ယနေ့မြန်မာနိုင်ငံနှင့် LGBT

လွန်ခဲ့သည့် သုံးနှစ်ကျော်လောက်က မြဝတီရုပ်မြင်သံကြားမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်ပြသသည့် ထူးဆန်းထွေလာ အစီအစဉ်တစ်ခုကို မှတ်မိနေသည်။ အနောက်အိန္ဒိယနိုင်ငံအတွင်းရှိ တောရွာတစ်ခု၌ ကျင်းပသည့် လက်ထပ်မင်္ဂလာပွဲတစ်ခုဖြစ်သည်။ ‘လက်ထပ်မင်္ဂလာပွဲ ကျင်းပခြင်းကို မည်သည့်အတွက်ကြောင့် ထူးဆန်းထွေလာအစီစဉ်မှာ ထည့်သွင်းဖော်ပြတင်ဆက်ရသနည်း’ဟု မေးစရာရှိ၏။ မေးသင့်သည့်မေးခွန်းလည်း ဖြစ်၏။ ထိုမင်္ဂလာဆောင်သည့်ပွဲသည် ကျွန်ုပ်တို့ပတ်ဝန်းကျင်၌ တွေ့ဖူးမြင်ဖူးကြုံဖူးသည့် မင်္ဂလာပွဲမျိုးမဟုတ်။ သတိုးသားက အိန္ဒိယလူမျိုးဖြစ်ပြီး သတို့သမီးက ထိုတောရွာရှိ သစ်ပင်ကြီးတစ်ပင်ဖြစ်သောကြောင့် ဖြစ်သည်။ အိန္ဒိယထုံးတမ်းစဉ်လာအရ လက်ထပ်မင်္ဂလာပွဲပြုလုပ်ပြီး သတို့သမီးအဖြစ် သစ်ပင်ကို ထိမ်းမြားလက်ထပ်ယူခြင်း ဖြစ်သည်။ ထိုဖြစ်ရပ်နည်းတူ အနောက်နိုင်ငံတစ်နိုင်ငံ၌ မိမိအိမ်တွင်မွေးထားသည့် ခွေးကြီးဖြင့် လက်ထပ်မင်္ဂလာပွဲကျင်းပသည့် မြင်ကွင်းအချို့ကိုလည်း အင်တာနက်ပေါ်တွင် တွေ့မြင်ဖူးခဲ့၏။

ထိုဖြစ်ရပ်နှစ်ခုစလုံး၌ ချစ်ခြင်းမေတ္တာကိုသာ အဓိကထားသည်ကို မြင်တွေ့နိုင်၏။ ချစ်ခြင်းမေတ္တာဟူသည် သက်ရှိ၊ သက်မဲ့ဟူ၍ မခွဲခြား၊ ရာထူး၊ ဂုဏ်သိက္ခာ၊ အဆင့်အတန်းဟူ၍ မခွဲခြားပေ။ အရာဝတ္ထုတစ်ခုခုအပေါ်၌ဖြစ်စေ၊ သတ္တဝါတစ်မျိုးမျိုးအပေါ်၌ဖြစ်စေ တစ်စုံတစ်ယောက်က ချစ်ခင်မြတ်နိုးစိတ်ရှိပါလျှင် ချစ်ခြင်းမေတ္တာမည်ပေသည်။

