ထောင်စုနှစ်သားပျို

အမေသည် ပဲလေး (မြေပဲ (ပင်ထောင်)) စိုက်အပြီး နောက်ပဲ ပဲကြီး (ပင်ပြန့်) စိုက်ရန်အတွက် မြေပဲများကို ကြိုတင်ပြာရာတွင် စိတ်မပါဖြစ်နေသည်။ မကောင်းသော ပဲစေ့များကိုသာ ပြာရမည် ဖြစ်သော်လည်း ကောင်းသော ပဲစေ့များကိုပါ ပြာမိကုန်သည်။ ဤသည်ကို အမေသည် သတိမထားမိ။ ဤသို့ စိတ်နှင့်ကိုယ် မကပ်ရခြင်းမှာ အမေ၏ ရင်ကို တနုံ့နုံ့ ခံစားရစေသည့် မြင်ကွင်းအား နံနက်က သားအား အိပ်ရာနှိုးစဉ်က မြင်ခဲ့ရသောကြောင့် ဖြစ်သည်။

ထိုမြင်ကွင်းက အမေ၏ မျက်ဝန်းထဲက မထွက်။ သားအား သနားလွန်းလှသဖြင့် မျက်ဝန်းအိမ်တွင် မျက်ရည်လေးတွေပင် စွတ်စိုကုန်တော့သည်။ နံနက်က သားအား နှိုးနေကျအသံအတိုင်း ”ဟိတ်ကောင်လေး ထတော့ နေမြင့်ကုန်လိမ့်မယ်၊ တောက သွားရဦးမယ်” ဟု စိတ်ဆတ်သည့်လေသံနှင့် ခြုံထားသည့် စောင်ကို ဆောင့်ဆွဲလိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းက အမေ့ရင်ကို နုံ့ကနဲ့ ဖြစ်သွားစေသောကြောင့် ”အအိပ်ကြီးတာလည်း မပြောနဲ့ နေ့တိုင်း နှိုးပေးနေရတယ်။ ဒီအချိန် ထရမယ်ဆိုတာ မသိဘူးလား။ မှတ်ကိုမထားဘူး” ဟု ထပ်ဆင့် ပြောလာဦးမည့် စကားပင် ပြောမထွက်ရက်လောက်အောင် ဖြစ်သွားခဲ့ရသည်။

မြင်ကွင်းက ခါတိုင်း သားအား နှိုးစဉ် ပြောနေကျစကားများသည် သားအပေါ် လွန်မှန်း အမေ့ကို သိစေလိုက်သည်။ ညဉ့်နက်မှ အိပ်ရသည့် သားကို အိပ်ရေးမှ ဝပါရဲ့လားဟု တစ်ခါဖူးမျှ စိတ်ပူမပေးခဲ့တာကိုလည်း သိလိုက်ရသည်။ သည့်ကြောင့် သားအပေါ် သနားသွားရမိသည်။
သားကတော့ အမေ၏ ခံစားချက်ကို မရိပ်မိ။ အမေက နှိုးတိုင်း တီဗွီဇာတ်လမ်းထဲကလို ”အမေကလည်း အစောကြီးရှိသေးတာ၊ အိပ်ရေးမဝသေးဘူးအမေရဲ့၊ ငါးမိနစ်လောက် ထပ်အိပ်လိုက်ဦးမယ်နော်” လို့ တစ်ခါဖူးမျှ မညည်းညူ မချွဲနွဲ့ဖူးဘဲ ဝတ်မပျက် စောင်ကို မြန်မြန်ခေါက်သိမ်းသည်။ ချက်ချင်း မထလို့ကလည်း မဖြစ်။ မထဘဲ နေလျှင် အမေက အသားကို လက်ဝါးဖြင့် တဖြန်းဖြန်းရိုက်မည်။ အညိုအမဲစွဲအောင် ဆွဲလိမ်မည်။ လက်သည်းတွေဖြင့် ဆိတ်မည်။ အမေက ဘယ်တော့မှ အသားနာမည်ကို ညှာတာလေ့မရှိ။ အခုနှိုးလျှင် အခုထမှ ကျေနပ်သလို ခြုံစောင်ကိုလည်း ဆောင့်ဆွဲပြီး နှိုးရမှ ကျေနပ်သူ။

သားသည် အိပ်ရာခုတင်ပေါ်မှ ဆင်းကာ တင်းကုပ်မှ အပျင်းကြီးသည့် နွားနှစ်ကောင်ကို ကန်ကျောက်ပြီး လှည်းမှာ ကော့သည်။ ပြီးမှ မှောင်ရိပ်ပင် မကွဲခင် တောသို့ ယာထွန် ဒါမှမဟုတ် ပဲခင်းကြားလိုက် သွားသည်။ နေမြင့်မည် စိုးသောကြောင့် အလေးအပေါ့ပင် မသွားအား။ မျက်နှာမသစ် သွားမတိုက်နိုင်အား။ ထို ဝေယျာဝစ္စတွေကို တောကပြန်လာမှသာ လုပ်မည်ဖြစ်သည်။ သို့သော် သားက နံနက်အိပ်ရာထတိုင်း ရေအိုးစင်ဆီ အရင်လျှောက်ပြီး ရေအဝသောက်ဖို့တော့ ဘယ်တော့မျှ မမေ့။ ရေအဝသောက်ထားခြင်းကြောင့် ဝမ်းနှင့် ဆီးက အချက်ပြလာလျှင် အချိန်ကို ချွေတာသည့်အနေနှင့် ယာအလုပ်ခဏနားချိန်တွင် ယာအစပ်မှာ လက်စသတ်လိုက်ရုံပင်။ မပြောင်စင်လျှင်လည်း ထားတော့။ အိမ်ကျ မျက်နှာသစ်ရင်း ရေပါချိုးဦးမည်ကိုး။

