စိတ်ကျရောဂါ

လူတိုင်းဟာ မကြာခဏဆိုသလို ဘဝတစ်လျှောက်မှာ ပျော်ရွှင်မှု၊ ၀မ်းနည်းမှုတွေကို ခံစားရပါတယ်။ ဒီခံစားမှုတွေဟာ အချိန်ခဏအတွင်း ပြန်လည်ပျောက်ကွယ်သွားတတ်ကြပါတယ်။ စိတ်ကျရောဂါကို ခံစားရပြီဆိုရင်တော့ မိမိရဲ့ နေ့စဉ် လှုပ်ရှားဆောင်ရွက်မှုတွေဟာ ပုံမှန်မဟုတ်တော့ဘဲ စိတ်ပျက်စရာတွေကို တွေ့ကြုံရမှာ ဖြစ်ပါတယ်။ စိတ်ကျရောဂါဟာ ခံစားရသူကိုယ်တိုင်သာမကဘဲ ပြုစုစောင့်ရှောက်ပေးတဲ့သူတွေကိုပါ စိတ်မသက်မသာတွေ ဖြစ်စေပါတယ်။ စိတ်ကျရောဂါဟာ မထူးဆန်းဘူး ထင်ရပေမယ့် ပြင်းထန်ပါတယ်။

စိတ်ကျရောဂါဟာ အသွင်အမျိုးမျိုး ရှိပါတယ်။ Major Depression ဆိုရင်တော့ ခံစားရသူဟာ မစားနိုင်၊ မသောက်နိုင်၊ မအိပ်နိုင်နဲ့ နေ့စဉ်အလုပ်တွေကိုပါ မလုပ်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ လူတွေရဲ့ ဘဝမှာ တစ်ကြိမ်အနည်းဆုံး ကြံုတယ်လို့ သုတေသီတွေက ဆိုပါတယ်။ တချို့လူတွေမှာ တစ်ကြိမ်ထက်တောင် ပိုတယ်လို့လည်း ဆိုကြပါတယ်။ Persistent Depression Disorder ဆိုရင်တော့ ရောဂါလက္ခဏာ အနည်းငယ်သာပြပြီး နှစ်နှစ်ကာလအထိ စိတ်ဓာတ်ကျနေလေ့ ရှိပါတယ်။ အခြား အသွင်ကွဲတဲ့ စိတ်ကျရောဂါတွေလည်း ရှိပါသေးတယ်။ Psychotic Depression ရဲ့ ပုံစံမှာတော့ လူနာဟာ ပြင်းထန်တဲ့ စိတ်ကျရောဂါ လက္ခဏာတွေအပြင် အခြားစိတ်ရောဂါလက္ခဏာတွေပါ တွဲလျက် ခံစားရတာ ဖြစ်ပါတယ်။ ဥပမာ မှားယွင်းပြီး အမှန်တရားကနေ ကင်းကွာနေတဲ့ (မဖြစ်နိုင်တဲ့) အရာတွေကို တယူသန် လက်ခံယုံကြည်နေတာမျိုး (delusion)၊ အခြားသူ မမြင်နိုင် မတွေ့နိုင်တဲ့ အရာတွေကို တွေ့နေ မြင််နေတာမျိုး (hallucination) စတာတွေပါ တွေ့ရမှာ ဖြစ်ပါတယ်။ နောက်အသွင်ကွဲ တစ်မျိုးကတော့ Postpartum Depression ဖြစ်ပါတယ်။ ဒါကတော့ အမျိုးသမီးတွေမှာသာ ဖြစ်လေ့ရှိတာ ဖြစ်ပါတယ်။ မီးဖွားပြီး အမျိုးသမီးတွေရဲ့ (၁၀) ကနေ (၁၅) ရာခိုင်နှုန်းဟာ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကြောင့် ဖြစ်စေ၊ မွေးဖွားလိုက်တဲ့ ကလေးအပေါ် တာဝန်ယူစိတ်တွေ လွှမ်းမိုးလွန်းသောကြောင့် ဖြစ်စေ စိတ်ကျရောဂါကို ခံစားကြရပါတယ်။ နောက်ပုံစံတစ်မျိုးကတော့ နည်းနည်းထူးဆန်းပါတယ်။ အနောက်နိုင်ငံတွေမှာ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ Seasonal Affective Disorder (SAD) လို့ ခေါ်ပါတယ်။ သဘာဝ နေရောင်ခြည် အားနည်းတဲ့ ဆောင်းတွင်းမှာ ဖြစ်တတ်တဲ့ စိတ်ကျရောဂါ ဖြစ်ပါတယ်။ လူနာတော်တော်များများမှာ အလင်းကုထုံးနဲ့ ကုသလို့ ရပေမယ့် အချို့လူနာတွေမှာတော့ ဆေးဝါးတွေနဲ့ တွဲလျက် ကုသရကြောင်း ဗဟုသုတအနေနဲ့ ဖတ်ရဖူးပါတယ်။