‘Love is Love’ဆိုသည့်အတိုင်း ‘ချစ်ခြင်းမေတ္တာဟာ ချစ်ခြင်းမေတ္တာ’ပဲဖြစ်သလို အချစ်ကို အချစ်လို့မြင်ဖို့ အရေးကြီးသည်။ သို့သော် လူအမျိုးမျိုး၊ စိတ်အထွေထွေရှိသည့်အတိုင်း ချစ်ခြင်းမေတ္တာ၏အဓိပ္ပာယ်များသည် အမြင်မတူညီမှုများကြား၌ ကွဲပြားမှုများရှိသည်။ အကြမ်းအားဖြင့် မိမိအတ္တကြောင့် မိမိတစ်ဦးတည်း ပိုင်ဆိုင်ချင်သည့် ချစ်ခြင်းမေတ္တာ၊ မိမိ၏ဒေါသ၊ လောဘကြောင့် ရယူလိုသည့် ချစ်ခြင်းမေတ္တာ၊ တဏှာစိတ်ကြောင့် ဖြစ်တည်လာသည့် ချစ်ခြင်းမေတ္တာနှင့် မိမိ၏စိတ်ပျော်ရွှင်မှု၊ မိမိအား ဂရုစိုက်ပေးမှုများကြောင့် ဖြစ်ပေါ်လာသည့်ချစ်ခြင်းမေတ္တာဟူ၍ ဖြစ်သည်။

ယနေ့မြန်မာနိုင်ငံ၏တိုးတက်ဖွံ့ဖြိုးမှုများနှင့်အတူ LGBTIQA ဟုခေါ်သည့် လိင်စိတ်ကင်းမဲ့သူ သို့မဟုတ် လိင်တူချစ်ခင်စုံမက်ကြသည့် လူငယ်များလည်း များစွာရှိလာသည်။ ‘LGBT’ ဟုလည်း အတိုကောက် ပြောဆိုသုံးနှုန်းကြ၏။ LGBTIQA ဆိုသည်မှာ—

            ‘L’ သည် Lesbian ( မိန်းက​လေးချင်း​စိတ်​ဝင်​စားသူ/ မိန်းမကဲ့သို့ဝတ်​စားသူ)၊ 

            ‘G’ သည် Gay (​ယောက်ျား​လေးချင်း စိတ်​ဝင်​စားသူ/ ယောက်ျားကဲ့သို့ ဝတ်​စားသူ)၊

            ‘B’ သည် Bisexual (မိန်းမ​ရော ​ယောက်ျား​ရော နှစ်မျိုးစလုံးကို စိတ်​ဝင်​စားသူ)နှင့်

            ‘Transgender’ ဟု ခေါ်သည့် ‘T’ ၌ Transman – (မိန်းက​လေးဖြစ်​ပြီး ​ယောက်ျားကဲ့သို့ ဝတ်​စားသူ/ မိန်းက​လေးကို စိတ်​ဝင်​စားသူ) နှင့် Transwoman- ​(ယောက်ျားဖြစ်​ပြီး မိန်းမကဲ့သို့ဝတ်​စားသူ၊ ယောက်ျား​လေးကို စိတ်​ဝင်​စားသူ) ဟူ၍ နှစ်မျိုး ကွဲသွားပြန်သည်။

ထို့ပြင် Transman (မိန်းကလေးဖြစ်ပြီး ယောက်ျားကဲ့သို့ ဝတ်စားသူ/မိန်းကလေးကို စိတ်ဝင်စားသူ) များအား Tom boy ​လို့ ခေါ်ကြပြီး
Transwoman ​(ယောက်ျားဖြစ်ပြီး မိန်းမကဲ့သို့ဝတ်စားသူ/ ယောက်ျားလေးကိုစိတ်ဝင်စားသူ) များအား Lady boy ဟုလည်း ခေါ်ကြသည်။ တစ်ဖန်—

            ‘I’ သည် intersex (မွေးရာပါ လိင်နှစ်မျိုးလုံးပါတဲ့သူ)၊

            ‘Q’ သည် Queer (လိင်စိတ်ခံယူမှုကင်းမဲ့သူ သို့မဟုတ် မိမိကိုယ်မိမိ မည်သည့်လိင်ခံယူရမှန်း မသိသေးသူ သို့မဟုတ် မိမိ၏ လိင်စိတ်ခံယူမှုကို မဖွင့်ဟလိုသူ) နှင့် ‘A’သည် Asexual (လိင်ဆက်ဆံမှုရမ္မက်) ဖြစ်၏။ ပုံသေအားဖြင့် Asexual သည် လိင်စိတ်ကင်းမဲ့သူဟု ဆိုရမည်ဖြစ်၏။