သားသည် ယာအလုပ်ပြီးခါနီးလျှင် ခြေကျင်ပြန်လာတတ်သည်။ ထိုအချိန်ဆို အဖေရောက်လာပြီး မပြီးပြတ်သေးသည်များကို လက်စသတ်ပြီးကာ လှည်းကို မောင်း၍ အိမ်သို့ ပြန်လာမည်ဖြစ်သည်။ သားသည် အဘယ်ကြောင့် အလုပ်မပြီးခင်လေး ပြန်ရသလဲဆိုလျှင် သားသည် ရွာကျောင်းမှ ကျောင်းဆရာတစ်ဦး ဖြစ်သောကြောင့်ပင်။ ကျောင်းမမီမည် စိုးသောကြောင့် ရေမြန်မြန်ချိုးကာ ကိုယ်လက်သန့်စင်လေသည်။ ပြီးလျှင် အမေပြင်ဆင်ပေးသည့် နံနက်စာကို စားကာ ကျောင်းစိမ်းဝတ်စုံလေးနှင့် ကျောင်းသို့ ခြေကျင်သွားမည်။

အမေသည် မြင်ခဲ့သည့် မြင်ကွင်းကြောင့် သားကို သနားရသလို အချစ်လည်း ပိုလာခဲ့မိရလေသည်။ သို့သော် အမေက အချစ်ကို ပြသဖို့ ရှက်ရွှံ့နေမိသည်။ ခါတိုင်းက ခပ်ကြမ်းကြမ်း ဆက်ဆံခဲ့လေတော့ ချက်ချင်းကြီး နူးညံ့ပြဖို့ဆိုသည်မှာ အမေ့အတွက် ခက်ခဲသည့် အလုပ်တစ်ခုလိုပင်။ ထိုနေ့က သား တောက ပြန်လာတော့ သားအတွက် နံနက်စာကို ဆီဆားဖြူးထားကာ ကြက်ဥကိုလည်း သုံးလုံးမျှ ကြော်ထားလိုက်သည်။ ”သား များများစားနော်” ဟု မပြောရဲသလို သား စားနေသည်ကို ဘေးမှာ အရိပ်တကြည့်ကြည့် လုပ်ရမည်ကိုလည်း မဝံ့ရဲ။ ရှက်နေသည်။ သည့်ကြောင့် မြေပဲကို စိတ်မပါတပါ ပြာရင်း သားစားနေသည်ကို လှမ်းလှမ်းကာ အကဲခတ်နေရသည်။ သား စားအပြီး ကျောင်းကို သွားတော့ အမေ့သားလေး ဘယ်လောက်များများစားသလဲ သိချင်သောကြောင့် ကြက်ဥပန်းကန်ကို အုပ်ဆောင်းအောက်က သွက်သွက်လေး ပြေးဖွင့်ကြည့်လိုက်သည်။ ကြက်ဥကြော်သည် တစ်လုံးစာသာ စားထားပြီး နှစ်လုံးစာ ကျန်နေသေးသဖြင့် အမေ့ရင်ကို နာကျင်ရသည်။ သားသည် ဘယ်တုန်းကမျှ အစား ကြေးမများသလို နည်းနည်းသာစားပြီး အမေတို့စားပါစေ အဓိပ္ပါယ်နှင့် ဦးစားပေးတတ်သည်ကို အမေသိရှိ စဉ်းစားမိလာရသည်။

မြင်ကွင်းက အမေ့ကို သားအပေါ် အရင်က ဆက်ဆံပုံ တင်းမာခဲ့ကြောင်း သတိထားမိလာရစေပြီး နောင်တကိုလည်း ရလာစေသည်။ အမေသည် အရင်က စားသောက်ဖွယ်ဆိုလျှင် သားအတွက်ဆိုပြီး ဘယ်တုန်းကမျှ ဦးဦးဖျားဖျား ချန်ထားသည်မျိုး မရှိဖူးခဲ့။ သားသည် နံနက်စာကို တောက ပြန်လာမှ စားပြီး နေ့လယ်စာဆိုလျှင် ကျောင်းက ပြန်လာမှသာ စားသောကြောင့် အမေတို့နှင့် မိသားစုလက်ဆုံ မစားဖြစ်။ ညညဆိုလျှင် တချို့ကျောင်းသူ ကျောင်းသားလေးတွေက စာ လာလာမေးကြသဖြင့် ညစာ စားချိန် နောက်ကျသွားတတ်သည်။ အမေတို့က စားနှင့်ကြသောကြောင့် သားသည် အကြွင်းအကျန်တို့ကိုသာ စားသည်။ အမေသည် သားနှင့် မိသားစုလက်ဆုံ စားဖို့ ဘယ်တုန်းကမျှ စိတ်မကူးခဲ့။ သားအား စောင့်ရမည်ကိုလည်း မစဉ်းစားဖူးခဲ့။ သားသည်လည်း အမေတို့နှင့် မိသားစုလက်ဆုံ စားချင်ရှာပေမပေါ့။ သို့သော် သား၏ မျက်နှာသည် ခါတိုင်း ပကတိဖြူစင်လျက်သာ ရှိလေသည်။

