အမေရိကန်နိုင်ငံက ပြည်နယ် (၂၆) ပြည်နယ်မှာ LGBT တွေအတွက် တန်းတူညီမျှမှုအခွင့်အရေးတွေ ငြင်းပယ်ခံရဆဲဖြစ်

Human Rights Campaign အဖွဲ့နဲ့ Eqaulity Federation Institute တို့ ပူးပေါင်းပြီး ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော် တန်းတူညီမျှမှု နှစ်စဉ်ညွှန်းကိန်းအစီရင်ခံစာအရ အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ် (၂၆) ခုဟာ LGBT တွေရဲ့ အခြေခံ လွတ်လပ်ခွင့်ဆိုင်ရာ တန်းတူညီမျှမှုအခွင့်အရေးတွေကို ငြင်းပယ်လျက်ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ထုတ်ပြန်ခဲ့တဲ့ ဒီအစီရင်ခံစာဟာ ၂၀၁၇ ခုနှစ်အတွင်း ပြည်နယ်အသီးသီးက LGBT တွေရဲ့ တန်းတူညီမျှမှု အခွင့်အရေးအတွက် ဥပဒေဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှု၊ ဆုတ်ယုတ်မှု အချက်အလက်များ အပေါ် အခြေခံပြီး ရေးသားပြုစုခဲ့တာလို့ Human Righs Campaign နဲ့ Eqaulity Federation Institute အဖွဲ့တို့က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ LGBT တွေရဲ့ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်း အတာအရ အရင်နှစ်တွေနဲ့ နှိုင်းယှဉ်ရင် ကျယ်ကျယ်ပြန့်ပြန် တိုးတက်ဖြစ်ထွန်းမှုတွေ ရှိလာခဲ့ပေမယ့်လည်း ပြည်နယ်အသီး သီးမှာရှိတဲ့ အချို့ဥပဒေပြု အမတ်တွေကတော့ LGBT တွေရဲ့တန်းတူညီမျှမှုကို ကန့်သတ်နိုင်မယ့် ဥပဒေတွေ ပေါ်ထွက် လာရေးအတွက် ဆက်လက်ကြိုးစားဆဲဖြစ်တယ်လို့ Human Rights Campaign က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ် ပြည်နယ်ပေါင်း (၃၀) မှာ LGBT တွေရဲ့ နိုင်ငံသားအခွင့်အရေးနဲ့ လူ့အခွင့်အရေးကို ကန့်သတ်မယ့် ဥပဒေမူကြမ်းပေါင်း (၁၃၀) ကျော်ကို လွှတ်တော်အမတ်တွေက တင်သွင်းခဲ့ပြီး အဲဒီအနက် ဥပဒေ (၁၂) ခုကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းအပြင် ၂၀၁၈ ခုနှစ်မှာ Transgender တွေအပေါ် ဥပဒေကြောင်းအရ ကန့်သတ်မှု တွေ၊ တားဆီးပိတ်ဆို့မှုတွေဟာ ပိုမိုတိုးမြှင့်လာနိုင်ဖွယ်ရာ ရှိတယ်လို့လည်း Human Rights Watch အဖွဲ့က ဆန်းစစ်ပြီး သတိပေးထားပါတယ်။

ဒါပေမဲ့လည်း တစ်ချို့ပြည်နယ်တွေမှာ LGBT တွေအတွက် ဥပဒေအရ ကာကွယ်ပေးမှုနဲ့ ပတ်သက်ပြီး သိသာတဲ့ တိုးတက်ပြောင်းလဲမှုတစ်ချို့ ရှိခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ Gay Conversion Therapy (လိင်တူချင်း မချစ်နိုင်အောင် ကုသမှု) ကို ဥပဒေနဲ့တားမြစ်တဲ့ ပြည်နယ်စာရင်းဟာလည်း တိုးတက်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကွန်နာတီကတ် ပြည်နယ်၊ နယူးမက္ကဆီကိုပြည်နယ်၊ ရိုဒီအိုက်(စ်)လန့်နဲ့ နီဗားဒါးပြည်နယ်တို့ဟာလည်း Gay Conversion Therapy ကို တားမြစ်လိုက်တဲ့အတွက် အခုဆိုလျှင် Gay Conversion Therapy ကို ဥပဒေနဲ့တားမြစ်တဲ့ ပြည်နယ်ပေါင်း (၁၀) ပြည်နယ်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ၎င်းအပြင် တန်းတူညီမျှမှုအခွင့်အရေးတွေ အမြင့်ဆုံး ရရှိရေးအတွက် ကနဦးအစပျိုး တိုးမြှင့်ဆောင်ရွက်နေတဲ့ ပြည်နယ်စာရင်းဟာလည်း အရင်နှစ်က (၉) ပြည်နယ်သာ ရှိခဲ့ရာက ၂၀၁၇ ခုနှစ်မှာ (၁၃) ပြည်နယ်အထိ တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။

