အရေပြားနုပျိုမှုကို ပျက်ယွင်းစေမယ့် အစားအသောက်များ

မိမိခန္ဓာကိုယ်အတွင်း ဘာတွေ သွတ်သွင်းနေသလဲဆိုတာ အတော်အရေးပါတဲ့ကိစ္စ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စားသောက်လိုက်တဲ့ အစားအသောက်တွေဟာ ခန္ဓာကိုယ်အရေပြားပေါ် အကျိုးသက်ရောက်မှု ရှိနေနိုင်လို့ပါ။ သန့်ရှင်းမှန်ကန်တဲ့ အစားအစာ အာဟာရဓာတ်တွေကို စားသုံးမှီဝဲနေချိန်မှာ ကျန်းမာစိုပြေသလို တောက်ပတဲ့ အရေပြားအလှကိုလည်း သတိပြုမိနိုင်မှာပါ။ စားချင်တာစား၊ သောက်ချင်တာ သောက်မိချိန်တွေမှာ အရွယ်မတိုင်သေးဘဲ အရေပြား ​လျော့ရိ​လျော့ရဲဖြစ်ခြင်း၊ အရေးအကြောင်းပေါ်ခြင်းနှင့် မျက်အိတ်တွဲကျခြင်းကဲ့သို့သော အနုတ်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုများ ဖြစ်လာပုံကို သိရတာ တကယ်ရှင်းလွန်းပါတယ်။ စာဖတ်သူအနေနဲ့ ကျန်းမာလှပပြီး စိုပြေတဲ့အသားအရေ ပိုင်ဆိုင်ချင်တယ်ဆိုရင် ဖြတ်တောက်သင့်သော အစားအစာ (၉)မျိုး အကြောင်းကို အောက်မှာ အကြံဉာဏ်​ပေးထားပါတယ်။

(၁) အနီ​ရောင်​အသား (RED MEAT)

ကျွမ်းကျင်သူများအဆိုအရ အနီ​ရောင်​အသား (ခြေလေးချောင်းသား) မှာ သွေးကြောနံရံတွေကို မာကျောစေတဲ့ ဓာတ်သဘာဝ (Carnitine) တွေ မြင့်မားစွာပါဝင်တာကြောင့် အရွယ်မတိုင်ခင် အရေပြားတင်းအား ​လျော့ရိ​လျော့ရဲ ဖြစ်စေပါတယ်။ ဒါကြောင့် ဟမ်ဘာဂါအစား သက်​သတ်​လွတ်​ဘာဂါကိုပဲ ပြောင်းစားကြတာပေါ့။

(၂) အငန်ဓာတ် (SALT)

ဆား (အထူးသဖြင့်) အိုင်အိုဒင်းဆားဟာ စာဖတ်သူရဲ့အရေပြားအတွက် မသင့်တော်၊ မကောင်းတဲ့အထဲမှာ ပါပါတယ်။ ဘာကြောင့်လဲဆိုရင် အိုင်အိုဒင်းဆား ဓာတ်သဘာဝက အရေပြားတစ်ရှူးကို ဖောင်းကြွစေသလို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဝက်ခြံတွေလည်း ဖြစ်စေနိုင်ပါတယ်။ မျက်အိတ်တွေ ထွက်၊ မျက်နှာက ခပ်ဖောင်းဖောင်းနဲ့ စာဖတ်သူကို မကျန်းမာတဲ့အသွင် ပေါက်စေမှာပါ။ ဒါကြောင့် ကိုယ် စားသောက်တဲ့ အစားအစာများထဲက အငန်ဓာတ်ပမာဏကို အမြဲစစ်ဆေးတိုင်းတာသင့်သလို အငန်ဓါတ်ကဲထားတဲ့ အသင့်စား အစားအစာတွေကိုလည်း သတိထားစားကြရပါမယ်။

(၃) အချိုဓာတ် (SUGAR)