ဘာတွေကြောင့် ဖြစ်သလဲ

ဖြစ်တတ်တာတွေကတော့ မျိုးရိုးဗီဇ၊ ဇီဝဗေဒဆိုင်ရာ အကြောင်းများ၊ ပတ်ဝန်းကျင်အပါအဝင် စိတ်ကို လွှမ်းမိုးစေတတ်တဲ့ အကြောင်းတရားတွေကြောင့်လို့ ယေဘုယျဆိုနိုင်ပါတယ်။ စိတ်ကျရောဂါဟာ ဦးနှောက်ရဲ့ လုပ်ငန်းတွေ ပျက်ပြားလာလို့ ဖြစ်ပါတယ်။ MRI ရိုက်ကြည့်မယ်ဆိုရင်တော့ ပုံမှန်လူနဲ့ စိတ်ကျရောဂါ ခံစားနေရသူရဲ့ ဦးနှောက်ဟာ ကွဲပြားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ စဉ်းစားတွေးတောခြင်း၊ အိပ်စက်ခြင်း၊ အစာစားခြင်းတွေကို လုပ်ဆောင်ပေးမယ့် ဦးနှောက်ရဲ့ အခြမ်းဟာ ကွဲပြားနေမှာ ဖြစ်ပါတယ်။ မျိုးရိုးလိုက်တတ်တာအပြင် စိတ်ကျရောဂါတွေကို ဖြစ်လာစေနိုင်တဲ့ အရာတွေကတော့ ထိခိုက်ဒဏ်ရာရခြင်း၊ မိမိချစ်ခင်တဲ့သူ ပျောက်ဆုံး (သေဆုံး) သွားခြင်း၊ ခက်ခဲ (အဆင်မပြေ) တဲ့ လူမှုဆက်ဆံရေးများနဲ့ စိတ်ဖိစီးစေတတ်သော အကြောင်းတရားတွေ ဖြစ်ပါတယ်။ အချို့အကြောင်းအရာတွေဟာ သိသာပေမယ့် အချို့တော့ မသိသာ မမြင်သာနိုင်ပါဘူး။

