်ကြောင့် ရုတ်တရက် စံအိ ကြောင်တောင်တောင် ဖြစ်သွားပုံနဲ့…

“ဟင့်အင်း… အစ်မ မကြိုက်ပါဘူး။ နံတယ်”

“အစ်မ ချယ်ရီရော… ဒညင်းသီး ကြိုက်လား”

“ချယ်ကတော့ ကြိုက်တယ်ရယ်လို့ မဟုတ်ပေမဲ့ စားဖြစ်ပါတယ်။ ဘာလို့လဲဟင်…”

“ကျွန်တော်ကတော့ ဒညင်းသီးကို တော်တော်ကြိုက်တယ် အစ်မတို့ရဲ့… ဒညင်းသီးကို ဘယ်လိုစားစား အရမ်းကြိုက်တာပဲ။ ကင်စားမလား၊ ပြုတ်စားမလား၊ ချက်စားမလား သိပ်ကောင်းပေါ့။ အစ်မစံအိက ဒီလောက်ကောင်းတဲ့ ဒညင်းသီးကို မကြိုက်တာ ဘာလို့လဲ။ ကျွန်တော်တော့ မစဉ်းစားတတ်ပါဘူး။ အစ်မအတွက် ဒညင်းသီး ကောင်းကောင်းလေး ပြုတ်ပေးခဲ့မယ်။ အစ်မ မကြိုက်နိုင်ဘူးလား။ ကြိုက်လာနိုင်တယ် မဟုတ်လားဟင်။”

“အို… အစ်မက ဒညင်းသီးကြိုက်ဖို့၊ စားဖို့ မဆိုထားနဲ့၊ စားထားတဲ့သူနဲ့ စကားတောင် ပြောလို့ မရဘူးကွဲ့”

“ဟုတ်လားအစ်မ… သေချာတာပေါ့အစ်မရဲ့… အစ်မမှ မကြိုက်တတ်တာကိုးနော်။ အဲ့လိုပဲ အစ်မရဲ့ ကျွန်တော်လည်း မိန်းကလေးတွေကို လုံးဝမှမချစ်တတ်၊ မကြိုက်တတ်ဘူးလေ။ ဘာလို့လဲဆိုတော့… ကျွန်တော်ဟာ ဒီလိုပဲ မွေးလာလို့ပေါ့ အစ်မရဲ့။ လူတွေရဲ့ လိင်စိတ်ခံယူမှုနဲ့ လိင်ဝိသေသ သတ်မှတ်ချက်တွေက အမျိုးမျိုးရှိတယ် အစ်မရဲ့… မတူနိုင်ဘူးလေ။ အချို့က ကိုယ့်ကိုယ်ကို ယောကျ်ားလေးလို့ သတ်မှတ်တယ်။ တကယ်လည်း သူက ယောကျာ်းလေးပဲ။ ဒါပေမဲ့ သူ ရင်ခုန်တာ ယောက်ျားလေး အချင်းချင်းပဲ ဖြစ်နေနိုင်တာပဲ။ အချို့က ယောက်ျားလေး ဖြစ်နေပေမဲ့ ကိုယ့်ကိုယ်ကို မိန်းကလေးတစ်ယောက်လို့ပဲ သတ်မှတ်တယ်။ သူ ရင်ခုန်ချစ်မြတ်နိုးတာကလည်း ယောက်ျားလေးတွေကိုပဲ ဖြစ်နေတတ်တယ်။ ခဏက ဒညင်းသီးလိုပဲပေါ့။ ကြိုက်တဲ့လူ ရှိတယ်။ မကြိုက်တဲ့လူ ရှိတယ်။ အချို့က ကင်တာကို မကြိုက်ပြန်ဘူး။ အရသာပျက်လို့တဲ့။ အချို့က အစိမ်း မစားနိုင်ဘူး။ အရသာပျင်းလို့တဲ့။ ဆိုတော့…. တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်း မတူတာကို မူမမှန်ဘူး ပြောလို့မှ မရတာ။ ပြီးတော့ အဲဒီလိင်စိတ်ခံယူမှု၊ လိင်ဝိသေသ သတ်မှတ်ချက်တွေက ရွေးချယ်လို့ရတဲ့ အရာတွေလည်း မဟုတ်ဘူးလေ။ ကျွန်တော်ပြောတာကို အစ်မသဘောပေါက်မယ်လို့ ထင်တာပဲ…”