သကြားဓာတ်ဟာ ကိုယ်ခံအားစနစ်ကို အားလျော့စေနိုင်ဆုံး အစားအစာဖြစ်ပါတယ်။ မျက်ဝန်းတဝိုက်က ကျီးခြေရာတွေလို မျက်နှာပြင်အနှံ့ အရေးအကြောင်း ပေါ်ပေါက်နှုန်းကို တိုးမြင့်စေနိုင်စွမ်းရှိပါတယ်။ ကိုယ်ခန္ဓာထဲက ကော်လာဂျင် (Collagen and Elastin) ဓာတ်ဖြစ်ပေါ်မှုကို လျော့ပါးစေတာကြောင့် အရေပြားတောက်ပမှုလည်း နည်းစေပါတယ်။ အချိုဓာတ် ကြိုက်နှစ်သက်တယ်ဆိုရင်လည်း သဘာဝအချိုဓာတ် များများပါဝင်တဲ့ သစ်သီး၊ အသီးအနှံများကို စားသုံးဖို့ ကြိုးစားကြရပါမယ်။

(၄) အကြော်အလှော် (FRIED FOODS)

ဓာတ်တိုးပစ္စည်း (free radicals) များပါဝင်တဲ့ ဆီကြော်အစားအစာတွေမှာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အဆီတွေဟာ အဆီပြန်တတ်သော ချွေးပေါက်ကျယ်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ထောပတ်သီးနဲ့ သံလွင်ဆီတို့လို ကျန်းမာရေးအတွက် အနှောင့်အယှက်မဖြစ်တဲ့ အဆီဓာတ်ပါဝင်သော အစားအစာတွေကို ရွေးချယ်စားသုံးကြရပါ့မယ်။

(၅) ကာဘိုဟိုက်ဒရိုတ်ဓာတ်များသော အစားအစာများ (FOODS WITH HIGH GLYCEMIC INDEX)

ဂလိုက်စီမစ်ညွှန်းကိန်းမြင့်တဲ့ (a high glycemic index) အစားအစာကို စာဖတ်သူ စားသောက်နေချိန် ခန္ဓာကိုယ်မှာ သွေးတွင်းအချိုဓာတ် (glucose)နဲ့ အင်ဆူလင် ဟော်မုန်းဓာတ် (insulin levels) တိုးမြင့်လာပါတယ်။ ပြောရရင် အဲ့သလို အစားအစာတွေကြောင့် ဝက်ခြံတွေထွက်တာနဲ့ ချိတ်ဆက်နေတာပါ။ ဝက်​ခြံထွက်နှုန်း တစ်ဝက်လောက် လျော့ကျချင်တယ်ဆိုရင်တော့ ဂလိုက်စီမစ်အစားအစာတွေကို လျော့စားမှ ဖြစ်ပါမယ်။ ဆီးချို၊ သွေးချိုသမားတွေ စားပါတယ်ဆိုတဲ့ အစားအသောက်မျိုးကို စားသောက်ပြီး ပုံမှန်ထက် အရသာပိုကဲအောင် ပြုပြင်စားသောက်တာ ရှောင်ကြဉ်ပါ။ ကာဘိုဟိုဒရိုတ်ဓာတ်များသော အစားအစာက သွေးတွင်းအချိုဓာတ်ကို တိုးမြင့်စေနိုင်တာကြောင့် ဖြစ်ပါတယ်။

(၆) အရက်သေစာ (ALCOHOL)

အရက်ဟာ စာဖတ်သူကို ဆိုးဆိုးဝါးဝါး ရေဓာတ်ခြောက်ခမ်းစေပါတယ်။ အဲဒီအကျိုးသက်ရောက်မှုအရ စာဖတ်သူရဲ့အရေပြားကော၊ ကိုယ်ခန္ဓာအစိတ်အပိုင်းအသီးသီးကိုပါ ရေဓာတ်ပို့လွှတ်နေတဲ့ ဇီဝကမ္မဖြစ်စဉ်အပေါ် ရိုက်ခတ်မှုရှိလာပါတယ်။

မျက်နှာနီမြန်းလာခြင်းနဲ့ အရေပြား ညစ်နွမ်းနွမ်းဖြစ်ခြင်းကဲ့သို့သော ဖြစ်စဉ်များဟာ ကိုယ်တွင်း သွေးပျစ်ချွဲခြင်းကိုဖြစ်စေသော အရက်ကြောင့် ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ခုခံကာကွယ်လိုစိတ်များကို ပျက်ယွင်းစေရုံသာမက အရေပြားကိုလည်း ယိုယွင်းစေနိုင်ပါတယ်။

(၇) ကဖင်းဓာတ် (CAFFEINE)