လက္ခဏာများ

ဘယ်သူနဲ့မှ စကားမပြောချင်ဘူး တစ်နေရာမှာ တိတ်တိတ်လေး နေချင်တယ်
– အမြဲတမ်း အားနည်းနေတယ် ခံစားရတယ် ညဆိုရင်လည်း ဘယ်တော့မှ ကောင်းကောင်း အိပ်မရဘူး
– တစ်ခုခု ပြောင်းလဲဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး
– ဘာကိုမှ မစားချင်ဘူး စားချင်စိတ်ကို မရှိတာ
– အရာရာဟာ စိတ်ပျက်စရာတွေချည်းပဲ
– လူတိုင်း ဒီလိုဖြစ်တာ မဟုတ်ပါဘူး။ စိတ်ကျရောဂါ ခံစားနေရတဲ့သူတွေ အပြောများတဲ့ စကားတွေ ဖြစ်ပါတယ် ရောဂါရဲ့ အတိမ်အနက်၊ အကြိမ်ရေ၊ ကြာချိန်တွေဟာ တစ်ဦးချင်းအလိုက် ကွဲပြားတတ်ပါတယ်။ အခြားလက္ခဏာတွေကတော့
– ၀မ်းနည်းကြေကွဲခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ခံစားချက်မဲ့နေခြင်း
– မျှော်လင့်ချက်မဲ့နေသည်ဟု ခံစားရခြင်း
– ကူကွယ်ရာမဲ့နေသည်ဟု ခံစားရခြင်း၊ မိမိကိုယ်ကို တန်ဖိုးမဲ့သည်ဟု ထင်မြင်ခြင်း၊ နောင်တ (စိတ်မကောင်းဖြစ်ခြင်း)
– ဂဏှာမငြိမ်ခြင်း
– မလုပ်ချင် မကိုင်ချင် ဖြစ်ခြင်း (၀ါသနာ၊ အလုပ်)
– အားနည်းနေခြင်း
– အာရုံစူးစိုက်မှု နည်းခြင်း၊ အသေးစိတ်ကို ပြန်လည် မှတ်မိနေခြင်း၊ ဆုံးဖြတ်ချက်များကို ချနေခြင်း
– အိပ်မပျော်ခြင်း (သို့) အလွန်အကျွံအိပ်ခြင်း
– အလွန်အကျွံစားခြင်း (သို့) အစားမစားခြင်း (ကိုရီးယားဇာတ်လမ်းတွဲများမှာ စိတ်ညစ်နေတဲ့ ဇာတ်ကောင်တွေဟာ အစားတွေ အများကြီး စားတာကို ပြသလေ့ ရှိပါတယ်)
– သတ်သေရန် ကြိုးစားခြင်း၊ သတ်သေဖို့ အတွေးများတွေးခြင်း
– ကုသမှု ပေးသော်လည်း မသက်သာသော (ခေါင်းကိုက်၊ ဗိုက်မအီသော၊ ကိုက်ခဲမှု) များ တွေ့ရခြင်း

အမျိုးသမီးနှင့် စိတ်ကျရောဂါ

စိတ်ကျရောဂါဟာ အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုဖြစ်တတ်ပါတယ်။ အချို့အမျိုးသမီးတွေမှာ သားဥကြွေခြင်းနဲ့ ရာသီမလာခင်အချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် Premenstrual Dysphoric Disorder (PMDD) ကို ခံစားကြရပါတယ်။ ရာသီသွေးဆုံးခါနီးချိန်မှာလည်း အမျိုးသမီးတွေဟာ စိတ်ကျရောဂါကို ခံစားရနိုင်ချေ အများဆုံး ဖြစ်ပါတယ်။

အမျိုးသားနှင့် စိတ်ကျရောဂါ

အမျိုးသားတွေမှာတော့ စိတ်ကျရောဂါခံစားရပုံချင်းက အမျိုးသမီးတွေနဲ့ ကွာခြားပါတယ်။ အမျိုးသမီးတွေမှာ တွေ့ရလေ့ရှိတဲ့ ပုံစံတွေက ၀မ်းနည်းကြေကွဲနေမယ်၊ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိလို့ ထင်နေမယ်၊ နောင်တရ (စိတ်မကောင်းတွေ ဖြစ်နေမယ်)။ အမျိုးသားတွေမှာတော့ မောပန်းနွမ်းနယ်နေမယ်၊ ဂဏှာမငြိမ်ဖြစ်မယ်၊ အပန်းဖြေနိုင်တဲ့ နည်းလမ်းတွေအပေါ် စိတ်မဝင်စားဘဲ ဖြစ်နေမယ်၊ အိပ်မပျော်ဘဲ ဖြစ်နေမယ်၊ စိတ်ကျရောဂါ ခံစားရတဲ့ အမျိုးသားတွေ အများစုဟာ အရက်တွေ၊ မူးယစ်ဆေးတွေ သုံးစွဲပြီး နေကြတာ များပါတယ်။ အရက်၊ မူးယစ်ဆေးတွေ သုံးစွဲတာတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုပါ ခံစားရမှာ ဖြစ်ပါတယ်။ စိတ်ကျရောဂါခံစားရတဲ့ အမျိုးသမီးအများစုကတော့ အမျိုးသားတွေလို မူးယစ်ဆေး မသုံးစွဲဘဲ သတ်သေဖို့ ကြိုးစားကြတာ များပါတယ်။