Human Rights Campaign နဲ့အတူပူးတွဲပြီး အစီရင်ခံစာကို ထုတ်ဝေခဲ့တဲ့ Equality Federation Institute အဖွဲ့ကြီးရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ Rebecca Isaacs ကတော့ နှစ်စဉ်နှစ်တိုင်း ထုတ်ပြန်တဲ့ ဒီအစီရင်ခံစာက တန်းတူညီမျှရေး လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ အောင်မြင်မှုတွေ၊ ကျဆုံးမှုတွေအကြောင်းကို ကျွနု်ပ်တို့တွေ သိရှိဖို့ ပြောပြနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

၎င်းတို့ထုတ်ပြန်တဲ့ အစီရင်ခံစာအကျဉ်းမှာ ဖော်ပြထားချက်အရ ၂၀၁၇ ခုနှစ်အတွင်း ပြည်နယ်တွေအလိုက် ဥပဒေပြဋ္ဌာန်းမှုဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုတွေအပေါ် အခြေခံပြီး တန်းတူညီမျှမှုအတွက် အခြေခံအဆင့်ကိုပင် ပြည့်မီရန် အထူးအလေးထားဆောင်ရွက်ရမည့် ပြည်နယ်များ၊ တန်းတူညီမျှရေးကို တည်ဆောက်နေဆဲ ပြည်နယ်များ၊ တန်းတူ ညီမျှရေးကို အာမခံသော ပြည်နယ်များနဲ့ တန်းတူညီမျှမှုအခွင့်အရေးတွေ အမြင့်ဆုံးရရှိရေးအတွက် ကနဦးအစပျိုးပြီး တိုးမြှင့်ဆောင်ရွက်နေတဲ့ ပြည်နယ်များဆိုပြီး အုပ်စု (၄) မျိုး သတ်မှတ်ခွဲခြားထားပါတယ်။

တန်းတူညီမျှမှု အခွင့်အရေးအတွက် အခြေခံအဆင့်ကိုပင် ပြည့်မီဖို့ရန် အထူးအလေးထားဆောင်ရွက်ရမည့် ပြည်နယ်ပေါင်းကတော့ (၂၆) ပြည်နယ်အထိရှိပြီး တန်းတူညီမျှရေးအတွက် တည်ဆောက်ဆဲ ပြည်နယ်တွေကတော့ (၅) ပြည်နယ်အထိ ရှိပါတယ်။ တန်းတူညီမျှမှု အခွင့်အရေးကို အသေအချာ အာမခံတဲ့ပြည်နယ်တွေကတော့ (၅) ပြည်နယ် အထိရှိပြီး တန်းတူညီမျှမှုအခွင့်အရေးတွေ အမြင့်ဆုံးရရှိအောင် ပိုမိုတိုးချဲ့ဆောင်ရွက်နေတဲ့ ပြည်နယ်ပေါင်းကတော့ (၁၃) ပြည်နယ်အထိ ရှိတယ်လို့ သိရပါတယ်။

အဲဒီအနက် LGBT တွေရဲ့ တန်းတူညီမျှမှုအခွင့်အရေးအတွက် အနိမ့်ဆုံးအဆင့်ပြည့်မီရန်ပင် အထူးအလေးထား ဆောင်ရွက်ဖို့လိုအပ်တဲ့ ပြည်နယ် (၂၆) ပြည်နယ်ကတော့ အယ်ဘားမား၊ အလာစကာ၊ အာကန်ဆက်စ်၊ အယ်ရီဇိုးနား၊ ဖလော်ရီဒါ၊ ဂျော်ဂျီယာ၊ အိုင်ဒါဟို၊ ကန်ဆက်စ်၊ ကန်တပ်ကီ၊ လူးဝစ်စ်စီယားနား၊ မီချီဂန်၊ မစ္စစ္စပီ၊ မစ်ဆိုးရီ၊ မွန်တားနား၊ နာဘရက်စ်ကာ၊ မြောက်ကိုရိုးလိုင်းနား၊ မြောက်ဒါကိုတာ၊ အိုဟိုင်း(ဝို)၊ အိုကလာဟိုးမား၊ ပင်ဆယ်ဗေးနီးယား၊ တောင်ကယ်ရိုလိုင်းနား၊ တောင်ဒါကိုတာ၊ တန်နယ်ဆီ၊ တက္ကဆပ်၊ အနောက်ဗာဂျီးနီးယား၊ ဝိုင်ယိုမင်ပြည်နယ်တို့ ဖြစ်ပါတယ်။