လိင်တူချစ်ကြိုက်ခြင်းသည် (၂၁) ရာစုရောက်မှ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ ရှေးနှစ်ပေါင်းများစွာကတည်းက ရှိခဲ့သည်။ ယနေ့ခေတ်လို ပွင့်လင်းမှု မရှိခဲ့၍သာ ဖြစ်၏။ ထို့ပြင် လိင်တူလက်မထပ်ရဥပဒေ မရှိခဲ့သလို လိင်တူမချစ်ရဆိုသည့် တရားဒေသနာသည်လည်း ရှိခဲ့သည်မဟုတ်ပေ။ သို့သော် ရှေးရိုးစွဲငြင်းပယ်ခဲ့သည့်အရာဖြစ်သဖြင့် LGBT (လိင်စိတ်ခံယူမှုကွဲသူ) များကို လက်မခံကြဘဲ လူမှုနယ်ပယ်တွင် ငြင်းပယ်အပြစ်တင်ခဲ့ကြသည်။ ထို့ကြောင့် လိင်တူချစ်ခင်စုံမက်သူများအတွက် အကြီးမားဆုံးအတိုက်အခံသည် မိသားစုနှင့် ပတ်ဝန်းကျင်ပင် ဖြစ်၏။ လိင်တူချစ်ခင်စုံမက်ခြင်းကို မည်သည့်မိသားစုကမှ အားပေးလက်ခံ ခွင့်လွှတ်နားလည်သည် မဟုတ်ပေ။ ထို့ပြင် နှစ်ဦးစလုံးသည် သင့်တင့်မျှတသည့် အရည်အချင်းများရှိပါလျက် လူမှုနယ်ပယ်တွင် ပစ်ပယ်ထားခြင်းခံကြရသလို ပတ်ဝန်းကျင်တွင်လည်း ကဲ့ရဲ့ရှုတ်ချခြင်းများဖြင့်သာ ဟားတိုက်ရယ်မောခြင်းကိုသာ ခံကြရသည်။

ယနေ့ မြန်မာနိုင်ငံရှိ လိင်တူချစ်ခင်စုံမက်ခြင်းသည် အနောက်နိုင်ငံများကလို သက်မဲ့အရာဝတ္ထုများဖြင့်ဖြစ်စေ၊ တိရိစ္ဆာန်များဖြင့်ဖြစ်စေ ထိမ်းမြားလက်ထပ်ခြင်း မဟုတ်ပေ။ မြန်မာနိုင်ငံ၌ လိင်တူထိမ်းမြား လက်ထပ်ခြင်းအား အသိအမှတ်မပြုဘဲ ကန့်ကွက်ဟန့်တားသည့်ဥပဒေတစ်ရပ် ထုတ်ပြန်ဖြစ်ခဲ့မည်ဆိုပါကလည်း လိင်တူချစ်ခင်စုံမက်ခြင်းအား အသိအမှတ်ပြုသင့်သည်ထင်၏။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်စုံမက်ခြင်းသည် လုပ်ယူ၍မရဘဲ အချိန်အခါမရွေး၊ နေရာမရွေး ချစ်ခင်စုံမက်ခြင်းများဖြစ်ပေါ်တတ်သဖြင့် အသိအမှတ်ပြုခြင်း မခံရပါကလည်း လိင်တူများ၏ချစ်ခြင်းမေတ္တာကို တားဆီးပိတ်ပင်ခြင်း မပြုသင့်ပေ။