မိုးသဲက အစပိုင်း ဒညင်းသီးအကြောင်း မေးတော့ စကားလမ်းကြောင်း လွဲတယ်ပဲ ထင်ခဲ့တာ။ တယ်လည်း စကားတတ်တဲ့ ကောင်လေးပဲ။ အခုကြည့်လေ… စံအိတစ်ယောက် မျက်လုံးကလည်ကလည်၊ ခေါင်းတညိတ်ညိတ်နဲ့ ဘာမှကို ပြန်မပြောနိုင်ရှာဘူး။ ငြိမ်သွားတဲ့ စကားဝိုင်းလေးကို ကျွန်မကပဲ လှုပ်ရှားလာအောင် စတင်လိုက်ရပါတယ်။

“ဒါနဲ့… မောင်လေးရဲ့ မိဘတွေကော… မောင်လေး ဘယ်လိုဆိုတာ သိကြလား…”

မိုးသဲက ပြုံးခြင်းနှင့် ခေါင်းညိမ့်ခြင်းကို တစ်ပြိုင်တည်း လုပ်လိုက်သည်။ စံအိက အရမ်းသိချင်ဟန်ဖြင့်…

“သူတို့ ဘာပြောလဲဟင်… လက်ခံကြလား”

“အစပိုင်းတော့ ဘယ်လက်ခံမလဲ အစ်မရဲ့… လူတွေ မုန်းတဲ့အရာကို သူတို့သားကို မဖြစ်စေချင်ကြဘူးလေ။ ဒါပေမဲ့ ကျွန်တော့်အနေအထိုင်၊ အသွားအလာတွေမှာ သူတို့ အပြစ်ဆိုစရာလည်း မရှိ၊ ကျွန်တော် ကိုယ်တိုင်ကလည်း ကိုယ့်ကိုသူများ မျက်မုန်းကျိုးအောင် မနေတော့ နောက်ပိုင်း လက်ခံသွားကြတယ်။ အရေးကြီးတာက ကိုယ့်ရဲ့ စာရိတ္တပါပဲ…”

ကျွန်မနဲ့ စံအိကလည်း ထောက်ခံတဲ့ပုံနဲ့ ခေါင်းတညိတ်ညိတ်ပေါ့။ သေချာပါတယ်။ မိုးသဲလို လူတစ်ယောက်ရဲ့ အနေအထိုင်တွေ၊ အပြုအမူတွေက အပြစ်ပြောစရာမှ မရှိပဲကိုး။

“လာမယ့် တနင်္ဂနွေညနေ (၆) နာရီလောက် အစ်မတို့နှစ်ယောက် ကျွန်တော့်ကို အချိန်ပေးနိုင်မလား”

“ဘာလို့လဲဟင်…”

“အစ်မတို့ကို ကျွန်တော် ညစာစား ဖိတ်မလို့ပါ။ ပြီးတော့ ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူရဲ့ ချစ်သူသက်တမ်း တစ်နှစ်ပြည့်တဲ့ ပွဲလေးလည်း ဟုတ်တယ်။ အစ်မတို့ လာနိုင်မလားဟင်”

“ဟယ်…”

ကျွန်မရော စံအိပါ အံ့သြတကြီးနဲ့ ပြိုင်တူအော်လိုက်မိတယ်။

“ကြည့်စမ်း… မင်း ချယ့်ကို မပြောပြပဲ ဒိုင်လျိုထားတာပေါ့လေ။ တစ်နှစ်ပြည့်မှပဲ သိရတယ် ဟုတ်စ…”

“မဟုတ်ဘူး အစ်မရဲ့ ကျွန်တော် ဘယ်သူ့ကိုမှ ပြောတာ မဟုတ်ဘူးရယ်။ အစ်မတို့ကို ကိုယ့်အစ်မအရင်းလို ခင်လို့ ပြောတာ အစ်မရဲ့…”

“ဟုတ်ပါပြီတဲ့ရှင်… ကျွန်မလာဖြစ်အောင်ကို လာခဲ့ပါမယ်နော်… ဟုတ်ပြီလား။”

“ဒါပေမဲ့ ငါက အဲဒီနေ ပဲခူးပြန်ရမှာလေဟယ်။ ဘယ်လိုလာနိုင်မလဲ။”