တကယ်ဆိုလျှင် မြင်ကွင်းလေးသည် ဘာဆိုတာ မနေ့ညတုန်းကတည်းက အမေရိပ်မိခဲ့သင့်ဖို့ ကောင်းသည်။ သားသည် မနေ့ညက အဖြေလွှာစာတွေစစ်ပြီး ညဉ့်နက်မှ အိပ်သည်။ အမေသည် အိပ်ပျော်နေပြီ။ ထိုစဉ် အိမ်ပေါ်မှ သမီး၏ အသံကြောင့် အမေ နိုးသွားသည်။

”အဲဒါ ဘာလုပ်မလို့ ယူတာလဲ။ ပြန်ထား မယူနဲ့။ ကလေးလိမ့်ကျမှာစိုးလို့ ကာထားတာကို”

သမီးကလည်း သားထက် ငယ်သာငယ်တာ သားအပေါ် ဘယ်တုန်းကမှ မရိုသေဖူးခဲ့။ ပြောရဲ ဆိုရဲ ရှိသည်။ အမေနှင့် စရိုက်တူသောကြောင့် ဖြစ်မည်ထင်သည်။ အဖေနှင့် သားကတော့ လူအေးများ။ သားအဖချင်းတောင် တစ်ရက်ကုန်လို့မှ တစ်ခွန်းတောင် ပြောဖို့ ဝန်လေး နေတတ်ကြသည်။ သမီးအသံကြားတော့ သားဆီက ဘာသံမျှ ထွက်မလာ။ သားက မယူဘဲ ပြန်ပေးလိုက်ဟန်တူသည်။ သားက ဘာကိုယူသည်ကို အမေ မသိ။ ချမ်းလို့ စောင်ကို ယူခြင်းများလား။ စောင်ဗီရိုကြီး သွားဖွင့်လိုက်သံတော့ အမေကြားလိုက်သည်။ အမေလည်း အိပ်ချင်လွန်းနေသောကြောင့် ဆက်အိပ်လိုက်ခဲ့သည်။

နံနက်ကျမှ သားကို ခြုံစောင်အား ဆောင့်ဆွဲပြီး နှိုးတော့ သား၏ ရင်ခွင်မှာ မြေးမလေး၏ သိုးမွေးအရုပ်လေးကို တွေ့လိုက်ရခြင်း ဖြစ်သည်။ သားသည် မနေ့ညက မြေးမလေး၏ ဖက်လုံးကို ယူခြင်း ဖြစ်ကြောင်း အမေသိလိုက်သည်။ ထိုအရုပ်လေးကြောင့် သားတစ်ယောက် အရမ်းများ အထီးကျန်ဆန်နေပြီလားဆိုပြီး အမေ့ရင်ကို တနုံ့နုံ့ ခံစားသွားရခြင်းဖြစ်သည်။

ဟုတ်သည်ပဲ။ သား၏ ဘေးမှာ အဖော်လေးတစ်ယောက်တော့ ရှိထားသင့်ဖို့ကောင်းသည်။ သား၏ အသက်ကဖြင့် ငယ်မှ မငယ်တော့သေးဘဲကိုး။ သုံးဆယ်ကျော်လို့ လေးဆယ်နားပင် စွန်းပြီ။ သမီးငယ်သည်ပင် ကြီးစဉ်ငယ်လိုက် စကားကိုဖျက်ပြီး အိမ်ထောင်ပြုသွားပြီ။ သားကို အိမ်ထောင်ပြုပေးဖို့ အမေသည် သတိလက်လွတ် ဖြစ်နေခဲ့သည်။ မိန်းကလေးတစ်ယောက်နှင့် လက်ထပ်ပေးဖို့ အမေ မစဉ်းစားမိခဲ့။ အဘယ်ကြောင့်မူ သားသည် ယောက်ျားလေးတစ်ယောက်သာဆိုသည် အမူအရာလေးတွေသည် မိန်းမဆန်နေတတ်သည်။ နွဲ့နှောင်းနေတတ်သည်။ သားကို ဂေးတစ်ယောက်ဟု ပြောလို့ရသည်။ သို့သော် သားသည် မိန်းကလေးဖြစ်လိုသည့် အပြုအမူမျိုး တစ်စက်မျှ မလုပ်။ ဤသည်တို့ကြောင့် သားသည် အိမ်ထောင်တစ်ခုကို နိုင်နင်းအောင် ထူထောင်နိုင်မည်မဟုတ်ဟု အမေယူဆသဖြင့် မိန်းမပေးစားဖို့ အမေ အတွေးမဝင်ရခြင်းဖြစ်သည်။ မိဘဖြစ်ပြီး ကိုယ့်သားသမီးကိုတော့ အထင်မသေးသင့်တန်ရာ။ အမေ ဤသို့ တွေးထင်ခြင်းသည် မှားသည်ဟု ဆိုရမည်။ အဘယ်ကြောင့်မူ သားသည် အနေအထိုင် နွဲ့နှောင်းသော်လည်း ယောက်ျားရင့်မာကြီးကဲ့သို့ တောင်သူအလုပ်တွေကို မမောနိုင် မပန်းနိုင် လုပ်နိုင်သည်။ တောက ပြန်လာပြီး ကျောင်းသွား စာသင်ပေးရသော်လည်း မောပန်းသည့် အရိပ်အယောင်မျှ မတွေ့မြင်ရဖူးခဲ့။ အိမ်အလုပ်မှန်သမျှ သားလုပ်ရမည့်အလုပ်ဟု နှလုံးပိုက်ထားဟန်တူသည်။ ကျောင်းပိတ်လျှင် နွားစာရိတ်သည်။ ကျောင်းဖွင့်ရက် ပြန်လာလျှင် နွားစာစဉ်းသည်။ နွားကျွေးသည်။ လှည်းရေစည်တိုက်သည်။ အဖေနှင့် အမေတို့၏ အဝတ်တွေကိုလည်း ကြုံလျှင် ကြုံသလို လျှော်ပေးတတ်သည်။ သမီးဆိုလျှင် ကလေးထိန်းရမယ်ဆင်ခြေနှင့် ဘာအလုပ်မှ ဟုတ်တိပတ်တိမလုပ်။ နွားစာလည်း မရိတ်။ နွားစာလည်း မစဉ်း။ ထမင်းလည်းမချက်။ ဤသည်တို့ကြောင့် အမေကသာ ခဏခဏဆူတာ သားကတော့ ကိုယ့်နှမကို ဘာမျှ ဝင်မပြော။ သားမက်ကလည်း သမီးနှင့်ရပြီး အိမ်မှာ နှစ်လလောက် လာနေကာ အိမ်အလုပ်တွေ၊ တောင်သူအလုပ်တွေ မလုပ်ချင်ဘူးဆိုပြီး မလေးရှားကို ထွက်သွားသေးသည်။ သမီးကလည်း ပြောသေးသည်။

