S&S / Events & Floral Service ပန်းအလှပြင် လုပ်ငန်းရှင် ပါဝါနှင့် တွေ့ဆုံမေးမြန်းခြင်း

“စေတနာထားပြီးလုပ်ရင် ဘာမဆိုဖြစ်တယ်။ အပျော်အပါးမက်တဲ့စိတ်၊ ထင်ပေါ်ချင်စိတ်တွေရှိနေရင် သေချာတာက ဖြစ်မှာမဟုတ်ဘူး” 

S&S / Events & Floral Service ပန်းအလှပြင် လုပ်ငန်းရှင် ပါဝါနှင့် တွေ့ဆုံမေးမြန်းခြင်း

 

မင်္ဂလာပါ ပါဝါရဲ့ အလုပ်အကိုင်နဲ့ ဘဝအကြောင်းလေးကို အရင်ဆုံးမိတ်ဆက်ပေးပါ ခင်ဗျား။

အလုပ်အကိုင်ကတော့ ပန်းအလှပြင်ပေါ့နော်။ လောလောဆယ်တော့ S&S / Events & Floral Service ဆိုပြီး ဆိုင်ဖွင့်ထားပါတယ်။ ပန်းအလှလုပ်ငန်းကို လုပ်နေတာတော့ ကြာပြီ၊ ၂၀၀၂ ခုနှစ်ကတည်းက အမေလင်း (ပန်းအလှ လင်းလင်း) ဆီမှာ စလုပ်ဖြစ်တယ်။ အဲ့တုန်းကတော့ ပညာသင်ဘဝနဲ့ သွားလုပ်ဖြစ်တယ်။ ၂၀၁၅ ခုနှစ်မှာ မလုပ်တော့ဘူး၊ အဲလို မလုပ်ဖြစ်တော့တဲ့အချိန်မှာ Wedding Planner အစ်မကြီးတစ်ယောက်နဲ့ တွေ့တယ်။

အဲဒီအမနဲ့တွေ့ပြီး စကားပြောဖြစ်တော့ သူက “အရင်းအနှီးကို ငါထုတ်ပေးမှာပေါ့” ဆိုပြီးပြောတယ်။ ကိုယ်နဲ့ အဲဒီအမနဲ့က သိပ်ပြီးရင်းနှီးတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အမေလင်းသမီးဆိုတော့ ယုံကြည်တာလည်း ပါမှာပေါ့။ အဲဒီလိုနဲ့ သူ Wedding Planner လုပ်တဲ့ပွဲမှာ နင် ဒီဟာနဲ့ ရင်းဆိုပြီးတော့ ပိုက်ဆံတွေ ပေးလိုက်တယ်။ နောက်ပွဲတွေလည်း အရင်းအနှီး ဆက်လုပ်ဆိုပြီး သူက ကူညီပေးခဲ့တာပေါ့။ အဲဒီကနေ စလုပ်ဖြစ်ခဲ့တယ်။ နောက်ပြီး ကိုယ်ကိုယ်တိုင်က ကြိုးစားခဲ့တာလည်း ပါတာပေါ့။ သူပေးလိုက်တဲ့ ပိုက်ဆံနဲ့ သူရဲ့စစချင်းပွဲမှာ ကိုယ်က အကောင်းဆုံး လုပ်နိုင်ခဲ့တယ်။ စစချင်းမှာသာ သိပ်ပြီး ဖိဖိစည်းစည်းမလုပ်ခဲ့ဘူးဆိုရင် အခုလို အခြေအနေရောက်လာမှာ မဟုတ်ဘူး။ အဲ့တုန်းကလည်း တကယ် မရှိဘူးလေ။ ပိုင်တာဆိုလို့ ကတ်ကြေးတစ်လက်ပဲ ရှိတယ်။ သူငယ်ချင်းရဲ့အခန်းမှာ ကပ်နေရတဲ့ဘဝလေ။

ငယ်ငယ်က ကျောင်းတက်ခဲ့တဲ့ အချိန်မှာ အမှတ်တရလေးတွေ ရှိခဲ့လား။

ခြောက်တာကတော့ ငယ်ငယ်ကတည်းက ခြောက်တာ။ ငယ်ငယ်ကတည်းက ရည်းစားရှိခဲ့တယ်။ တကျောင်းလုံးကလည်း ကိုယ့်ကို အခြောက်မှန်း သိတယ်၊ ရပ်ကွက်ထဲမှာလည်း သိတယ်လေ။

ကိုယ့်ကိုယ်ကို ငယ်ငယ်ကတည်းက ခြောက်နေတာလည်း သိတယ်ဆိုတော့ မိဘတွေက ဆုံးမတာတွေရော ရှိခဲ့လား။