စံအိက စနေတနင်္ဂနွေဆိုလျှင် အိမ်ပြန်တတ်သည်ဖြစ်ရာ နှုတ်ခမ်းလေးစူပြီး ထပြောသည်။

“ေဩာ်… အစ်မရယ် ဒီတစ်ခါ မကြံုရင် နောက်တစ်ခါပေါ့။ မဟုတ်ဘူးလား။ နောက် မတွေ့ရမဲ့သူတွေလည်း မဟုတ်။
“ချစ်သူသက်တမ်းက (၁) နှစ်တောင်ပြည့်ပြီဆိုတော့ တော်တော်ချစ်ကြမှာပေါ့နော်…”
စံအိက ထုံးစံအတိုင်း စပ်စပ်စုစု မေးသည်။

“သူက ကျွန်တော့်ကို တော်တော် နားလည်ပေးတယ်။ သူ့ကို ကျွန်တော် အကြွေဆုံးအချက်က အရင်က သူက သူ့ကိုယ်သူ ၀န်မခံရဲဘူးလေ။ ပြီးတော့ လူတွေကိုလည်း အသိမခံရဲဘူး။ ပြောရရင် အပုန်းပေါ့ အစ်မရယ်။ ဒါပေမဲ့ သူ ကျွန်တော့်ကို ချစ်တဲ့စိတ် တစ်ခုတည်းနဲ့ အားလုံးနဲ့ အတိုက်အခံလုပ်၊ အားလုံးကို စွန့်လွှတ်နိုင်ရဲတဲ့ သတ္တိပေါ့။ ပြီးတော့ ကျွန်တော်တို့ ကတိတစ်ခု ထားထားတယ်။ ဘယ်တော့မှ ခွဲမသွားဖို့၊ တစ်သက်လုံး အတူနေသွားဖို့ပေါ့ အစ်မရယ်”

“အိုး… အမေရေ အားကျလိုက်တာ… သမီးကိုလည်း အဲဒီလို ရိုမန့်တစ်ဖြစ်တဲ့ ချစ်သူတစ်ယောက်လောက် ရှာပေးပါဦး”

စံအိက အားပါးတရကြီး ပြောချလိုက်တော့ ကျွန်မ မနေနိုင်ပဲ အော်ရယ်လိုက်မိပါတယ်။ ဂျွန်မိုးသဲကတော့ မျက်လုံးထဲမှာတင် သူ့ချစ်သူအတွက် ကျေနပ်ပီတိတွေကြောင့် ပျော်ရွှင်နေတဲ့ အရိပ်အယောင်တွေ ပေါ်လွင်နေပါတယ်။

ထမင်းစားလို့ပြီးတော့ ကျွန်မ အလုပ်စားပွဲမှာ ထိုင်ရင်း မိုးသဲအကြောင်းကို ပြန်စဉ်းစားမိနေပါသေးတယ်။ ကြည့်စမ်း သူ့ချစ်သူနဲ့ တစ်နှစ်ပြည့်ပွဲလေးတဲ့။ တယ်ဟုတ်ပါလား။ သူ့ချစ်သူကတော့ တော်တော်လေးကို ကံကောင်းတဲ့သူ ဖြစ်မှာပဲ။ ဒီလို ပြီးပြည့်စုံတဲ့ ယောက်ျား… အဲ… ဂေး… အဲ မဟုတ်သေးပါဘူး။ ကျွန်မ တွေးရင်း ပြုံးနေမိသည်။ နေပါဦး…။ ကျွန်မ သူ့ကို ကြိုက်နေတယ်လို့များ သူ ထင်နေလို့ အခုလို ဖိတ်တာလား။ အခုမှ စဉ်းစားမိတယ်။ စောစောက စံအိ ထမင်းဝိုင်းမှာ ပြောတဲ့စကားတွေကြောင့် များလား။ အဲဒီလိုဆိုရင်တော့ မှားမယ်နော် ကိုဂျွန်မိုးသဲ။ ဒီက အစ်မအရင်းတစ်ယောက်လိုပဲ သံယောဇဉ်ရှိတာ။ ကျွန်မအတွေးတွေနဲ့မျောပြီး အလုပ်ကို မနည်း အာရုံစိုက်လိုက်ရသည်။

* * * * *

ဟုတ်တယ်။ လူတစ်ဦးနဲ့ တစ်ဦး ချစ်နေတယ်ဆိုတာကိုက ကောင်းမြတ်ခြင်းတစ်ခုပဲလေ။ ယောက်ျားဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်းဆိုတာထက် ချစ်ခြင်းတစ်ခုကြောင့် လူတွေ ကြည်နူးရတာ၊ ပျော်ရွှင်ရတာ၊ သတ္တိတွေ ရှိလာတာ၊ ရဲရင့်လာတာ၊ နူးညံ့သိမ်မွေ့ရတာ… အိုး… ကုန်ကုန်ပြောရရင် အပေါင်းလက္ခဏာဆောင်တဲ့ အချက်တွေပဲ မဟုတ်လား။