ကြိုးစားဆဲ ပြည်နယ် (၅) ပြည်နယ်ကတော့ ဟာဝိုင်ယီ၊ အင်ဒီးယားနား၊ နယူးဟမ်ရှိုင်းယား၊ ယူးထ၊ ဝစ်စကွန်ဆင်ပြည်နယ်တို့ ဖြစ်ပါတယ်။ အာမခံချက်ပေးထားတဲ့ နောက်ထပ် ပြည်နယ် (၅) ပြည်နယ်ကတော့ ဒယ်လဝဲယာ၊ အိုင်အိုဝါ၊ မာရီလန်ဒ်၊ နယူးဂျာစီ၊ နယူးမက္ကဆီကိုပြည်နယ်တို့ ဖြစ်ပါတယ်။

တန်းတူညီမျှမှု အခွင့်အရေးနဲ့ပတ်သက်ပြီး အမြင့်ဆုံးအဆင့်ရှိတဲ့ ပြည်နယ် (၁၃) ပြည်နယ်ကတော့ ကယ်လီဖိုး နီးယား၊ မိန်း၊ ကော်လိုရာဒို၊ ကွန်နက်တီကပ်၊ ကိုလံဘီယာ ဒစ်စတြိ၊ အီလီနွိုက်စ်၊ မက်ဆက်ချူးဆက်၊ မင်နီဆိုးတား၊ နီဗားဒါး၊ နယူးယောက်၊ အိုရီဂွန်၊ ရိုဒ်စ်အိုက်လန့်၊ ဗာမောက်နဲ့ ဝါရှင်တန်ပြည်နယ်တို့ ဖြစ်တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထား ပါတယ်။ ဒီပြည်နယ်တွေဟာ LGBT တွေရဲ့ တန်းတူညီမျှမှုအခွင့်အရေးအတွက် အကြွေးဝယ်ကဒ်ကစလို့ အလုပ်အကိုင် အခွင့်အလမ်း၊ ပြည်သူ့အိုးအိမ်ပိုင်ဆိုင်မှု၊ အာမခံကြေးခံစားခွင့်တွေအထိ အကာအကွယ်ပေးထားတဲ့ ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေးဥပဒေတွေကို ပြဋ္ဌာန်းထားရှိတာ ဖြစ်ပါတယ်။

အမှန်တကယ်တော့ အမေရိကန်ပြည်ထောင်စုမှာ LGBT တွေရဲ့ တန်းတူအခွင့်အရေးကို အကာအကွယ်ပေးမယ့် ဖယ်ဒရယ်အဆင့် ဥပဒေမျိုး မရှိသေးပါဘူး။ အဲဒီအတွက် လူ့အခွင့်အရေးနဲ့ LGBT အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ အတွက် ထောက်ပြစရာ ဖြစ်နေခဲ့ပါတယ်။ တန်းတူညီမျှရေး ဥပဒေကို လွှတ်တော်မှာ အရင်က တင်သွင်းခဲ့ပေမယ့်လည်း ရီပတ်ဘလီကန်အမတ်တွေက ကန့်ကွက်မှုတွေကြောင့် မအောင်မြင်ခဲ့ရတာဖြစ်ပြီး အဲဒီဥပဒေမူကြမ်းကို ဒီနှစ်မှာ လွှတ်တော်မှာ ပြန်လည်တင်သွင်းသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။ ဒီတန်းတူညီမျှရေးဥပဒေမူကြမ်းထဲမှာ လိင်စိတ် ကိုင်းညွတ်မှု၊ လိင်ဝိသေသခံယူမှုအပေါ် အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေက ဖယ်ဒရယ်အဆင့် အကာအကွယ်ပေးနိုင်မယ့် အချက်တွေကို ရေးဆွဲထားတာလို့ ဆိုပါတယ်။

Human Rights Campaign အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌဖြစ်သူ Chad Griffin ကလည်း ဒီနေ့ခေတ်မှာ အမေရိကန်ပြည်သူ အများစုဟာ LGBT တွေအပေါ် ခွဲခြားဆက်ဆံဖိနှိပ်မှုတွေကို မှားယွင်းပြီး လက်ခံနိုင်စရာ မရှိဘူးဆိုတာကို နားလည်လာကြ ပြီ ဖြစ်တဲ့အတွက် LGBT တွေအပါအဝင် အားလုံးအတွက် ပြီးပြည့်စုံတဲ့ တန်းတူညီမျှရေး ဖယ်ဒရယ်ဥပဒေကိုပြဋ္ဌာန်းပြီး ပြည်နယ်တွေရဲ့ တန်းတူညီမျှရေးကို ဖျက်ဆီးနေတဲ့ဥပဒေတွေကို အမြစ်ပြတ်ဖယ်ရှားဖို့ အချိန်ကျပြီဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.