လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ

၁။ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေဆိုတာ ဘာတွေလဲ

HIV ပိုး၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ ဂနို၊ ဆီးပူညောင်းကျ၊ ဆစ်ဖလစ်၊ လိင်အင်္ဂါရေယုန်၊ လိင်အင်္ဂါကြွက်နို့ စတဲ့ ရောဂါတွေကို ပြောတာပါ။ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ သားအိမ်ခေါင်းကင်ဆာရောဂါဟာလည်း လိင်ကတစ်ဆင့် ကူးစက်တဲ့ HPV (Human Papilloma Virus) ကြောင့် ဖြစ်ရတာပါပဲ။ ဒီရောဂါတွေက သွေးနဲ့ထိတွေ့ရင်း ကူးတာ၊ ကိုယ်ဝန်ဆောင်မိခင်ကနေ သန္ဓေသားဆီ ကူးတာတွေ ရှိပေမယ့် များသောအားဖြင့်တော့ အကာအကွယ်မဲ့ လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်တယ်။ ရောဂါပိုးဝင်ရာလမ်းကြောင်းတွေက လိင်အင်္ဂါမှာရှိတဲ့ အရေပြားနဲ့ အမြှေးပါးတွေ၊ စအိုလမ်းကြောင်းနဲ့ ခံတွင်းက အမြှေးပါးတွေကတစ်ဆင့် ဝင်ရောက်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စအိုကတစ်ဆင့် ဆက်ဆံမယ်၊ ပါးစပ်နဲ့ ဆက်ဆံမယ်ဆိုလည်း ဒီရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။

၂။ ဒီပြဿနာ ဘယ်လောက်ကြီးလဲ

ကာလသားရောဂါတွေဟာ အင်မတန်မှကို အရေးကြီးတဲ့ ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ် ကမ္ဘာမှာရော၊ ကျွန်တော်တို့မြန်မာနိုင်ငံမှာပါ သတ်မှတ်ထားပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကာလသားရောဂါ ဖြစ်ပွားသူက တစ်နေ့ကို စုစုပေါင်း ၆၈၅,၀၀၀ ခန့်် ရှိတယ်လို့ ဆိုထားပါတယ်။ ရောဂါပိုး ငုပ်လျှိုးနေသူ၊ ဖြစ်ရက်နဲ့ ကုသမှုမခံယူတွေလည်း အများကြီးရှိနေပါတယ်။ အဲဒီလို ကုသမှု မခံယူမိဘူးဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ နာတာရှည် သားအိမ်ရောင်တာ၊ ကလေးအသေ မွေးတာ၊ သားသမီး မရနိုင်တော့တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့်မို့ တကယ့်ကို သတိထားသင့်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။

၃။ ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ

– လိင်အင်္ဂါ အနာပေါက်ခြင်း၊
– လိင်တံထိပ်မှ ပြည်ထွက်ခြင်း၊ အဖြူရည်ကျခြင်း၊
– ဆီးသွားလျှင် နာကျင်ခြင်း၊
– ကြွက်နို့ပေါက်ခြင်း၊
– ပေါင်ခြံအကြိတ်ထွက်ခြင်း၊
– မိန်းမကိုယ်ယားယံခြင်း၊ အဖြူဆင်းခြင်း၊ အနံ့နံခြင်း၊
– အမျိုးသမီးတွေမှာ ဝမ်းဗိုက်အောက်ပိုင်း နာကျင်ကိုက်ခဲခြင်း စတဲ့ပုံစံတွေနဲ့ ပြတတ်ပါတယ်။

များသောအားဖြင့် အမျိုးသားတွေမှာတော့ ပိုးကူးစက်ခံလိုက်ရရင် ရောဂါလက္ခဏာ ပြတာများပေမယ့် အမျိုးသမီးတွေမှာ ငုပ်လျှိုးနေတတ်ပါတယ်။ ဒီအတွက် လက္ခဏာပြလာရင် အမြန်ဆုံးဆေးကုသမှု ခံယူပါ။ တကယ်လို့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိတာများရှိခဲ့ရင်လည်း လက္ခဏာ ဘာမှမပြရင်တောင် စစ်ဆေးမှု ခံယူဖို့ လိုပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဆို ပိုသတိထားသင့်လို့ပါ။

၄။ ဘယ်နေရာတွေမှာ ကုသလို့ရသလဲ

မြို့နယ်ဆေးရုံတွေမှာ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနတွေ ရှိသလို NGO ဆေးခန်းတွေလည်း ရှိပါတယ်။ အဲဒီမှာ သွားရောက်ကုသမှု ခံယူလို့ ရပါတယ်။ ပိုးသတ်ဆေး ပေးမယ်။ ကိုယ့်ရဲ့အတူနေ လိင်ဆက်ဆံဖော်ကိုလည်း ဆေးကုပေးတယ်။ ဆေးကုသမှုအပြင် ကွန်ဒုံးတွေလည်း ပေးမယ်၊ သုံးပုံသုံးနည်း မသိရင်လည်း သင်ပေးတယ်။ လိုအပ်ရင် သွေးစစ်ပေးတယ်။ နှစ်သိမ့်ဆွေးနွေးမှုတွေလည်း လုပ်ပေးပါတယ်။ ဒါကြောင့်မို့ ဆေးမြီးတိုတွေသောက်၊ ဟိုလူ့မေး ဒီလူ့မေး လုပ်နေမယ့်အစား စနစ်တကျ ကုပေးနိုင်တဲ့နေရာတွေမှာ သွားပြတာ ပိုကောင်းပါတယ်။

