ဩစတြေးလျနိုင်ငံမှာ Transgender အမျိုးသမီးတစ်ဦး HIV ပိုး တခြားသူကို ကူးစက်စေခဲ့တဲ့အတွက် ထောင်ဒဏ်ချမှတ်ခံရဖွယ် ရှိနေ

ဩစတြေးလျနိုင်ငံမှာ HIV ဗိုင်းရစ်ပိုးတွေ တခြားသူတွေဆီ ကူးစက်ပြန့်နှံ့အောင် လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ Transgender အမျိုးသမီးတစ်ဦးဟာ အခုအခါမှာ ပြစ်မှုထင်ရှားတွေ့ရှိပြီ ဖြစ်တဲ့အတွက် ထောင်ဒဏ်အပြစ်ပေးခံခဲ့ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

Sienna Fox လို့ အမည်ရတဲ့ အဆိုပါ Transgender အမျိုးသမီးဟာ လိင်အလုပ်သမားအဖြစ် အသက်မွေး ဝမ်းကျောင်းပြုနေသူဖြစ်ပြီး New South Wales ပြည်နယ်မှာ နေထိုင်ပါတယ်။

၂၀၁၆ ခုနှစ်မှာ သူမနဲ့ တစ်ချိန်က ပတ်သက်ခဲ့ဖူးတဲ့ ဖောက်သည်တစ်ဦးက သူမကြောင့် သူ့မှာ HIV ဗိုင်းရစ်ပိုး ကူးစက်ခံခဲ့ရတဲ့အတွက် တရားမျှတမှုဆောင်ရွက်ပေးဖို့ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ သူမကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၁၆)ရက်မှာ စတင်ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဆစ်ဒနီမြို့ တစ်နေရာမှာ လိင်ကိစ္စအတွက် တခြားဖောက်သည်တစ်ယောက်နဲ့ တွေ့ဖို့ စောင့်နေစဉ်မှာပဲ သူမကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Sienna Fox ဟာ New South Wales ပြည်နယ်သို့ မပြောင်းရွှေ့ခင် Western Australian မှာရှိတဲ့ Perth မြို့မှာ အရင်က နေထိုင်ခဲ့ဖူးပါတယ်။ ၂၀၁၄ ခုနှစ်မှာ HIV ပိုး စစ်ဆေးရာ ရောဂါပိုးရှိတာကို တွေ့ရှိခဲ့ပါတယ်။ Sienna Fox ဟာ HIV နဲ့ ပတ်သက်ပြီး ဆောင်ရွက်ရမည့်ကိစ္စတွေအတွက် ဆေးရုံက ဖုန်းခေါ်တာတွေ၊ ဖုန်းစာတို ပို့တာတွေ ရှိခဲ့ပေမယ့် အကြောင်းပြန်ကြားမှုတွေ တစ်စုံတရာ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ ၎င်းအပြင် Sienna Fox ဟာ သူမမှာ HIV ဗိုင်းရပ်ပိုး ကူးစက်ခံထားရမှန်း ရှိလျက်နဲ့ အင်တာနက်ကနေ လိင်ဖောက်သည်ရှာတဲ့ ကြော်ငြာတွေကို ဆက်လက် လွှင့်တင်ခဲ့ပါတယ်။

Sienna Fox ဟာ အင်တာနက်ကနေ အမျိုးသားတစ်ဦးနဲ့ လိင်မှုကိစ္စသာယာမှုအတွက် တွေ့ခဲ့ကြပါတယ်။ Sienna Fox ဟာ သူမမှာ HIV ပိုး ကူးစက်ခံထားရတယ်ဆိုတာကို တစ်စုံတစ်ရာ ကြိုတင်အသိပေးတာမျိုးတွေ မရှိဘဲ အဆိုပါ အမျိုးသားနဲ့ လပေါင်းများစွာ လိင်ကိစ္စအတွက် ဆက်ဆံပေါင်းသင်းခဲ့ကြပါတယ်။ နောက်ပိုင်းမှာ အဆိုပါ ဖောက်သည်အမျိုးသားအနေနဲ့ ကျန်းမာရေးချို့ယွင်းလာလို့ ဆေးစစ်ရာမှ ၎င်းမှာလည်း HIV ဗိုင်းရစ်ပိုး ကူးစက်ခံထား ရတယ်ဆိုတာကို သိခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနောက် နစ်နာမှုအတွက် တိုင်ကြားခဲ့ရာကနေ ဒီအမှုဖြစ်လာ ခဲ့တာ ဖြစ်ပါတယ်။

Sienna Fox ရဲ့ ရှေ့နေကတော့ သူမဟာ သူမရဲ့အခြေအနေကို စနစ်တကျ မသိတဲ့အတွက် ရာဇဝတ်မှုအဖြစ် ယူဆရလောက်အောင် တာဝန်မဲ့တာလို့ ယူဆ၍မရကြောင်း ချေပလျှောက်လဲခဲ့ပါတယ်။ သူမရဲ့ရှေ့နေကတော့ သူမမှာ HIV ပိုးရှိနေတာကို သူနာပြုဝန်ထမ်းက အသိပေးရာမှာ သူနာပြုဝတ်စုံနဲ့မဟုတ်ဘဲ အိမ်ကိုလာပြီးမှ အသိပေးခဲ့တဲ့အတွက် သူမအနေနဲ့ အခြေအနေကို အာရုံစိုက်မှု လျော့ပါးခဲ့ရတာ ဖြစ်တယ်လို့ ချေပလျှောက်လဲခဲ့ပါတယ်။ သို့သော် တရားသူကြီး အဖွဲ့ကတော့ Sienna Fox ဟာ သူမမှာ HIV ပိုးရှိတယ်ဆိုတာကို သိရပြီးတဲ့နောက် ဆေးရုံက နောက်ဆက်တွဲ ဆောင်ရွက် ရမည့် ကိစ္စတွေအတွက် ဖုန်းခေါ်တာ၊ စာပို့တာတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း လိုက်နာဆောင်ရွက်ဖို့ တာဝန်မဲ့ခဲ့တယ်လို့ သုံးသပ်ခဲ့ပါတယ်။

Sienna Fox ဟာ တရားစီရင်နေစဉ်ကာလမှာလည်း အာမခံလျှောက်ထားခွင့်ကို ပယ်ချခံခဲ့ရရုံသာမက ထောင်ထဲမှာလည်း အမျိုးသားဆောင်အတွင်း သီးသန့်အချုပ်ခန်းထဲမှာ နေထိုင်နေရပါတယ်။ တရားရုံးတော်ဟာ ပထမအကြိမ် ကြားနာစဉ်မှာပဲ သူမရဲ့အမှုကို အာမခံလျှောက်ထားမှုကနေ ပယ်ချခဲ့ပြီး အချုပ်ထဲမှာ ထိန်းသိမ်းထားဖို့ အမိန့်ချခဲ့ပါတယ်။ သူမဟာ တခြားသူတွေအပေါ် အင်မတန် ဆိုးရွားစွာနဲ့ ထိခိုက်နာကျင်အောင် လုပ်ခဲ့တာဖြစ်တဲ့အတွက် အပြင်မှာထားဖို့ မသင့်တော့်ဘူးလို့ ယူဆခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.