အဲ့လိုတွေ မရှိခဲ့ဘူး။ ဘာလို့လဲဆိုတော့ အပြင်မှာ နေချင်သလို နေပေမဲ့ အိမ်မှာတော့ အဲလိုမနေဘူး။ အပြင်မှာ ဘောင်းဘီတို ဝတ်ပေမဲ့ မိဘအိမ်ပြန်ရင်တော့ ဘောင်းဘီရှည်ဝတ်တယ်။ အရင်ကဆိုရင် နားကပ်တွေတောင်ချွတ်ပြီးမှ ပြန်တယ်။ အခုဆို ကိုယ်ကလည်း အခြေအနေတစ်ခုရောက်နေပြီ၊ အိမ်ကလည်း စိတ်ချနေပြီဆိုတော့ မပြောတော့ဘူး။ အဖေက အရာရှိဆိုတော့ တပ်ထဲမှာပဲ နေတယ်။ တစ်ပတ်မှ တစ်ခါ ပြန်လာတာဆိုတော့ ကိုယ့်ကို သိပ်ပြီးဘာမှ မပြောဖြစ်ဘူး။ အမေကလည်း ကိုယ့်သားကို ချစ်တဲ့သူဆိုတော့ ရပ်ကွက်ထဲက “ဟဲ့ နင့်သား အခြောက်တွေနဲ့ တွဲနေတယ်” ပြောရင်တောင် အမေက “အမလေး သူ့ဟာသူ ဘာဖြစ်ဖြစ် သူ့ကံနဲ့ သူ လာတာ” အဲ့လိုတောင် ပြန်ပြောခဲ့တာဆိုတော့ မိသားစုနဲ့က သိပ်ပြီး ပြဿနာ မရှိခဲ့ဘူး။ ပန်းအလုပ်လည်း လုပ်နေတယ်။ အောင်လည်း အောင်မြင်နေတယ်ဆိုတော့ သူတို့လည်း စိတ်ချသွားပြီပေါ့။

ပါဝါတို့ ခေတ်တုန်းကဆိုရင် ကျောင်းတွေမှာ အခြောက်မ တစ်ယောက်ကို လက်ခံဖို့ ဘယ်လောက်ထိ ခက်ခဲ့တာမျိုးတွေ ရှိခဲ့လဲ။

သူများတွေ ပြောနေကြပေမဲ့ တစ်ခါမှတော့ ခွဲခြားဆက်ဆံတာတွေ မခံခဲ့ရဘူး။ မိန်းမပုံ မဝတ်လို့လားတော့ မပြောတတ်ဘူး။ မိန်းမပုံဝတ်မှ မဝတ်တာ။ တစ်ခါတလေ ပွဲရှိမှသာ ဝတ်ဖြစ်တာလေ။ ယောက်ျားပုံနဲ့ အခြောက်မှန်းသိသာတဲ့ ဟာမျိုးမို့လို့လားတော့ မပြောတတ်ဘူး။ တစ်ခုတော့ ရှိမှာပေါ့။ လူအနေအထား ကွာတာလည်း ရှိမှာပေါ့။

ဒီလိုဆိုတော့လည်း လွတ်လပ်တဲ့ဘဝကိုရဖို့ အထောက်အကူဖြစ်စေခဲ့တာပေါ့နော်။

အင်းပေါ့။ အထောက်အကူ ဖြစ်တာပေါ့။ နောက်တစ်ခုရှိတာက အနေအထိုင်လည်း ဆင်ခြင်တာပါလို့လေ။ ကိုယ့်ဖာသာ အပြင်မှာ ဘယ်လိုနေနေ အိမ်မှာဆို အဲဒီလို မနေဘူးလေ။ အဲ့ဒါလည်း ကွာမှာပေါ့။ ကိုယ့်မိဘရှေ့မှာ အနေအထိုင် ဆင်ခြင်တယ်။ အပြောအဆို ဆင်ခြင်တယ်။ နွဲ့ပေမဲ့လည်း ယောကျာ်းလေးလို နေတယ်။