ထုံးစံအတိုင်း တနင်္ဂနွေညနေသည် ကားကြပ်လျက် ရှိသည်။ ဒါကို ကြိုသိလို့လည်း အချိန်စောပြီး ထွက်လာခဲ့သည်။ ဒါကိုပင် ကားက အရင်ထက် ပိုကြပ်နေသေးသည်။ ကျွန်မ ငှားလာတဲ့ တက္ကစီသမားကတော့ FM လေးဖွင့်ပြီး စိတ်ရှည်ရှည် မောင်းနေသည်။ ဒါပေမဲ့ ကျွန်မကတော့ လုံးဝ စိတ်မရှည်နိုင်တော့ပြီ။ နောက်ဆုံး လှည်းတန်းမီးပွိုင့်မှာ ရောက်တော့ မိုးသဲပြောတဲ့ ဆိုင်ကို ကားပေါ်ကဆင်းပြီး လမ်းပဲ လျှောက်လာလိုက်တော့သည်။ အဲလိုမှ မဟုတ်ရင် တော်ရုံနဲ့ ရောက်ဦးမှာ မဟုတ်ဘူးလေ။ အခုတောင် နည်းနည်း နောက်ကျနေပြီ မဟုတ်လား။ အချိန်ရရင် သူတို့အတွက် လက်ဆောင်ဝယ်မယ် လုပ်တာ အခုတော့ နောက်ကျသွားပြီ။ ရုံးဖွင့်တဲ့နေ့မှ ရှာဝယ်ပြီး ပေးတော့မည်။

ဟော… ဟိုဆိုင်ပဲ။ ဆိုင်ရဲ့ မှန်ပြတင်းဘေးမှာ အကျီအနီရဲလေး ၀တ်ထားပြီး ဆံပင်ကို ကျော့နေအောင် ဖြီးထားတဲ့ မိုးသဲဟာ အရင်ကထက်ကို ပိုချောနေသလိုပဲ။ အင်းလေ… သူတို့ (၁) နှစ်ပြည့်ဆိုတော့ အကောင်းဆုံး ပြင်ထားမှာပေါ့။ ဘေးတိုက် ထိုင်နေတာကြောင့် မိုးသဲက ကျွန်မကို မတွေ့ပါ။ နေဦး …အသာလေး နောက်ကနေ သွားပြီး ခြောက်ဦးမယ်။ ကျွန်မ ဆိုင်ရှိတဲ့ဖက်ကို လမ်းအလည်ခေါင်ကနေ လမ်းဖြတ်ကူးဖို့ စောင့်ရင်း တွေးနေမိတယ်။

ကျွန်မရဲ့ အတွေးစတွေ၊ ကြည်နူးမှုတွေဟာ မြင်ကွင်းတစ်ခုကြောင့် ၀ါဂွမ်းဆိုင်ပေါ် မီးခဲကျသလို ဆုံးပါး ကြေပျက်သုန်းသွားခဲ့ရပါတယ်။

“မောင်…”

ကျွန်မ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

ရုတ်တရက်ပဲ ကျွန်မ လမ်းဖြတ်ကူးဖို့ ကြိုးစားနေရင်းက တစ်ဖက်လမ်းကို ဗြုန်းခနဲလှည့်ပြီး ကူးလိုက်မိပါတယ်။ ကျယ်လောင်တဲ့ ကားဟွန်းတီးသံရယ်၊ ကားသမားရဲ့ အော်ဟစ်ပြောဆိုသံကိုတော့ သဲ့သဲ့လေး ကြားလိုက်တယ်။ ဒါပေမဲ့ ဘာ အော်လိုက်သလဲ ကျွန်မ မသိဘူး။ ကျွန်မခေါင်းထဲမှာ အရင်က အကြောင်းတွေ၊ အခု မြင်ကွင်းတွေ၊ မောင် ပြောခဲ့တဲ့ စကားသံတွေနဲ့ကို နောက်ကျိပြီး ဘာဖြစ်သွားမှန်းမသိ ဖြစ်သွားတယ်။