”အစ်ကိုက အခြောက်ကြီး မိန်းမရမှာလည်း မဟုတ်ဘူး။ အိုရင် သမီးတို့ကပဲ လုပ်ကျွေးနေရမှာ။ မဖြစ်ပါဘူး ယောကျ်ားပြန်လာရင် သမီးတို့ပဲ အိမ်ခွဲနေတော့မယ်။ အိမ်ရော ဝိုင်းရော မလိုချင်တော့ဘူးအမေ”

”ဘာပြောလိုက်တယ်ကောင်မ”

သမီး၏ စကားသည် အမေတို့သေလွန်လျှင်ဆိုသည့် အဓိပ္ပါယ်ရောက်သည့်အတွက် အမေဒေါသနှင့် အော်လိုက်ကြောင်းကို သမီးကတော့ ရိပ်မိမှာ မဟုတ်။

”မကြားလိုက်လို့လား။ တကယ်ပါပဲ။ အမေကရော အစ်ကို့ကို ဘယ်တုန်းက ချစ်လို့လဲ။ သူ့သားက အခြောက်ဖြစ်လို့ အမြဲလိုလို စိတ်တိုနေတဲ့သူက အခုမှ သူ့သားကို ပြောလို့ ခံပြင်းနေလိုက်တာများ ထူးထူးဆန်းဆန်း” ဟု စူပုပ်ပုပ်ပြောကာ မြေးမလေးကို ပွေ့ပြီး ဆောင့်ဆောင့်အောင့်အောင့် ထွက်သွားသည့် သမီးကို အမေ့မှာတော့ ဒေါသသာ ထွက်နေရသည်။

ပြောရက်လေခြင်းသမီးရယ်။ အစ်ကိုကိုတောင် အခြောက်တဲ့။ အဲဒီအခြောက်ဆိုတဲ့ အစ်ကိုက အမေတို့ တစ်မိသားစုလုံးကို လုပ်ကျွေးနေတယ်ဆိုတာ သမီး သတိမထားမိလေရောသလား။ တောင်သူအလုပ်မှာလည်း သား၏ အင်အားက အများဆုံးပါခဲ့သည်ကိုလည်း သမီး မသိလေသလား။ သမီးမင်္ဂလာဆောင်စဉ်က သား၏ လစာလေးနှင့် ရွှေလက်ကောက်လေး လက်ဖွဲ့ပေးခဲ့တာလည်း သမီးသိသားနှင့်။ သမီး၏သမီး၊ သား၏တူမလေးအတွက်လည်း လစာထုတ်တိုင်း အဝတ်အစားလေးတွေ ဖိနပ်လေးတွေဝယ်ဖို့၊ ပေါင်ဒါလေးတွေ ဝယ်ဖို့ ထုတ်ပေးခဲ့တာ သိသားနှင့် ကျေးဇူးမှ မထောက် ပြောရက်တယ် သမီးရေ။ အမေလည်း ကြာကြာဒေါသမထွက်နိုင်။

”အမေကရော အစ်ကို့ကို ဘယ်တုန်းက ချစ်လို့လဲ” ဆိုသည့် သမီး၏ စကားကြောင့် အမေ့ရင်ကို နုံ့ကနဲ့ ဖြစ်ရသည်။ အမေ၏ မေတ္တာကို သမီးနားမလည်တာလား။ အမေ့လုပ်ရပ်တွေကပဲ သားသမီးအပေါ်မှာ လွန်ရာ ကျနေလေသလား။ ဘာဖြစ်ဖြစ် အမေသည် သားနှင့် သမီး၏ အပေါ်မှာ ချစ်သည်။ ဘယ်သူ့ ဘယ်သူကိုမှ ပိုချစ်သည်ဆိုတာလည်း မဟုတ်သလို အချစ်လျော့သည်ဆိုတာမျိုးလည်း မရှိ။ ဒါသည် အမေ၏ စစ်မှန်သော မေတ္တာသာ ဖြစ်သည်။ အမေ့မေတ္တာ နားလည်ဖို့ အမေဘယ်လိုများ ဖွင့်ထုတ်ပြရပါ့။