‘ယောက်ျားလေးက မိန်းကလေးကို ချစ်ချစ်၊ မိန်းကလေးက ယောက်ျားလေးကိုချစ်ချစ်၊ ယောက်ျားအချင်းချင်းပဲ ချစ်ချစ်၊ မိန်းကလေးအချင်းချင်းပဲ ချစ်ချစ်’ အချစ်သည် အချစ်သာဖြစ်၏။ ဥပမာ – လူနှစ်ယောက်သည် သူတို့၏နှလုံးသားကိုယ်စီဖြင့် တစ်ယောက်ကိုတစ်ယောက် ချစ်ခင်မြတ်နိုးကြသည်။

ထိုသို့ချစ်ခင်မြတ်နိုးကြသော သူတို့နှစ်ဦး၌ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံချင်း တူညီနေလျှင် လိင်တူချစ်ခင်စုံမက်နေသည့် ချစ်သူနှစ်ဦးဟု သတ်မှတ်ရမည်ဖြစ်၏။ ထို့ပြင် လိင်အင်္ဂါတူညီမှုကြောင့် ချစ်ခင်စုံမက်ကြခြင်းမဟုတ်ဘဲ နှလုံးသားကိုယ်စီဖြင့် ချစ်ခင်စုံမက်ခဲ့ကြခြင်းဖြစ်သလို လိင်အင်္ဂါကို ချစ်ခင်ခြင်းမဟုတ်ဘဲ နှလုံးသားအချင်းချင်း မြတ်နိုးနှစ်သက်ခဲ့ကြခြင်းဖြစ်၏။ ထို့ကြောင့် LGBT များအား နှလုံးသားဖြင့်ချစ်ခင်စုံမက်ခြင်းဟု လေးလေးနက်နက်အဓိပ္ပာယ်ဖွင့်ဆို၍ ရ၏။ ထိုအကြောင်းအရာများသည် Homosexual( Homo) လိပ်တူဆက်ဆံခြင်းကို နှစ်သက်ခြင်း ဖြစ်သည်။

ချစ်ခြင်း၊ ကြိုက်ခြင်း၊ နှစ်သက်ခြင်းများသည် ခန္ဓာကိုယ်အသွင်အပြင်ဖြင့် မဆိုင်ပေ။ လိင်နှင့်မဆိုင်ပေ။ အချစ်ကို အချစ်ဟုသာ မြင်စေချင်သည်။ လိင်တူချစ်ခင်စုံမက်ခြင်းသည် ရောဂါတစ်မျိုး မဟုတ်သလို လိင်တူချစ်ခင်စုံမက်ခြင်းသည် ရှေးဘဝကကုသိုလ်ကံ၊ အကုသိုလ်ကံဖြင့်လည်း မဆိုင်ပေ။ လူတစ်ယောက်၏ လိင်စိတ်ခံစားမှုဖြင့်သာ သက်ဆိုင်ပေသည်။ ‘ယောက်ျားလေးချင်း၊ မိန်းကလေးချင်း ဘာလုပ်လို့ရမှာလဲ’ဆိုသည့် မေးခွန်းများစွာကလည်း လူတိုင်း၏ပါးစပ်ဖျား၌ လှောင်ပြောင်အပြုံးများဖြင့် ရှိနေသည်ပင်။ ဟုတ်သည်။ ယောက်ျားလေးချင်း၊ မိန်းကလေးချင်း လိင်တူချစ်ခင်စုံမက်၍ လိင်တူလက်ထပ်ပေါင်းသင်းခြင်းသည် ‘ဘာမှလုပ်၍ ရသည်မဟုတ်’ဟု ကဲ့ရဲ့အပြစ်တင်ကာ ဝေဖန်ပြောဆိုကြမည်။