သေချာပါသည်။ မောင်မှ မောင်စစ်စစ်ပါ။ တစ်ချိန်က မြတ်နိုးစွာ ခေါ်ခဲ့ဖူးသည့်မောင် (သို့မဟုတ်) ကိုနိုင်မင်းခန့်ဟာ ဂျွန်မိုးသဲရဲ့ ပုခုံးလေးပေါ် လက်တင်ပြီး အပြုံးဖြင့် တစ်ခုခု မေးနေပုံပဲ။ ထိုင်နေတဲ့ ဂျွန်မိုးသဲကို အပေါ်ကနေရပ်ပြီး ငုံ့ကြည့်နေတဲ့ မျက်ဝန်းတွေ၊ အပြုံးတွေဟာ ကျွန်မနဲ့ ချစ်သူဖြစ်တုန်းကထက်ကို ပိုလို့ဝင်းလဲ့တောက်ပနေသလိုပါပဲလားနော်။ ဒါဆို ဂျွန်မိုးသဲ မိတ်ဆက်ပေးမဲ့သူ့ရဲ့ သိပ်ချစ်ရတဲ့ ချစ်သူဆိုတာ…။

“မောင်တို့နှစ်ယောက် သူငယ်ချင်းလိုပဲ ဆက်နေကြရအောင်လား…”

“မောင် ၀မ်းနည်းစွာနဲ့ ပြောရရင်လေ… မောင့်မှာ ချစ်သူအသစ် ရသွားခဲ့ပြီ။ တကယ်တမ်း မောင် သုံးသပ်လိုက်တော့ မောင် သူ့ကို မောင့်ဘဝနဲ့ကို ရင်းပြီး ချစ်မိသွားတာ”

မောင့်ရဲ့စကားသံများ…။ လမ်းခွဲတဲ့ညက ပြောခဲ့တဲ့ စကားသံတွေ… ပြီးတော့… မိုးသဲ… ဂျွန်မိုးသဲ…

“ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူရဲ့ ချစ်သူသက်တမ်း တစ်နှစ်ပြည့်တဲ့ပွဲလေး…”

“သူ ကျွန်တော့်ကို ချစ်တဲ့စိတ် တစ်ခုတည်းနဲ့ အားလုံးနဲ့ အတိုက်အခံလုပ်၊ အားလုံးကို စွန့်လွှတ်နိုင်ရဲတဲ့ သတ္တိပေါ့။ ပြီးတော့… ကျွန်တော်တို့ ကတိတစ်ခု ထားထားတယ်။ ဘယ်တော့မှ ခွဲမသွားဖို့…၊ တစ်သက်လုံး အတူနေသွားဖို့ပေါ့ အစ်မရယ်”

ကျွန်မ သွေးအေးအေး ထားနိုင်ရန်အတွက် မနည်းကြိုးစားယူလိုက်ရသည်။ လမ်းမဘေးမှာ မတ်တပ်ရပ်၊ မျက်လုံးနှစ်ဖက်ကို ပိတ်၊ စိတ်ငြိမ်ငြိမ်ထား၊ အသက်ပြင်းပြင်း ရှုရှိုက်လိုက်သည်။ ဒါပေမဲ့ ကျွန်မ… ကျွန်မ ဘယ်လိုမှကို စိတ်မထိန်းနိုင်ပဲ ဖြစ်နေရသည်။ နေပါဦး… အခု ကျွန်မ ဘာကို စိတ်ရှုပ်နေတာလဲ။ အခု ကျွန်မ ဘာအတွက် ခံစားနေရတာလဲ။

မောင့်ကြောင့်လား….။ ကျွန်မ မောင့်ကို ချစ်နေသေးတာလား။

ဂျွန်မိုးသဲကြောင့်လား…. မောင်ပြောခဲ့တဲ့ မောင့်ဘဝနဲ့ရင်းပြီး ချစ်ရတဲ့သူဟာ ကျွန်မ မျှော်လင့်ထားသလို မိန်းကလေးတစ်ဦး မဟုတ်ပဲ ဂျွန်မိုးသဲဆိုတဲ့ ကောင်လေး ဖြစ်နေလို့လား။