ပြီးတော့ သမီးက ပြောသေးသည်။ ”သူ့သားက ခြောက်နေလို့ အမြဲလိုလို စိတ်တိုနေတဲ့သူက” တဲ့။ သမီးပြောတာ မှန်နေခဲ့တာပဲ။ အမေ တကယ်ပဲ သားကို မိန်းမဆန်လို့ ယောက်ျားမဆန်လို့ အမြဲလိုလို ဘဝင်မကျ ဖြစ်နေခဲ့တာပဲ။ အဲသည်အချက်လေး တစ်ခုတည်းနဲ့ သားတစ်ယောက် ကျောင်းဆရာတစ်ယောက် ဖြစ်နေလောက်တောင် တော်နေတာတောင် ဂုဏ်ယူမပေးနိုင်ဘဲ အမြဲပဲ အဆိုးမြင်နေခဲ့တာပဲ။ အမေ အသိတရား ရလိုက်ပြီ။ သားက ဘာကြီးပဲ ဖြစ်နေနေ သားဟာ အမေ့သွေးသားဆိုတာ အမေသိလိုက်ပြီ။ ကိုယ့်သားကို အမေမှမချစ်လျှင် ဘယ်သူက ချစ်ပေးရှာမည်နည်း။ အမေမှ အကောင်းမမြင်လျှင် ဘယ်သူက မြင်ပေးမည်နည်း။ အမေမှ နားလည်မပေးလျှင် ဘယ်သူက နားလည်ပေးမည်နည်း။

သားက တော်ရုံမက သားသည် ဉာဏ်လည်း သိပ်ကောင်းသည်။ သားတို့ ဆယ်တန်းဖြေစဉ်က သားတစ်ယောက်သာ ဆယ်တန်းအောင်ပြီး ဘွဲ့ရခဲ့သည်။ တောင်သူလုပ်ငန်းတွေလည်း ဘာသီးစိုက်လျှင် ဘာနှံစိုက်လျှင် ဖြစ်ထွန်းမည် အထွက်တိုးမည်ကို ခန့်မှန်းနိုင်သည်။ ယခုတောင် သုံးလနှင့် သိမ်းရသည့် ပဲလေးစိုက်ပြီးမှ ပဲကြီးစိုက်လျှင် နှစ်သီးရသည်ဟု အကြံပေးသဖြင့် အမေသည် ပဲလေးသိမ်းခါနီးချိန်မှာ ပဲကြီးစိုက်ရန် ပဲစေ့များကို ကြိုတင် ပြာနေခြင်း ဖြစ်သည်။

သားမှာ တစ်ချိန်က ချစ်သူရှိခဲ့ဖူးပါသည်။ သား၏ ချစ်သူကို အမေသည် ပစ်ပစ်ခါခါပင် နှင်ချခဲ့သည်။ ထိုမြင်ကွင်းက အမေ့ရင်ကို နာကျင်စေသည်။ ချစ်သူက သားထံ လာလည်သည်။ သူငယ်ချင်းတွေဆိုသည့် အဓိပ္ပါယ်နှင့် လာလည်ခြင်းပင်။ သား၏ ချစ်သူသည် ယောက်ျားလေးသာဖြစ်ပြီး ရန်ကုန်ကဟု ဆိုသည်။ ဖေ့ဘုတ်တွင် တွေ့သည်တဲ့။ သားချစ်သူကတော့ ပြောပါသည်။

”အဒေါ်နဲ့ အဒေါ့်သား မြေပဲလှော်နေတဲ့ပုံလေးကို အဒေါ့်သားက ဖေ့ဘုတ်ပေါ် တင်တယ်လေ။ အဲ့ပုံလေးကို သားသိပ်သဘောကျတာ။ မြင်ရတာ အရမ်းစိတ်ကြည်နူးဖို့ကောင်းတယ်။ ကျွန်တော်လည်း အဒေါ်လို အမေတစ်ယောက် လိုချင်မိတယ်”

ထိုစဉ်တုန်းက သားချစ်သူသည် အတော်လေး ပျော့ညံ့ပုံပေါက်သည်ဆိုပြီး နှုတ်ခမ်းတွန့်ရုံသာ ပြုံးပြခဲ့သည်။ သားက ”သူက မိဘမဲ့လေ။ မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့တာ။ စာလည်းရေးတယ်ဗျ” ဟု ပြောပြခဲ့သော်လည်း မစာနာမိခဲ့။ သားသည် နွဲ့ဖတ်နေသူတစ်ယောက်ဖြစ်သည့်အတွက် သားဘေးမှာ ယောက်ျားလေးတစ်ယောက် ရှိနေသည်ကို အမေသည် သိပ်သဘောမကျမိ။ သားကိုများ ဂေးဆိုပြီး အခွင့်အရေး ယူသွားလေမလားဆိုပြီး စိုးရိမ်မိသည်။ သားဘေးမှာ ယောက်ျားလေးတစ်ယောက် ရှိနေလေတိုင်း အမေသည် ထိုသို့သာ ထင်နေမိသည်။ သား၏ ချစ်သူသည်လည်း သားကဲ့သို့ အနည်း နွဲ့ဖတ်သဖြင့် ဂေးချင်း မဖြစ်နိုင်ပါဘူးဆိုပြီး လွှတ်ထားခဲ့သည်။ သို့သော် သား၏ ချစ်သူ နောက်တစ်ကြိမ် လာလည်သည့်အခါတွင်တော့ အမေသည် သံသယဝင်လာသည်။ သည့်ကြောင့် ညဉ့်နက်ချိန်တွင် သားတို့ အိပ်နေသည့် နေရာအား ဓာတ်မီးဖြင့် ထိုးကြည့်ရာ ကိုယ်လုံးတီးဖြင့် ချစ်ရည်လူးနေသည့် သားတို့အဖြစ်ကို အမေသည် မယုံကြည်နိုင်လောက်အောင် မြင်ခဲ့ရသည်။ သို့သော် အမေသည် ညဉ့်နက်ချိန်မို့ ရွာထဲကလူတွေ ထိတ်လန့်မည်စိုးသဖြင့် သည်းခံနေခဲ့သည်။ ထိုညက အမေတစ်ညလုံး အိပ်မပျော်ခဲ့။ သားတို့နှစ်ယောက်လည်း ကြောက်ရွှံ့စိတ်ဖြင့် အိပ်မပျော်နိုင် ဖြစ်နေမှာ သေချာသည်။