စစ်သားကြီးဖြစ်တဲ့ အဖေပေါ်မှာရော ဘယ်လိုထင်လဲ။

အဖေက စစ်သားဆိုတော့ သူတို့က သိပ်လက်ခံလေ့ မရှိဘူး။ အရင်ကဆို အဖေက မိန်းမ ပေးစားချင်သေးတာ။ အခုတော့ ဘာမှ မပြောတော့ပါဘူး။ အဓိကကတော့ ကိုယ့် ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်ခဲ့တာလည်း ပါတယ်။ အိမ်မှာ နေရင်တော့ တစ်မျိုးဖြစ်ခဲ့ရင်လည်း ဖြစ်မှာပေါ့လေ။ ကိုယ်က အပြင်မှာနေတဲ့ အတောအတွင်းမှာ အိမ်ကို ဘာဒုက္ခမှ မပေးခဲ့ဘူး၊ ပိုက်ဆံတောင်းတာလည်း သိပ်မရှိခဲ့ဘူး။ ကိုယ်က ရရင်ရသလို အိမ်ပေးတာဆိုတော့ သူတို့က သိပ်ပြီး ပြောဆိုတာ မရှိခဲ့ဘူး။

ပါဝါတို့ခေတ်နဲ့ ဒီဘက်ခေတ် ဘာတွေ ကွာသွားပြီလို့ ထင်လဲ။

လွန်ခဲ့တဲ့ (၁၅) နှစ်ထက်စာရင် အမျိုးမျိုး ပြောင်းသွားပြီလေ။ အခုက လူအများစုကလည်း လက်ခံလာကြပြီ။ ကိုယ်တွေတုန်းက တစ်ခုခုဆို ပြူးပြဲကြည့်တာလေ။ အခုများ ဘယ်သူမှ ကြည့်မဲ့သူ မရှိဘူး။ ကိုယ့်ဘာသာကို ပွင့်ဟ သွားချင်သွား ရနေတာပဲ။ ရန်ကုန်မြို့ထဲဆို မြင်နေကြားနေတာများတော့ မဆန်းတော့ဘူး။

LGBT တွေ အထူးသဖြင့် Transgender တွေအနေနဲ့ အလုပ်အကိုင်ပိုင်းတွေမှာ အခွင့်အလမ်းတွေ ရှားနေတုန်းပဲလို့ ဆိုကြပါတယ်။ ဒီအပေါ်မှာကော ပါဝါအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

အဓိကကတော့ ကိုယ့်ဘာသာ ကိုယ် ပြင်မှရတာပေါ့။ အလုပ်က မရှားပါဘူး။ တကဲ့တကယ် မိန်းမလျာတွေက လုပ်စားတတ်ရင် ပိုက်ဆံတောင် ပိုရသေးတယ်။ မိတ်ကပ်ပြင်တတ်ရင်တောင် ထမင်းမငတ်တော့ဘူး။ ငွေကို အချောင်လိုချင်စိတ် ရှိရင်တော့ မဖြစ်ဘူးပေါ့။ မှန်ပါတယ် အပွင့်မအနေနဲ့ ကုမ္ပဏီအလုပ်တွေမှာ မဖြစ်နိုင်ဘူး ထင်တယ်။ ဒါပေမဲ့လည်း ဗြူတီစလွန်းတို့ မိတ်ကပ်ဆိုင်တို့မှာ သွားလုပ်လည်း ရတာပဲ။ အဲလိုလုပ်ဖို့ စိတ်ကူးမရှိဘူး။ OFFER ဆင်းဖို့ပဲ စိတ်ကူးရှိကြတယ်။ အခြောက်မ အများစုက OFFER ဆင်းရင် ဘယ်လို ဟရမလဲ အဲဒါပဲ စိတ်ကူးနေကြတယ်။ အဲလို လုပ်တာတွေ များလာတော့ ရဲတွေက လိုက်ဖမ်းတာပေါ့။ ကိုယ်တိုင်လည်း နှစ်ခါ ကြုံခဲ့ရဖူးတယ်။ ရဲတွေကလည်း အရပ်ဝတ် ဝတ်ပြီး TAXI နဲ့လာတာ။ OFFER ခေါ်သလိုနဲ့ အကုန်ဖမ်း။ ပထမတစ်ခေါက်တော့ ကားပေါ်မှာပဲ ဘယ်မှာနေတာလဲ၊ နာမည် ဘယ်လိုခေါ်လဲ၊ အဖေ၊ အမေ နာမည်မေးတော့ အကုန်ပြန်ဖြေခဲ့တာ။ အဖေ့ရာထူးပြောတော့ စခန်းထိတောင် မခေါ်ပဲ လမ်းမှာပဲ ချပေးခဲ့တာ။ နောက်တစ်ခေါက်ကျတော့ စခန်းထိ ခေါ်သွားတယ်။ ဒီလိုပဲ မေးမြန်းတယ်။ ကိုယ်က ပန်းအလှပြင် လုပ်တယ်၊ ဘာညာဆိုတော့ ပြန်လွှတ်လိုက်တာပါပဲ။ ပြောချင်တာကလေ အေးအေးဆေးဆေးဆို မဖမ်းဘူး။

