LGBT များအတွက် Group Therapy Section (စိတ်ဓာတ်ခွန်အား မျှဝေခြင်း) စတဲ့ အစီအစဉ်ကို မေလမှစတင်ပြီး ရန်ကုန်မြို့မှာ ပုံမှန်ကျင်းပပြုလုပ်သွားမည်

ရန်ကုန်မြို့မှာနေထို်င်တဲ့ LGBT များအတွက် Colors Rainbow နဲ့ Heal the World တို့ ပူးပေါင်းပြီး Group Therapy Section (စိတ်ဓာတ်ခွန်အား မျှဝေခြင်း) အစီအစဉ်ကို မေလမှ စတင်ကာ တစ်ပတ်လျှင် ၂ ရက်စီနဲ့ (၁၈) ကြိမ်အထိ ပြုလုပ်သွားဖို့ ရှိပါတယ်။

ဒီဆွေးနွေးပွဲမှာ ပါဝင်လိုသူတွေအနေနဲ့ ဆွေးနွေးပွဲတွေကို အနည်းဆုံး (၁၆) ကြိမ်အထိ မပျက်မကွက် တက်ရောက်နိုင်သူ ဖြစ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

“လူသားအားလုံး တစ်ချိန်ချိန်မှာ အခက်အခဲတွေ ကြုံတွေ့ရစမြဲ ဖြစ်ပါတယ်။ အဲဒီအခါမှာ မိမိကိုယ်တိုင်သော်လည်း ကောင်း၊ ယုံကြည်ရတဲ့ မိတ်ဆွေတစ်ယောက်ကိုသော်လည်းကောင်း ရင်ဖွင့်ပြောဆို ဖြေသိမ့်ကာ အကြံဉာဏ် ယူကြရပါတယ်။ တစ်ခါတလေ တခြားလူတစ်ယောက်ကို ဖွင့်ပြောလို ့အဆင်မပြေတဲ့ အကြောင်းတရားတွေလည်း ရှိလာတတ်ပါတယ်။ အထူးသဖြင့်တော့ LGBT တွေရဲ ့ဘဝမှာ အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ရပြီး သူတို့ကို လက်ခံ ယုံကြည်ပေးတဲ့သူ၊ လက်ခံယုံကြည်ပေးတဲ့ ပတ်ဝန်းကျင်ဟာ မရှိသလောက် ရှားပါးပါတယ်။ စိတ်ဒဏ်ရာတွေ ရရှိပြီး မိမိကိုယ်မိမိ ယုံကြည်မှုတွေ ပျောက်ဆုံးသွားတဲ့နောက် လူရာမဝင်၊ လူတောမတိုး ဖြစ်သွားတတ်ကြပါတယ်။ ဒီထက်ပိုမို ဆိုးရွားလာရင်တော့ မိမိကိုယ်မိမိ အဆုံးစီရင်သွားတက်ကြပါတယ်။ ဒါကြောင့် ယခုအစီအစဉ်လေးကို Lesbian, Trans-man, Bi-sexual Women များအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါတယ်” လို့ မရှင်းသန့်က ပြောပါတယ်။

ဒါ့အပြင် ပါဝင်တက်ရောက်မည့်သူတွေဟာ ဆွေးနွေးပွဲအတွင်း ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေကို နှုတ်လုံစွာ စောင့်ထိန်းတက်သူ ဖြစ်ရမယ်လို့လည်း အစီအစဉ်ကို ဦးဆောင်ဆောင်ရွက်သူ မရှင်းသန့် က ပြောပါတယ်။

“ကိုယ်တိုင်က မိမိရဲ့ အရည်အသွေးတွေ၊ စွမ်းရည်တွေကိုသာ မြှင့်တင်ထားမယ်ဆိုရင် မိမိရဲ့ အားနည်းချက်တွေကို လျော့ချနိုင်မှာဖြစ်ပြီး အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်မှာဖြစ်တဲ့အပြင် မိမိရဲ့ အားသာချက်တွေကိုလည်း အခြားသော မိတ်ဆွေသူငယ်ချင်းတွေကို မျှဝေပေးနိုင်မှာ ဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေက မိမိအား ယုံကြည်စွာနဲ့ တိုင်ပင်လာတဲ့အခါ နှုတ်လုံဖို့နဲ့ လျှို့ဝှက်စောင့်ထိန်းထားတက်ဖို့လည်း အရေးကြီးပါတယ်” လို့ မရှင်းသန့်က ပြောပါတယ်။

ဒီအစီအစဉ်ကို တက်ရောက်မယ်ဆိုရင် ဆွေးနွေးပွဲ တက်ရောက်လိုတဲ့ မိမိတို့ရဲ့ ရည်ရွယ်ချက်တွေကို ထုတ်ပြန်ထားတဲ့ လျှောက်လွှာဖောင်မှာ ပြည့်စုံစွာရေးသားပြီး shinthant.crb@gmail.com သို့ဖြစ်စေ၊ Viber Number +95 (0) 9402602911 သို့ ဓာတ်ပုံရိုက်ပြီးဖြစ်စေ ဧပြီလ (၁၈) ရက်ထက် နောက်မကျပဲ ပေးပို့လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ ရွေးချယ်ခံရတဲ့သူတွေကိုတော့ ဧပြီလ (၂၇) ရက်မှာ အကြောင်းပြန်သွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.