နံနက်လင်းတော့ မေမေသည် ခါတိုင်းကဲ့သို့ သားတို့၏ စောင်ကို ဆောင့်ဆွဲလိုက်သည်။ အမေ့မျက်နှာ မာထန်နေသော်လည်း၊ ဆူပူအော်ငေါက်ပစ်ချင်သော်လည်း အိမ်နီးချင်းတွေ ကြားကုန်မည်စိုးသဖြင့် လေသံကို လျှော့ကာ ပြောသည်။

”ပြန်တော့။ အခု မင်း ငါ့အိမ်က ဆင်းတော့”

ချစ်သူကတော့ သားကိုသာ အားကိုးစွာ ကြည့်နေသည်။

”အမေကလည်း ဧည့်သည်ကို နှင်မလွှတ်ကောင်းဘူးလေ”

”တော်စမ်း။ ငါ မနေ့ညက အကုန်မြင်ထားတာကိုတောင် ဧည့်သည်လို့ ပြောချင်သေးတယ်။ မင်းကများ သူများထမင်းလည်း စားသေး သူများသားကိုလည်း စော်ကားသေး”

”အဲလို မပြောပါနဲ့ အမေ။ ကျုပ်တို့က တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်တာပါ။ ကျုပ်က အဲလိုလူဆိုတာ အမေအစောကြီးကတည်းက သိထားတယ်မလား”

”တိတ်စမ်း ဘာမှမသိချင်ဘူး။ ငါ့သားကို ဘယ်သူကမှ လက်ဖျားနဲ့ အထိတောင်မခံနိုင်ဘူး။ အခုချက်ချင်း အထုပ်ပြင်ပြီး ပြန်တော့”

”အမေကလည်း အားနာစရာကြီး။ အဲလိုမလုပ်ပါနဲ့”

”ရပါတယ်ဇော်။ ငါပြန်တော့မယ်။ နောက်မှ အေးဆေး ပြောကြရအောင်”

”ဘာနောက်မှ အေးဆေးလဲ။ မင်းတို့နှစ်ယောက် ဒီမှာတင် ရေစက်ဖြတ်လိုက်တော့။ နောက် ရွာကို လာလည်စရာ မလိုတော့ဘူး”

”ဟုတ်ကဲ့ ကျွန်တော်တောင်းပန်ပါတယ်အဒေါ်”

သားချစ်သူက အထုပ်လေးကို မြန်မြန်ပြင်ပြီး ကျောပိုးကာ လှည့်ထွက်သွားသည်။

”ကျော် နေပါဦး”

”ငဇော် နင် လိုက်မပို့နဲ့”

အမေက သားလက်ကို ဆွဲထားသည်။

”အမေ အဲဒီလောက်ကြီး လုပ်ဖို့ လိုလို့လား။ သူက အဝေးကြီးကနေလာတာလေ။ သူ့ကို တစ်ယောက်တည်း ပြန်လွှတ်ရင် ဘယ်လောက် ဒုက္ခရောက်မယ်ဆိုတာ အမေမတွေးမိဘူးလား”

”ကျုပ်သားကို ကိုယ်ထိလက်ရောက် ကျူးလွန်တာကျတော့ရောဟင်။ အမေက ငြိမ်ကြည့်နေရမှာလား”

”အမေ ဒါက ကျုပ်သဘောနဲ့ ကျုပ်လုပ်တာ။ ကျုပ်ကလေးမဟုတ်တော့ဘူး။ ကျုပ်အရွယ်ရောက်ပြီဗျ”

”ဘာ နင် နင်”

သားက အကြည့်စူးစူးတစ်ချက်ကြည့်ပြီး ချစ်သူနောက် အပြေးလိုက်ရန် ပြင်သည်။ အမေက လက်ကို ဆွဲထားပြန်သည်။

”မသွားပါနဲ့ဆို နင်လိုက်သွားမလို့ မဟုတ်လား။ မလိုက်ရဘူး”

”စိတ်ချပါအမေ ကျုပ်လိုက်ပို့ရုံပါပဲ။ ပို့ပြီး ပြန်လာပါ့မယ်”

ထိုစဉ်က အမေသည် သားအား ထိသည်ကို ဆတ်ဆတ်ထိမခံ ခံပြင်းမိသဖြင့် သားနှင့် သားချစ်သူတို့၏ ခံစားချက်ကို မေ့လျော့နေခဲ့မိသည်။ သားတို့ ဘယ်လောက် နာကျင်နေမည်ကို အမေသည် ထည့်မတွေးခဲ့မိ။

သည့်နောက်ပိုင်း သားသည် စကားနည်းသွားသည်ကလွဲလို့ ထိုကိစ္စကို စကားတစ်ခွန်းမျှ မဟခဲ့။ ရှိခဲ့သည်ဟုပင် သဘောမထားဘဲ မေ့မေ့ပျောက်ပျောက်လိုပင် နေသည်။ မျိုသိပ်ထားဟန်ရှိသည်။ သားချစ်သူကို လွမ်းဆွတ်ဟန်လည်း မျက်နှာတွင်မရှိ။ သားများ ဟန်ဆောင်ကောင်းနေခဲ့လို့လား။