သို့သော် ချစ်ခြင်းမေတ္တာနှင့် တဏှာသည် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်၏။ လုံးဝမတူ ကွဲပြားခြားနားသည်ပင်။ ယောက်ျားနှင့်မိန်းမ ထိမ်းမြားလက်ထပ်ခြင်းတွင် အနည်းနဲ့အများ တဏှာစိတ် ပါဝင်သက်ရောက်နေမည် ဖြစ်သလို လိင်တူချစ်ခင်စုံမက်ခြင်းများ၌လည်း ထိုချစ်ခြင်းတစ်ခုတည်းဖြင့် အတူတကွ နေထိုင်သွားလိုသည့်စိတ် တစ်ခုတည်းလည်း ရှိနိုင်၏။ ထိုသို့ဆိုလျှင် လက်ထပ်ခြင်းမရှိဘဲ အတူနေထိုင်နိုင်ကြသည်ဟု ဆိုနိုင်သော်လည်း လက်မှတ်ရေးထိုးကာ လက်ထပ်ချင်ကြသည့် အကြောင်းအရင်းသည် ဥပဒေတစ်ခုအောက်၌ တရားဝင်ပိုင်ဆိုင်ခွင့် ရချင်ကြသလို ကဲ့ရဲ့မှုမရှိသည့်ပတ်ဝန်းကျင်၌ ပွင့်ပွင့်လင်းလင်း ချစ်ခွင့်ရကြဖို့အတွက် လက်ထပ်ထိမ်းမြားခြင်းများ ပြုလုပ်ချင်ကြခြင်း ဖြစ်၏။

ထို့ပြင် လိင်တူလက်ထပ်ပေါင်းသင်းခြင်းအား ဥပဒေချမှတ်၍ ကန့်ကွက်ဟန့်တားခဲ့လျှင်လည်း LGBT တို့၏လိင်စိတ်ခံစားမှုကို ကဲ့ရဲ့အပြစ်တင်ခြင်းမျိုးမလုပ်ဘဲ နားလည်လက်ခံပေးစေချင်၏။ LGBT များသည် သွေးဆိုးသောင်းကျန်းနေသည့် သောင်းကျန်းသူများမဟုတ်သလို ပြည်တွင်း ငြိမ်းချမ်းရေးကိုပျက်ပြားအောင်လုပ်နေသည့် ဗုံးဖောက်ခွဲသူများလည်း မဟုတ်ပေ။ ထို့ပြင် သူတစ်ပါးအကျိုးစီးပွားများအား ထိခိုက်ပျက်စီးအောင် မလုပ်ကြဘဲ ကိုယ့်လမ်းကိုယ် ငြိမ်းချမ်းစွာ လျှောက်လှမ်းနေကြသည့် ပုဂ္ဂိုလ်များသာ ဖြစ်၏။ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနယ်ပယ်များ၌ စွမ်းနိုင်သမျှ ကြိုးစားကြသော်လည်း တန်းတူအခွင့်အရေပေးကာ ဆက်ဆံခံရခြင်းမပြုသည့်အတွက် LGBT များ၌ အခက်အခဲများစွာ ရှိသည်။ ထို့ပြင် ‘အဖွဲ့လိုက်နှင့် တစ်ယောက်တည်း’ ဟုဆိုရမည်ဖြစ်သလို လူများစုနှင့် လူနည်းစုဖြစ်နေသဖြင့် အနှိမ်ခံ၊ အပယ်ခံဘဝသို့ ရောက်နေကြရသည်။

ထို့ကြောင့် LGBT များအား အပြစ်တင်မစောဘဲ LGBTများအကြောင်းကို အရင်လေ့လာကြည့်စေချင်၏။ LGBT များကြောင့် လူမှုနယ်ပယ်၌ ပြဿနာပေါင်းများစွာ ဖြစ်စေသည်ဆိုလျှင်လည်း ထောက်ပြညွှန်ပြစေလို၏။ အမှန်စင်စစ် LGBT များအား တန်းတူအခွင့်အရေးပေးကာ ဆက်ဆံစေချင်သလို နားလည်ခွင့်လွှတ်ကာ အသိအမှတ်ပြုစေချင်ကြောင်း အကြံပြုဖော်ပြ ရေးသားလိုက်ရပါသည်။

သွန်းသျှံခ(E.co)

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.