LGBT အခွင့်အရေးအတွက် အားပေးကူညီဆောင်ရွက်သွားမယ်လို့ ဗြိတိန်နိုင်ငံက အိမ်ရှေ့စံလောင်းလျာ မင်းသားဝီလီယံ ကတိပြု

LGBT တွေရဲ့အခွင့်အရေးနဲ့ တန်းတူညီမျှမှုရရှိရေးအတွက် ပံ့ပိုးကူညီမှုတွေ ဆောင်ရွက်သွားမယ်လို့ ဗြိတိန်နိုင်ငံရဲ့ အိမ်ရှေ့စံလောင်းလျာဖြစ်သူ မင်းသား ဝီလီယံက ကတိပြုပြောဆိုခဲ့ပါတယ်။

၂၀၁၈ ခုနှစ်၊ မတ်လ (၁၂) ရက်က အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဗြိတိသျှဓနသဟာယနိုင်ငံများအဖွဲ့ရဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားမှာ နိုင်ငံအသီးသီးက ကိုယ်စားလှယ်များနဲ့တွေ့ဆုံစဉ် မင်းသားဝီလီယံက အထက်ပါအတိုင်း ပြောဆိုခဲ့ တာ ဖြစ်ပါတယ်။

“Kaleidoscope Trust နဲ့ ဓနသဟာယနိုင်ငံများ တန်းတူညီမျှရေး ကွန်ယက်ရဲ့ကိုယ်စား မင်းသားဝီလီယံနဲ့တွေ့ခွင့်ရခဲ့တာ အရမ်းကျေးဇူးများပါတယ်။ ဗြိတိသျှ ဓနသဟာယအဖွဲ့ဝင် နိုင်ငံတွေအတွင်းက LGBT တွေရဲ့ အခြေအနေတွေကို ဆွေးနွေးခွင့်ရခဲ့တယ်” လို့ Paul Dillane က ပြောပါတယ်။

ဗြိတိသျှဓနသဟာယအဖွဲ့ကြီးမှာ အဖွဲ့ဝင်အဖြစ် နိုင်ငံပေါင်း (၅၃) နိုင်ငံ ပါဝင်ဖွဲ့စည်းထားပြီး အဲဒီအနက် (၃၇) နိုင်ငံကတော့ LGBT တွေအပေါ် ခွဲခြားဆက်ဆံတဲ့ ပုဒ်မ ၃၇၇ လို ဥပဒေတွေကို ပြဋ္ဌာန်းထားရှိဆဲ ဖြစ်ပါတယ်။

၎င်းအပြင် နိုင်ငံရပ်ခြား ခရီးစဉ်တွေမှာလည်း LGBT အခွင့်အရေးအတွက် အစီအစဉ်တွေထည့်သွင်းပြီး တွန်းအားပေး ဆောင်ရွက်သွားမယ်လို့လည်း မင်းသားဝီလီယံက သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကနေဒါနိုင်ငံကနေ ဗြိတိသျှဓနသဟာယနေ့ အခမ်းအနားအတွက် ပေးပို့တဲ့သဝဏ်လွှာမှာလည်း တရားဥပဒေစိုးမိုးရေး၊ လူ့ အခွင့်အရေးနဲ့ ဒီမိုကရေစီစနစ် တိုးတက်ခိုင်မာအားကောင်းရေးအတွက် အခြားဓနသဟာယနိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။

LGBT ကိစ္စနဲ့ပတ်သက်ပြီး ဗြိတိသျှဓနသဟာယအဖွဲ့ကြီးအနေနဲ့ ကိုင်တွယ်ဆောင်ရွက်ဖို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြီးခဲ့တဲ့ နှစ်ကာလတွေကစပြီး တိုက်တွန်းတောင်းဆိုမှုတွေ ရှိခဲ့ပေမယ့်လည်း LGBT တွေအပေါ် ဖိနှိပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်း ထားရှိတဲ့ အခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကမ္ဘာ့တဝှမ်းက LGBT အရေး တက်ကြွလှုပ်ရှားသူ (၈၀) ခန့်ဟာလည်း ယူနိုက်တက်ကင်းဒမ်း နိုင်ငံအနေနဲ့ ဗြိတိသျှအင်ပါယာခေတ်က ၎င်းတို့ပြဋ္ဌာန်းထားခဲ့တဲ့ ဥပဒေတွေကို တာဝန်ယူဖြေရှင်းပေးဖို့ ဗြိတိသျှဓနသဟာယနိုင်ငံများနေ့မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါ သေးတယ်။

“ဗြိတိသျှဓနသယာယအဖွဲ့ကြီးထဲမှာ ပြည်သူသန်းတစ်ရာကျော်လောက်ဟာ အစိုးရကျောထောက်နောက်ခံနဲ့ ကျူးလွန်တဲ့ မတရား ဖိနှိပ်မှုတွေကို ရင်ဆိုင်နေရတဲ့အတွက် နိုင်ငံခေါင်းဆောင်တွေအနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့သင့်ပြီလို့ အဆိုပါဆန္ဒပြပါမှာပါဝင်ခဲ့တဲ့ Peter Tatchell က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.