၅။ ကုလို့မရတဲ့ရောဂါ (သို့မဟုတ်) အေအိုင်ဒီအက်စ်

လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကို အဓိကအားဖြင့် နှစ်မျိုးပြန်ခွဲလို့ရသေးတယ်။ ကုလို့ရတဲ့ ရောဂါနဲ့ ကုလို့မရတဲ့ ရောဂါ။ ကုလို့မရဘူးဆိုတာကတော့ HIV ပိုးကို ပြောတာပါ။ ဒီပိုးကို ထိန်းထားလို့ရတဲ့ဆေးတွေ ပေါ်နေပြီ။ ဒီပိုးကူးစက်ခံလိုက်ရလည်း လူ့သက်တမ်းစေ့ နေလို့ ရနေပြီဆိုပေမယ့် အရှင်းပျောက်အောင်တော့ ကုလို့မရသေးပါဘူး။

ပိုးဝင်သွားရင် ဒီပိုးက လူခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို တိုက်ဖျက်ပါတယ်။ ဒီအခါ လူက တဖြည်းဖြည်း ခုခံအား ကျဆင်းလာမယ်။ ခဏခဏ ဖျားမယ်။ ဝမ်းလျှောမယ်။ ပိန်သွားမယ်။ အစားအသောက် ပျက်လာမယ်။ ဒီလိုလက္ခဏာတွေ ပေါ်လာမယ်။ ဒါဆိုရင်တော့ AIDS အဆင့်ကို ရောက်နေပြီလို့ သတ်မှတ်ပါတယ်။

အဲဒီအဆင့် မရောက်ခင် သိဖို့ကတော့ တစ်နည်းပဲရှိပါတယ်။ အဲဒါ သွေးစစ်ဆေးခြင်းပါ။ သွေးစစ်တာနဲ့ ပတ်သက်လို့ တော်တော်များများ မသိကြသေးတာတစ်ခုကတော့ စိတ်အပူလွန်ပြီး ချက်ချင်းသွေးစစ်ကြတာပါပဲ။ HIV ပိုးကို စစ်လို့ မပေါ်နိုင်သေးတဲ့အချိန်မှာ စစ်တော့ ပိုးမရှိဘူးဆိုတဲ့ အဖြေမျိုးပဲ ရမှာပေါ့။ ဒါက တကယ် မကူးစက်သွားတာလည်း ဖြစ်နိုင်သလို ကူးစက်ခံလိုက်ရပြီး မပေါ်သေးတာလည်း ဖြစ်နိုင်ပါတယ်။ မကူးစက်သွားရင်က ပြဿနာမရှိပေမယ့် ကူးစက်ခံလိုက်ရပြီး မပေါ်သေးတာကို မရှိဘူးလို့ အထင်မှားသွားရင်တော့ ပြဿနာကြီးပါတယ်။ ကိုယ့်ဆီကနေ တခြားလူတွေဆီ သွေးကတစ်ဆင့်၊ လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်သွားနိုင်လို့ပါ။ ဒါကြောင့်မို့ အကာအကွယ်မဲ့ ဆက်ဆံပြီး အနည်းဆုံး(၃)လကြာတော့မှ သွေးစစ်ဆေးကြည့်သင့်ပါတယ်။

စစ်ဆေးတဲ့အခါမှာ ကျွမ်းကျင်သူနဲ့ နှစ်သိမ့်ဆွေးနွေးမှု ခံယူပြီးမှ စစ်နိုင်တယ်ဆို အကောင်းဆုံးပါပဲ။ ကောင်းကောင်း ဆွေးနွေးမှု မခံယူဘဲ သွေးစစ်လိုက်ရင် ပိုးတကယ်ရှိနေတာ သိလိုက်ရတဲ့အခါ တအားစိတ်ဓါတ်ကျသွားနိုင်တယ်။ ဒါကြောင့် ဆွေးနွေးမှုခံယူပြီးမှ စစ်ဆေးပါ။ တကယ်လို့ ပိုးမရှိပါဘူးလို့ အဖြေထွက်ရင်လည်း ဆွေးနွေးမှုလုပ်ထားတဲ့သူက နောက်တစ်ခါ ဒီလိုမဖြစ်အောင် ဘယ်လိုရှောင်ကြဉ်ရမလဲ သိသွားတယ်။ အပြုအမူတွေ ပြောင်းလဲနိုင်သွားမယ်။ ဒါကြောင့်မို့ စစ်ဆေးမှုမပြုခင် စနစ်တကျ နှစ်သိမ့်ဆွေးနွေးမှုခံယူဖို့ သိပ်အရေးကြီးပါတယ်။