ဒါမှမဟုတ်… မောင်နဲ့ ဂျွန်မိုးသဲဆိုတဲ့ ယောကျ်ားလေးနှစ်ဦး ချစ်နေကြတယ်ဆိုတာကပဲ ကျွန်မကို စိတ်ရှုပ်ထွေးစေခဲ့တာလား။ မဟုတ်သေးဘူး။ ယောက်ျားလေးနှစ်ဦး ချစ်နေကြတယ်ဆိုတာကို ကျွန်မ လက်မခံနိုင်စရာ အကြောင်းမရှိပါ။ ဂျွန်မိုးသဲ ပြောခဲ့တာတွေ အားလုံးကို ကျွန်မလက်ခံတယ်။ သဘောတူတယ်။ ဒါဟာလည်း ဖြစ်နိုင်တဲ့၊ ဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါပဲ။ ဒါဆို… ဒါဆို ကျွန်မ ဘာအတွက်များ ခေါင်းထဲမှာရော ရင်ဘတ်ထဲမှာပါ ဖော်မပြနိုင်တဲ့ ပူလောင်ရှုပ်ထွေးမူတွေ ဆက်တိုက်ဖြစ်နေရတာလဲ။ ကျွန်မ စိတ်ရှုပ်ရှုပ်နဲ့ လမ်းလျှောက်လာလိုက်တာ အခု ကြည့်လိုက်တော့ ပြည်လမ်းမကြီးပေါ်က ဂျက်ဆန်ဘုရားကျောင်းတောင် ကျော်လာခဲ့ပြီ ဖြစ်သည်။

ကျွန်မ ဘာအတွက် ဒီလောက် ဖြစ်ပျက်သွားသလဲဆိုတာကို အဖြေမထုတ်နိုင်သေးပေမဲ့ ကျွန်မ အဖြေရလိုက်တာ တစ်ခုတော့ ရှိလိုက်သည်။ ချစ်ခြင်းရဲ့ အတိမ်အနက်သည် ဘယ်လောက်ရှိသည်ဖြစ်စေ၊ သေချာတာတစ်ခုကတော့ ချစ်နေကြသည်ဆိုတာကပင် ချစ်ခြင်းရဲ့ အနှစ်သာရတစ်ခု မဟုတ်လား။ မိုးသဲပြောခဲ့တဲ့ အချစ်ဆိုတာ ချစ်နေဖို့ပဲ လိုတယ်ဆိုတာမျိုးပေါ့။ ကျွန်မတွေးရင်းက စိတ်သက်သာသွားရုံမျှမကပဲ သဘောကျစွာပင် ပြုံးမိသည်။

ဒါဟာ အမှန်တရားတစ်ခုပဲပေါ့…

ဟုတ်တယ်။ လူတစ်ဦးနဲ့ တစ်ဦး ချစ်နေတယ်ဆိုတာကိုက ကောင်းမြတ်ခြင်းတစ်ခုပဲလေ။ ယောက်ျားဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်းဆိုတာထက် ချစ်ခြင်းတစ်ခုကြောင့် လူတွေ ကြည်နူးရတာ၊ ပျော်ရွှင်ရတာ၊ သတ္တိတွေ ရှိလာတာ၊ ရဲရင့်လာတာ၊ နူးညံ့သိမ်မွေ့ရတာ… အိုး… ကုန်ကုန်ပြောရရင် အပေါင်းလက္ခဏာဆောင်တဲ့ အချက်တွေပဲ မဟုတ်လား။

တကယ့်ကို လှပတဲ့ အမှန်တရားတစ်ခုပေါ့…။

ကျွန်မ အင်းလျားကန်ဘောင်က လှေကားထစ်လေးတွေကို တစ်ထစ်ခြင်း တတ်လှမ်းရင်းက ပေါ့ပါးစွာ ပြုံးနေနိုင်ခဲ့ပါပြီ။ မနက်ဖြန် အိပ်ယာထရင်တော့ ဒီထက်ပိုပေါ့ပါးနေဦးမယ်။ ပြီးတော့ အဖြေရှာမရတဲ့ ပုစ္ဆာလည်း မေ့သွားမည်။ ထိုပုစ္ဆာရဲ့ အရင်းအမြစ်ဖြစ်တဲ့ မြင်ကွင်းတစ်ခုကိုလည်း မေ့သွားမည်။

ကျွန်မလက်ကိုင်အိတ်ထဲမှ တယ်လီဖုန်းမြည်သံကြောင့် ဖုန်းကို ထုတ်ကြည့်လိုက်သည်။ ဖုန်းပေါ်က ခေါ်ဆိုသူ အမည်လေးကို ပါးစပ်လှုပ်ရုံ ရေရွတ်မိသည်။

“ဂျွန်မိုးသဲ…”

သူ ဖုန်းဆက်လာတဲ့ အချိန်မှာ ကျွန်မအင်းလျားကန်ဘောင်ဘေးကို ရောက်လို့ နေပါပြီ….။

မြတ်သူရ

Leave a Reply

Your email address will not be published. Required fields are marked *