အရင်က ကုမ္ပဏီဝန်ထမ်း၊ အခုတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေး ထူထောင်ပြီး လုပ်နေတယ်ဆိုတော့ ဒီအပေါ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေကို ဘယ်လို ကျော်ဖြတ်ခဲ့လဲ။

ကိုယ့်ဖာသာ ကိုယ်လုပ်တဲ့အခါကျတော့ အကုန်စိတ်ပူရပြီလေ။ စားဖို့သောက်ဖို့လည်း စိတ်ပူရ၊ လုပ်ငန်းအတွက် လည်း စိတ်ပူရပြီလေ။ တစ်ခါတလေကျရင် ပိုက်ဆံတောင်မရှိဘူး။ နောက်ပွဲအတွက် ရင်းဖို့တောင် မရှိဘဲ ပြတ်သွားတယ်။ အဲ့လိုအခါမျိုးကျရင် ပိုက်ဆံကို ကြိုတောင်းရတာမျိုး၊ ဟိုဘက်က လှည့်သုံး ဒီဘက်ကလှည့်သုံး လုပ်ရတာပေါ့။ အဲချိန်မှာ စိတ်လျှော့လိုက်ရင် ဒီချိန်ထိ ဖြစ်လာမှာ မဟုတ်ဘူး။

ကိုယ်ပိုင်လုပ်ငန်းလေးတွေ ထူထောင်ချင်တဲ့ တချို့ LGBT တွေ၊ အပွင့်မလေးတွေ ရှိကောင်းရှိပါလိမ့်မယ်။ မိတ်ကပ်ဆိုင်ပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်ပေါ့။ သူတို့တွေကိုကော ဘယ်လိုများ အကြံညဏ်ပေးချင်ပါသလဲ။

ပြောချင်တာကတော့ တကယ်လုပ်ရင် တကယ်ဖြစ်တယ်။ တစ်ခုလိုချင်ရင် သေချာတာကတော့ တစ်ခု စွန့်လွှတ်ရမှာ ပဲ။ ကိုယ်ကိုယ်တိုင်လည်း (၁) ခုမကဘူူး (၄၊ ၅၊ ၆) ခုလောက် စွန့်ခဲ့ရတာပဲ။ သုံးတာစွဲတာကအစ စီစစ်ခဲ့ရတယ်လေ။ ဒီဟာလည်း လိုချင်၊ ဟိုဟာလည်း လိုချင်လို့တော့ မရဘူးလေ။ ကိုယ်ကိုယ်တိုင်က ဘာဖြစ်ချင်သလဲ၊ ဘာလုပ်ချင်သလဲ အဓိကသိဖို့ လိုတယ်။ ယောင်ဝါးဝါးလုပ်နေလို့လည်း မဖြစ်ဘူးလေ။ ကြိုးစားရင် ဘာမဆိုဖြစ်ပါတယ်။ စေတနာထားပြီးလုပ်ရင် ဘာမဆိုဖြစ်တယ်။ အပျော်အပါးမက်တဲ့စိတ်၊ ထင်ပေါ်ချင်စိတ်တွေရှိနေရင် သေချာတာက ဖြစ်မှာမဟုတ်ဘူး။ အချိန်တစ်ခုတော့ စောင့်ရမှာပေါ့။ စိတ်ကိုချိုးနှိမ်ပြီး (၂) နှစ် (၃) နှစ်လောက် အရာအားလုံးကို ဆင်ခြင်လိုက်ရင် ဘာမှမဖြစ်ပါဘူး။ ဟုတ်တယ်မလား။

နောက်ပိုင်းရော ဒီလုပ်ငန်းကို တိုးချဲ့သွားဖို့ ရှိသေးလား။

တိုးချဲ့မှာပေါ့။ အခုတောင် တဖြည်းဖြည်း ကြီးကျယ်လာပြီပဲလေ။ နောက်ပြီး ပန်းအလှပြင်တယ်ဆိုတာက မင်္ဂလာ ဆောင်တွေတင် သုံးတာ မဟုတ်ဘူးလေ ကုမ္ပဏီပွဲတွေကအစ သုံးနေတာဆိုတော့ ဒီအလုပ်ကိုပဲ ဇောက်ချလုပ်ရမှာပဲ။ တစ်ခုရှိ တာက ကိုယ်လုပ်တဲ့အလုပ်ကို အမြဲတမ်းလေ့လာနေရမှာပေါ့လေ။ ပညာက ကုန်သွားတယ်ဆိုတာမှမရှိတာ။ သူများက ဒါလေးပဲ လုပ်နေလို့ ကိုယ်ကလည်း ဒီအတိုင်းပဲ သွားနေမယ်ဆို တိုးတက်လာဖို့ မရှိဘူးလေ။ အမြဲလေ့လာနေရမှာပဲ။ အခုပွဲမှာ ဒီဇိုင်းတစ်မျိုးဆိုရင် နောက်ပွဲဆို နောက်ဒီဇိုင်းတစ်မျိုး ပြောင်းတယ်။