ကဖင်းဟာ ဆီးရွှင်ဆေး (a diuretic) တစ်လက်နည်းပါး ရေဓာတ်ဆုံးရှုံးမှု များစေတယ်။ အရေပြားအစိုဓာတ်ကို နည်းစေနိုင်တယ်။ ပြီးတော့ ကော်တီဆုန်း (cortisol) ထုတ်လုပ်မှုပမာဏကို တိုးမြင့်စေတယ်လို့ ဆိုလိုပါတယ်။ ကော်တီဆုန်း ပိုမိုများပြားလာတာဟာ ဇရာလက္ခဏာပြသမှုဖြစ်စဉ်ကို ပိုမိုမြန်ဆန်စေတဲ့သဘောဖြစ်ပြီး အရေပြားကို ပါးလွှာအောင်လုပ်တဲ့ သဘောသက်ရောက်ပါတယ်။

(၈) ပြုပြင်ထားသော သရေစာ အစားအစာများ (PROCESSED SNACK FOODS)

ကျွန်တော်တို့အားလုံး သိနေပါတယ်။ ပြုပြင်ဖန်တီးထားတဲ့ လွယ်လင့်တကူ စားသုံးနိုင်တဲ့ အစားအစာတွေဟာ ကျန်းမာရေးအတွက် မကောင်းသလို အရေပြားအလှအတွက်လည်း မကောင်းမွန်ဘူးဆိုတာလေ။ အစားအစာတွေက ပြုပြင်ထားတာဆိုတော့ သူတို့တွေရဲ့ သဘာဝအဟာရတွေနဲ့ ကောင်းမွန်တဲ့မူလအခြေတွေ ယွင်းနေတဲ့ အဆင့်တစ်ခုမှာ ရှိနေပါတယ်။ မကြာခဏဆိုသလိုပါပဲ။ အစားအစာတွေကို ပြုပြင်ထုတ်လုပ်ကြရာမှာ သကြားနဲ့ ဆိုဒီယမ်တို့ အသုံးများကြပါတယ်။ အဲဒီအရာတွေက ကိုယ်ခန္ဓာမှ လိုအပ်သလောက်သာ စားသုံးသင့်ပြီး အပိုများများ မလိုအပ်ဘူးဆိုတာ ကျွန်တော်တို့ သိနေကြပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်ဆိုတဲ့ သွားရေစာ(Snacks)တွေကတော့ သစ်သီးဝလံအမျိုးမျိုးနဲ့ အစေ့အဆန်တွေပဲ ဖြစ်ပါတယ်။

(၉) အချိုတုနဲ့ အရောင်တုများ (ARTIFICIAL SWEETENERS AND COLORS)

အရောင်ကာလာနဲ့တကွ အချိုအရသာအတုတွေမှာ အာဟာရတန်ဖိုး လုံးဝမရှိကြပါဘူး။ စာဖတ်သူဟာ ဓာတ်မတည့်မှု(allergies) ဖြစ်လွယ်သူတစ်ယောက်ဆိုပါက ဆိုးဆေးနဲ့အချိုတုတွေဟာ ယားယံခြင်းကို ခံစားရစေနိုင်စွမ်း ရှိနေပါတယ်။ ခန္ဓာကိုယ်အတွင်း ရောက်သွားပါက ဘယ်လိုဖြစ်တန်စွမ်းရှိသလဲဆိုတာ စမ်းသပ်အဖြေရှာထားခြင်းရဲ့ ရလဒ်ပါ။

ဒီလို တုပဖန်တီးထားတဲ့ ထုတ်ကုန်တွေဟာ မကြာခဏဆိုသလို အရေပြား နီရဲရောင်ရမ်းခြင်းတွေ၊ မတည့်တဲ့အရာနဲ့ ထိတွေ့မိချိန် ဒုက္ခပေးတတ်တဲ့ ခန္ဓာကိုယ်တွင်းက ဒြပ်ပေါင်းတစ်မျိုးဖြစ်သည့် ဟစ်စတီမိုင်း (histamine) တုန့်ပြန်မှုတွေ ဖြစ်ပေါ်စေပါတယ်။ စာဖတ်သူရဲ့ တစ်ရှူးတွေထဲမှာ အဆိုပါ ဓာတုပစ္စည်းကို မသိမသာ သိုလှောင်ထားတတ်ခြင်းက ခန္ဓာကိုယ်ရဲ့ ဆိုးရွားတဲ့ကိစ္စရပ်ပါ။

Alex Aung

Ref: 9 Foods You Should Avoid and How They’re Aging Your Skin

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.