၆။ ဒီရောဂါတွေ မကူးအောင် ဘယ်လိုကာကွယ်မလဲ

ဒီအပိုင်းကတော့ အသိစေချင်ဆုံးအပိုင်း ဖြစ်ပါတယ်။ ဖြစ်မှကုမယ့်အစား မဖြစ်ခင်ကတည်းက ကာကွယ်နိုင်ရင် သိပ်ကောင်းတာပေါ့။ တကယ်ဆို ဖြစ်လာရင် ဘယ်သူမှလည်း ဆေးမကုချင်ပါဘူး။ ဘာလို့ဆိုတော့ ရှက်တာကိုး။ အဲဒီတော့ နောက်ဆက်တွဲပြဿနာတွေ တက်လာတယ်။ ကိုယ့်အိမ်ထောင်ဖက်ဆီလည်း ကူးသွားတယ်။ ဒါကြောင့်မို့ မဖြစ်ခင်မှာ သေချာလေး စနစ်တကျ ကာကွယ်စေချင်ပါတယ်။
တကယ်တော့ ဒီရောဂါတွေ ကူးစက်မခံရအောင် အကောင်းဆုံးကာကွယ်ပေးနိုင်တဲ့ နည်းလမ်းက လိင်ကိစ္စတွေ မလုပ်ဖို့ပါ။

တစ်လင်တစ်မယားစနစ် ကျင့်သုံးကြမယ်၊ လူငယ်တွေအနေနဲ့လည်း လိင်ကိစ္စ ရှောင်နိုင်မယ်ဆိုရင် ဒီရောဂါတွေလည်း ကူးစက်နိုင်ချေ တအားနည်းသွားမှာပါ။

တကယ်လို့များ မရှောင်နိုင်လို့ ရှိလာခဲ့မယ်ဆိုရင်တော့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ဘယ်တော့မှ မလုပ်မိဖို့ သတိထားရပါလိမ့်မယ်။ လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးသုံးဖို့ လိုတယ်။ တစ်ကြိမ်တည်းပါဆိုပြီး မပေါ့မိဖို့ လိုပါတယ်။

အသုံးပြုရတာလည်း လွယ်ကူတယ်။ အဓိက မှတ်ဖို့ကတော့ စပြီး အတူနေကတည်းက စွပ်ဖို့ပါ။ ဘာလို့ဆိုတော့ သုက်ရည်က ပြီးမှထွက်တယ်ဆိုပေမယ့် ဆက်ဆံနေတုန်းမှာလည်း ထွက်တတ်တယ်။ ဒါကြောင့်မို့ အပြင်ထုတ်တဲ့နည်းက ကိုယ်ဝန်တားဖို့အတွက်လည်း စိတ်မချရသလို၊ ရောဂါပိုး မကူးစက်အောင်လည်း ကာကွယ်မပေးနိုင်ဘူး။

နောက် စိတ်အပူလွန်ပြီးလည်း နှစ်ထပ်မစွပ်ပါနဲ့ အဲဒါက ကွန်ဒုံးပိုပေါက်တတ်တယ်။ တကယ်လို့ လွယ်လွယ်ကူကူများ ဝယ်မရဖြစ်နေရင်လည်း တစ်ခါတည်းပါလို့ ဘယ်တော့မှ မတွေးလိုက်ပါနဲ့။ စိတ်ကလည်း တအားပြင်းထန်နေတယ်ဆို ထိုးသွင်းဆက်ဆံခြင်း မဟုတ်တဲ့ လက်နဲ့လုပ်တာ၊ ရင်သားနဲ့လုပ်တာ၊ ဒီနည်းတွေနဲ့ အစားထိုး ထွက်ပေါက်ပေးနိုင်ပါတယ်။

ဒါကြောင့်မို့ အနှစ်ပြန်ချုပ်ရရင် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေဟာ အတော်လေး တွေ့ရများနေသလို နောက်ဆက်တွဲပြဿနာလည်း ကြီးပါတယ်။ ဒီအတွက် မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းသည်သာ အကောင်းဆုံးပါ။ ကာကွယ်ဖို့ကတော့ နံပါတ်တစ် လိင်မှုကိစ္စကို စောင့်ထိန်းပါ။ နံပါတ်နှစ် ဆက်ဆံမိတိုင်း ကွန်ဒုံးသုံးပါ။ နံပါတ်သုံး မတော်တဆ အကာအကွယ်မဲ့ ဆက်ဆံမိခဲ့ရင်လည်း ဆေးကုသမှု ခံယူပါ။ သွေးစစ်ဆေးပါ။

Leave a Reply

Your email address will not be published. Required fields are marked *