ဒီအလုပ်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ကျေနပ်ဂုဏ်ယူမှုရှိလား။

ဂုဏ်ယူမှုရှိတယ်၊ မရှိဘူးဆိုတာထက် ကိုယ်လုပ်ပေးလိုက်တဲ့ပွဲလေး အောင်အောင်မြင်မြင် ပြီးသွားတယ်၊ သတို့သမီး၊ သတို့သားတွေ ကျေနပ်တယ်ဆိုရင်ပဲ စိတ်ထဲ ပျော်နေတာ။ ပွဲတစ်ပွဲက ဘယ်လောက် မြတ်တယ်၊ မမြတ်ဘူးဆိုတာထက် သူတို့ရဲ့ တစ်သက်တာ မင်္ဂလာပွဲလေး အဆင်ပြေအောင်လုပ်ပေးလိုက်လို့ သူတို့ပြုံးပျော်သွားတဲ့့အခါ ဖြစ်လာတဲ့ပီတိဆိုတာ ပြောမပြတတ်အောင်ပဲ။ ဒါပေမဲ့ တချို့ကျတော့ ဘယ်လောက်လုပ် ပေးလုပ်ပေး မကျေနပ်ပဲ အပြစ်မြင်တဲ့သူတွေလည်း ရှိတယ်။ ငါ ပိုက်ဆံပေးပြီး အပ်တာဆိုတဲ့ပုံစံတွေလည်း ရှိတယ်။ ဒီလိုပါပဲ သည်းခံပြီး လုပ်ရတာပေါ့။

မိဘတွေလည်း မရှိတော့တဲ့အချိန် ကိုယ်တစ်ယောက်တည်း အသက်ကြီးလာရင်ဆိုတဲ့အပေါ်မှာကော ဘယ်လို ပြင်ဆင်ထားတာမျိုးတွေ ရှိသလဲ။

အဲဒါတွေ တွေးမိလို့ ဒီလုပ်ငန်း လုပ်လိုက်တာလည်း ပါတယ်။ ပျော်ပါးခဲ့တဲ့ အချိန်တွေကလည်း များခဲ့ပြီ။ ကိုယ့်ဘဝအတွက် အာမခံချက်ကလည်း မရှိသေးဘူး။ လုပ်ငန်းဆိုတာကလည်း ဒီနေ့ကောင်းရင် ကောင်းမယ်၊ နောက်နေ့ ကောင်းချင်မှ ကောင်းမှာလေ။ အခုထိတော့ ကြိုးစားဆဲအဆင့်ပဲ ရှိသေးတယ်။ ဒါပေမဲ့ နောင်ရေးကို ပူလားဆိုတော့လည်း သိပ်မပူဘူး။ ကိုယ့်ကိုယ်ကို သေသူလို့ သတ်မှတ်ထားတဲ့အတွက်လေ။

နောက်ပိုင်းတွေမှာ ပန်းအလှပြင်နဲ့ ပတ်သက်ပြီး သင်တန်းပေးဖို့ အစီအစဉ်တွေရော ရှိလား။

သင်တန်းက တစ်နှစ်ကို တစ်ခေါက်လောက်တော့ ပေးဖြစ်တယ်။ မနှစ်ကဆို ရန်ကုန်တိုင်း စစ်ဌာနချုပ်က အမျိုးသမီးတွေကို ပန်းသင်တန်းပေးတယ်။ အခုနှစ်လည်း ထပ်ဖွင့်ဖို့ ရှိတယ်။ အခြေခံလောက်ပေါ့နော်။ အခြေအနေအရပါပဲ။ ပန်းသင်တန်းဖွင့်ဖို့က နေရာကလည်း လိုသေးတယ်။ တကယ်ဝါသနာပါတဲ့သူကိုပဲ သင်ပေးတယ်။ စီးပွားဖြစ်တော့ မသင်ပေးဘူး။ စီးပွားဖြစ်ဆိုရင် တခြားပန်းသင်တန်းတွေရှိတယ်၊ သွားတက်လို့ရတယ်ပေါ့နော်။

ခေတ်သစ်လူ

စီစဉ်တင်ဆက်သည်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.