သား သူ့ကို ဘယ်လောက်ထိ လွမ်းဆွတ်နေရှာမည်လဲဟု အမေ မတွေးမိခဲ့။ သားတစ်ယောက် ဘယ်လောက် အဖော်မဲ့ အထီးကျန်နေမည်ကိုလည်း အမေ ထည့်မစဉ်းစားခဲ့မိ။ ယခု သား၏ ရင်ခွင်တွင် တွေ့ရသော အရုပ်လေးကြောင့် သားချစ်သူကို ဘယ်လောက် လွမ်းဆွတ်နေသည်၊ အဖော်မဲ့ အထီးကျန်နေသည်ကို အမေသိလိုက်ရတော့ အမေ့ရင်က အလိုလို နာကျင်လာသည်။ အမေ့သားကို ပျော်ရွှင်နေတာကိုပဲ အမေမြင်လိုပါသည်။ သည့်ကြောင့် သား၏ ဘေးမှာ သားကို ပျော်ရွှင်မှု ပေးနိုင်သည့်၊ သားချစ်သည့်သူ တစ်ယောက်တော့ ရှိနေပေးစေချင်သည်။ သည့်ကြောင့် ဟိုအရင် သား၏ချစ်သူအကြောင်း အမေ မြင်ယောင်လိုက်မိသည်။

အမေ့လုပ်ရပ်တွေ လွန်မှန်း သိလိုက်သဖြင့် အမေနောင်တရသည်။ သား၏ ချစ်သူသည် မိဘမဲ့တစ်ယောက်ဆိုတာမှန်း သိလိုက်ပြန်တော့ အလွန်အမင်း သနားသွားမိပြန်သည်။ သားချစ်သူ ပြောသည့် စကားလေးကိုလည်းအမေပြန်ကြားယောင်လိုက်မိသည်။

”အဒေါ့်သားက အဒေါ်နဲ့ မြေပဲ လှော်နေတဲ့ပုံလေးကို ဖေ့ဘုတ်မှာ တင်တယ်။ အဲဒီပုံလေးကို ကျွန်တော်အရမ်း သဘောကျတာပဲ။ မြင်ရတာ အရမ်း စိတ်ကြည်နူးဖို့ကောင်းတယ်။ ကျွန်တော်လည်း အဒေါ်လို အမေတစ်ယောက် လိုချင်မိတယ်”

ထိုစကားက ယခုတော့ အမေ့ကို မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာစေသည်။ မိဘမဲ့တစ်ယောက်မို့ မိဘမေတ္တာ ငတ်မွတ်နေသူလေးကို ပျော့ပုံပေါက်သည်ဆိုပြီး အမေသည် စိတ်ထဲကနေ အထင်သေးခဲ့မိသေးတာပဲ။ အမေနှင့်ပုံမြင်တော့ သူလည်း အားကျရှာမပေါ့။ တကယ်ဆိုလျှင် မိဘမေတ္တာ ငတ်မွတ်သူလေးကို အမေ့မေတ္တာတွေ ပေးလိုက်သင့်ဖို့ ကောင်းသည်။

တစ်ညတွင် အမေသည် အရဲစွန့်ပြီး စာစစ်နေသည့် သားဘေးကို ဝင်ထိုင်ကာ သားအား မေးမည် ဟန်ပြင်လိုက်သည်။ သားသည် စာကိုသာ စိတ်ဝင်စားနေသဖြင့် သားမျက်နှာကို အမေသည် တစိမ့်စိမ့်ကြည့်နေမိသည်။ အို… သားမျက်နှာမှာ အရေးအကြောင်းလေးတွေတောင် ပေါ်နေလို့ပါလား။ သားအသက်က လေးဆယ်ပဲ ပြည့်ပြီပဲဟာ။ သား အတော်လေး အိုစာသွားပြီပေါ့။ အသက်လေးဆယ်လုံးလုံး သားတစ်ယောက် တစ်ကိုယ်တည်း အထီးကျန်ကျန်နှင့် ဖြတ်သန်းခဲ့ရသည်ပဲ။ အမေ သဘောမကျသောကြောင့် ထင်ပါရဲ့။ သားက သူငယ်ချင်းလည်း မထား။ တစ်ကိုယ်တည်းသာ အနေများသည်။ သည်ပုံစံနှင့် အမေတို့သာ သေဆုံးသွားလျှင် သားတစ်ယောက် ဘယ်လောက်များ အထီးကျန်နေလိမ့်မည်နည်း။ သားဘေးမှာ မည်သူမျှမရှိဘဲ ဘယ်လိုများ အသက်ရှင် နေထိုင်သွားရပါ့။ သားကို အမေစိတ်မချတော့။ တချို့တွေက အမေ့ရှေ့မှာ သားကို မိန်းမမယူသေးဘူးလားဟု မေးလျှင် မျက်နှာပိုးကို မနည်းသတ်ပြီး မပြုံးနိုင်သည့်ကြားက ဟန်ဆောင်ပြုံးကာ ”မတွေ့သေးလို့လေ။ တွေ့ရင် ယူမှာပေါ့” ပြောရသည့် သားအဖြစ်ကို မြင်တော့ သားထက် အမေ့ရင်က ပိုနာသည်။ သားကိုများ ”နင်ကအခြောက်ကြီး ဘယ်သူက ကြိုက်မှာတုန်း” လို့ ပြောလာမည်ကို အမေ သေမတတ်ကြောက်သည်။ မေးခွန်းက သားရင်ကို နင့်စေမှာမို့ အမေ မခံစားနိုင်။ သမီးကလည်း လင်သည်ပြန်လာလျှင် အိမ်ခွဲမယ် တကဲကဲ လုပ်နေသူ။ သားနှင့် အတူနေချင်လိမ့်မည် မဟုတ်။ လင်သည်က ပိုက်ဆံလွှဲလျှင် အိမ်မှာ ဆန်မရှိလျှင်တောင်မှ လင်သည်ပြန်လာလျှင် ဝိုင်းဝယ်နိုင်အောင်၊ အိမ်အသင့်ဆောက်နိုင်အောင်လို့ဆိုပြီး ထုတ်ပေးချင်တာမဟုတ်။