ကလေး၊ ဆယ်ကျော်သက်နှင့် စိတ်ကျရောဂါ

ကလေးလေးတွေမှာ စိတ်ကျရောဂါ ခံစားနေရပြီဆိုရင် နေမကောင်းချင်ယောင်ဆောင်မယ်၊ ကျောင်းသွားဖို့ ငြင်းဆန်မယ်၊ မိဘတွေကို ဖက်တွယ်မယ်၊ မိဘသေဆုံးသွားရင် ဆိုတဲ့အတွေးတွေနဲ့ စိုးရိမ်ပူပန်နေတတ်ပါတယ်။ တကယ်တော့ ဒါတွေဟာ ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုအဆင့်မှာ သာမန်ပါပဲလို့ ပြောလို့ရနိုင်ပြန်တဲ့အတွက် ဒီအရွယ်မှာ စိတ်ကျရောဂါကို အတိအကျ သတ်မှတ်ဖော်ထုတ်နိုင်ဖို့ အခက်အခဲတွေ ရှိပါတယ်။ ကလေးဘဝမှာကတည်းက စိတ်ကျရောဂါကို ကုသမှု မလုပ်ခဲ့ဘူးဆိုရင် အရွယ်ရောက်တဲ့အထိ တဖြည်းဖြည်း ပါလာမှာ ဖြစ်ပါတယ်။
ဆယ်ကျော်သက်အရွယ်မှာ ခံစားရတဲ့ စိတ်ကျရောဂါ လက္ခဏာဟာ တခြားမူမမှန်မှုတွေဖြစ်တဲ့ စိတ်လှုပ်ရှားမှုများခြင်း၊ အစားအသောက်မမှန်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း စတာတွေနဲ့ တွဲလျက် တွေ့ရတတ်ပါတယ်။

စိတ်ကျရောဂါ ဖြစ်နိုင်သော အခြေအနေများ

  • မိသားစုဝင်ထဲမှ တစ်ဦးဦး (သို့) ကိုယ်တိုင် စိတ်ကျရောဂါ ဖြစ်ဖူးသူများ
  • စိုးရိမ်ပူပန်စိတ်များသူများ
  • မိမိကိုယ်ကို တန်ဖိုးထားမှု နည်းသူများ
  • မူးယစ်ဆေးသုံးစွဲသူများ
  • ငယ်စဉ်ဘဝမှာ စိတ်လှုပ်ရှားမှုမမှန်ခြင်း ကြုံရသူများ
  • ကလေးဘဝ (သို့) ဆယ်ကျော်သက်အရွယ်မှာ ဒဏ်ရာပြင်းပြင်း ရဖူးသူများ
  • အတိတ်ကာလမှာ ဖြစ်ရပ်ဆိုး တွေ့ကြံုဖူးသူများ
  • အုပ်ထိန်းသူ (သို့) မိဘများ ဆုံးရှုံးခံရသူများ
  • လူမှုအထောက်အပံ့နည်းပါးသူများ
  • ပညာအဆင့်အတန်းနိမ့်ကျသူများ
  • ဘယ်လိုကူညီနိုင်မလဲ
  • စိတ်ရှည်သည်းခံ နားလည်းမှု ပေးရပါမယ်။ အားပေးစကားဆိုရပါမယ်။
  • စကားပြောရင် သေချာစွာ ပြန်လည်နားထောင်ပေးပါ။
  • ခံစားချက်ကို လျစ်လျူမရှုပါနဲ့။ အဖြစ်မှန်ကိုတော့ ပြောပြပါ။ မျှော်လင့်ချက် ထားခိုင်းပါ။
  • အပြင်ထွက် လမ်းလျှောက်ဖို့ တိုက်တွန်းပါ။ လည်ပတ်စရာများကိုလည်း သွားချင်လာအောင် စိတ်ရှည်ရှည်နဲ့ စည်းရုံးကြည့်ပါ။ အတင်းအဓမ္မ မလုပ်ရပါဘူး။
  • တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ကုသနိုင်ဖို့ စီစဉ်ပေးပါ။

