အီရတ်နိုင်ငံမှာ ISIS အဖွဲ့ဝင် လူသတ်သမားကို အာဏာပိုင်တွေက လာဘ်ငွေယူပြီး ပြန်လည်ပေးခဲ့တယ်လို့ စွပ်စွဲခံရ

အီရတ်အာဏာပိုင်တွေဟာ ISIS အဖွဲ့ရဲ့ စစ်သွေးကြွ လူသတ်သမားတစ်ဦးကို ဖမ်းမိခဲ့ပေမယ့် မီနစ်ပိုင်းအတွင်း လာဘ်ငွေယူပြီး ပြန်လည်လွှတ်ပေးလိုက်တယ်လို့ Human Rights Watch အဖွဲ့ကြီးက စွပ်စွဲပြောဆိုခဲ့တယ်။

မုတ်ဆိတ်ဖြူလို့လည်း လူသိများတဲ့ အဘူအိုမာ (Abu Omer) ဟာ ISIS အဖွဲ့မှာ အဆင့်မြင့် ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ဖမ်းဆီးရမိတဲ့ သုံ့ပန်းအကျဉ်းသားတွေကို အဆုံးစီရင်ရတဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ဖမ်းဆီးထားတဲ့ ဂေးတွေကို တိုက်ပေါ်ကနေ ကန်ချပြီး သတ်ဖြတ်ပြလေ့ရှိတဲ့အတွက် နာမည်ဆိုးနဲ့ ကျော်ကြားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ISIS အဖွဲ့ရဲ့ ၂၀၁၅ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ဗွီဒီယိုထဲမှာလည်း အဘူအိုမာဟာ ဂေးအမျိုးသားတစ်ဦးကို လည်ပင်းလှီးပြီး သတ်ဖြတ်ပြခဲ့ဖူးပါတယ်။

The Times သတင်းဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားချက်အရ သူ့ကို ဇန်နဝါရီလ (၁) ရက်နေ့က မိုဆူးလ်မြို့ စစ်မြေပြင်မှာ အီရတ်အာဏာပိုင်တွေက လက်ရဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အီရတ်အာဏာပိုင်တွေဟာ အဘူအိုမာကို အမေရိကန်ဒေါ်လာ (၇၅၀၀) လာဘ်ယူပြီး မီနစ်ပိုင်းအတွင်းမှာပဲ ပြန်လည်လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ Human Rights Watch အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ အဘူအိုမာကို လာဘ်ငွေ ယူပြီး ပြန်လွှတ်ပေးလိုက်တာဟာ အီရတ်နိုင်ငံမှာ တရားမျှတရေးစနစ်ကြီးတစ်ခုလုံး ဘယ်လောက် ကျဆင်းနေပြီဆိုတာကို ပြသနေတာပဲလို့ Human Rights Watch အဖွဲ့ကြီးက ဝေဖန်ခဲ့ပါတယ်။

အီရတ်နိုင်ငံက ယာဇီလူမျိုး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ နာဒီယာ မူရက်ဒ် (Nadia Murad) ကလည်း အဘူအိုမာ လွတ်မြောက်သွားတဲ့အတွက် အကျင့်ပျက်အာဏာပိုင်တွေကို ဝေဖန်ပြစ်တင်ခဲ့ပြီး တရားမျှတမှုတွေ အီရတ် နိုင်ငံမှာ ပြန်လည်ထွန်းကားလာဖို့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်တွေကို ဆော်လျင်စွာ အကောင်အထည်ဖော်ကြဖို့ တွစ်တာရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ရေးသားဆော်ဩခဲ့ပါတယ်။

ISIS အဖွဲ့ရဲ့ ဘာသာရေးအစွန်းရောက်တဲ့ တိုက်ခိုက်မှုတွေကြောင့် အီရတ်နိုင်ငံနဲ့ ဆီးရီးယားနိုင်ငံတွေမှာ LGBT ထောင်ပေါင်းများစွာဟာ ထွက်ပြေးနေကြရပြီး ဆိုးရွားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ Human Rights Watch အဖွဲ့ကြီးက ထုတ်ပြန်ထားပါတယ်။

ISIS လက်ထဲ အဖမ်းခံရတဲ့ LGBT လူမဆန်တဲ့နည်းလမ်းအမျိုးမျိုးနဲ့ နှိပ်စက်ခံကြရပြီးမှ ဓာတ်ဆီလောင်းပြီး မီးရှို့သတ်တာ၊ ခဲလုံးတွေနဲ့ ပစ်ပေါက်သတ်တာ၊ လည်လှီးသတ်တာ၊ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ကားနောက်မှာ တရွတ်တိုက်ဆွဲသတ်တာမျိုးတွေနဲ့ ရက်ရက်စက်စက် အသတ်ခံခဲ့ကြရတယ်လို့လည်း Human Rights Watch အဖွဲ့က ၂၀၁၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ “Helping LGBTQ Refugees and Asylum Seekers in the Age of ISIL” ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ISIS တွေဟာ ၎င်းတို့ထိန်းချုပ်တဲ့နယ်မြေတွေမှာ ပြည်သူတွေကို ကြောက်ရွံ့နေစေရန်အတွက် ကြမ်းတမ်း ရက်စက်တဲ့ နည်းလမ်းတွေ အမျိုးမျိုးကျင့်သုံးပြီး အုပ်ချုပ်နေတယ်လို့ အဆိုပါ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အတည်မပြုနိုင်တဲ့သတင်းတွေအရ ISIS တွေရဲ့ လက်အောက်မှာ LGBT (၁၄၀) ခန့် အနည်းဆုံး အသတ်ခံခဲ့ ရပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.