မိမိကိုယ်တိုင် ဘယ်လိုဂရုစိုက်နိုင်မလဲ

  • ဖြစ်နိုင်သမျှ မြန်မြန် ကုသမှုကို ခံယူပါ။
  • လေးလံထိုင်းမှိုင်းမနေဘဲ တက်တက်ကြွကြွ နေနိုင်အောင် ကြိုးစားပါ။ လေ့ကျင့်ခန်းလုပ်ပါ။
  • ရုပ်ရှင်သွားကြည့်တာ၊ စျေးဝယ်ထွက်တာ၊ အလည်အပတ်သွားတာမျိုးတွေ လုပ်ပေးပါ။
  • ဖြစ်နိုင်ချေရှိပြီး မှန်ကန်တဲ့ ပန်းတိုင်တွေ ချမှတ်ပါ။
  • အလုပ်တာဝန်တွေကို သေချာစွာ စီစဉ်ပြီး လုပ်နိုင်တဲ့ အရာတစ်ခုကနေ စတင်လုပ်ဆောင်ပါ။
  • ယုံကြည်ရတဲ့ မိတ်ဆွေ (သို့) မိသားစုဝင်များနှင့် စကားပြောပါ။ ရင်ဖွင့်ပါ။ တစ်ယောက်တည်း မနေပါနှင့်။
  • အရေးကြီး ဆုံးဖြတ်စရာများကို မဆုံးဖြတ်ဘဲ ကျန်းမာလာသည်အထိ ရွှေ့ဆိုင်းပါ။ ဥပမာ – လက်ထပ်ခြင်း၊ ကွာရှင်းခြင်း၊ အလုပ်ပြောင်းခြင်း။
  • စိတ်ကျရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးအသိရှိအောင် လေ့လာပါ။

စိတ်ကျရောဂါအတွက် ကုသနိုင်သောနည်းလမ်းများ

  • ဆေးဝါးများ ( ဥပမာ- Selective Serotonin Reuptake Inhibitors (SSRIs) )
    ဆေးဝါးများကတော့ စိတ်ကျရောဂါ အတိမ်အနက်အပေါ် မူတည်ပြီး ရွေးချယ်ကုသရတာ ဖြစ်ပါတယ်။
  • Electroconvulsive therapy (ECT)

ECT ကုထုံးကတော့ စိတ်ကျရောဂါဟာ ကုသမှုတွေအပေါ်မှာ တိုးတက်မှုနည်းရင် သုံးလေ့ရှိပါတယ်။ တချို့လူနာတွေမှာတော့ Hallucinations တွေ Delusional thinking တွေ မိမိကိုယ်မိမိ သေကြောင်းကြံစည်မှု (Suicidality) တွေဟာ စိတ်ကျရောဂါနဲ့ တွဲလျက်ရှိနေရင်လည်း ယခုနည်းလမ်းနဲ့ ကုသလေ့ရှိပါတယ်။

စိတ်ရောဂါကုထုံးများ

စိတ်ကျရောဂါဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာရော ဖွံ့ဖြိုးမှုနောက်ကျတဲ့ နိုင်ငံတွေမှာပါ တစ်နေ့တစ်ခြား တိုးပွားလာနေတဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ လူတွေဟာ နေ့စဉ်နေ့တိုင်း စိတ်ဖိစီးမှုတွေကို ရင်ဆိုင်နေရပြီး မိမိကိုယ်မိမိ စိတ်ကို ပေါ့ပါးအောင် ဂရုမစိုက်ဖြစ်ဘဲ ကြာလာရင် စိတ်ကျရောဂါ ဖြစ်လာတတ်ပါတယ်။ စိတ်ကျရောဂါဟာ စိတ်ကျန်းမာရေးဆေးရုံမှာ ကုသမှုခံယူမှ မဟုတ်ဘဲ နေ့စဉ်လူနေမှုဘဝတွေမှာလည်း စိတ်ကျရောဂါအနုလေးတွေ ရှိတတ်ကြပါတယ်။ လူတစ်ယောက်မှာ စိတ်ကျန်းမာဖို့ဆိုတာလည်း သိပ်ကို အရေးပါတာမို့ ဒီတစ်လအတွက် စိတ်ကျရောဂါအကြောင်းကို ရေးသားတင်ဆက်ပါတယ်။

ကျန်းမာပျော်ရွှင်သော ဘဝများကို ပိုင်ဆိုင်ကြပါစေ

ဝိုင်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.