အို… သားမျက်ကွင်းတွေလည်း ညိုနေသည်။ အလုပ်လည်း ပင်ပန်း၊ စာလည်း စစ်ရတာကောနှင့် အိပ်ရေးပျက်ပြီး ညိုကုန်တာ ဖြစ်လိမ့်မည်။ ပြီးတော့ သားအတော်လေး ပိန်နေသည်။ အမေသည် သားအား ဒီလောက် အနီးကပ်မကြည့်ဖူးခဲ့။ သား ကျန်းမာရေးကိုလည်း တစ်ခါဖူးမျှ စိတ်မပူဖူးခဲ့။ အို တကယ်တော့ သားသည်သာ အမေတို့ ကျန်းမာရေးကို စိတ်ပူပြီး ဂရုစိုက်ပေးခဲ့တာ မဟုတ်လား။ နေပူခံမိရုံနှင့် ခေါင်းကိုက်တတ်သည့် အမေ့ကို ခေါင်းကိုက်ပေါ်မည်စိုးသဖြင့် သားကိုယ်တိုင် ရှိတဲ့အချိန်လေးတွေ ခြစ်ကုပ်ပြီး နေပူထဲ ပေါင်းနှုတ် နွားစာရိတ်ခဲ့တာပဲ။ အားဆေးဆိုလျှင် မသောက်ချင်သည့်အမေ့ကို ခေါင်းကိုက်ပေါ်တိုင်း ”အော်ရာမင်ဂျီနဲ့ တွဲသောက်မှ ခေါင်းကိုက်ပျောက်တာ အမေရဲ့” ဆိုပြီး ဘိုင်အိုဂျက်ဆစ်နှင့် အော်ရာမင်ဂျီကို တွဲတိုက်သည်။

အဖေကိုလည်း ”နေပူထဲ လုပ်ရသူတိုင်း သောက်ရတာ” ဆိုပြီး ပန်းဝတ်မှုန် အပူငြိမ်းဆေးကို ဝယ်ပေးထားတတ်သည်။ ချွေးထွက်လွန်လျှင် ဓာတ်ဆားတွေလည်း ဆောင်ထားပေးတတ်ခဲ့သည်။ သား၏ ဂရုစိုက်မှုတွေကြောင့်သာ အသက်ခြောက်ဆယ်ကျော်သည့်တိုင် အမေတို့ ကျန်းမာနေဆဲ ဖြစ်လိမ့်မည်။ ဒါတွင်မက သားချစ်သူ လာတုန်းက သားချစ်သူက ပြောခဲ့သေးတာပဲ။

”အဒေါ့်သားက အဒေါ်တို့ကို တအားချစ်တာပဲနော်။ ကျွန်တော်က ရန်ကုန်မှာ အလုပ်တွေပေါလို့ အလုပ်ရှာပေးမယ်၊ လုပ်မလားလို့ ပြောတာတောင် အဒေါ်တို့ကို စိတ်မချလို့ဆိုပြီး မလုပ်ချင်ဘူးတဲ့”

အို… ဒါတွင်မက သား ကျောင်းဆရာအလုပ်ရတုန်းက ရွာနှင့် ရှစ်မိုင်ဝေးသည့် ရွာလေးတွင် အလုပ်ရခဲ့သည်။ နေစရာအဆောင် ပေးပါသော်လည်း သားကမနေ။ ဓာတ်ဆီအကုန်ခံပြီး နေ့တိုင်း အသွားအပြန်လုပ်သည်။ အမေက အဆောင်နေပါဟု ပြောသော်လည်း တောကအလုပ်တွေ နိုင်လို့လားဆိုပြီး အမေ့စကားကို နားမထောင်။ လုပ်သက် (၂) နှစ် ပြည့်ပြီးပြီးချင်း အမေတို့ ရွာလေးသို့ ပြောင်းမိန့်ရအောင် တင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ အမေတို့ကို ချစ်လွန်းသောကြောင့်၊ စိတ်မချသောကြောင့်ဖြစ်ကြောင်း အမေသိလိုက်သည်။ ဤသည်ကို တွေးမိသဖြင့် သားကို အမေသည် အလွန်ချစ်မိသွားသည်။

”ဘာလို့လဲအမေ”

သား၏ အသံကြားမှ အမေလည်း သားကို ငေးနေရာမှ သတိ ဖျတ်ကနဲ့ ဝင်သွားသည်။

”ဟင်… သြော်… ဘာမှ မဟုတ်ပါဘူး။ ဒါနဲ့ ဟိုကောင်လေး မလာတော့ဘူးလားဟင်”

”ဘယ်ကောင်လေးလဲ။ မဘုတ်စိန်သားလား။ သူက ဉာဏ်တွေ ကောင်းလာတယ် အမေရဲ့။ အမှတ်တွေလည်း ကောင်းလာတယ်။ အဲဒါကြောင့် စာမေးဖို့ မလိုတော့လို့ မလာတာနေမှာပေါ့”

”သြော် မဟုတ်ဘူး။ ဟို မိဘမဲ့ဆိုတဲ့ ကောင်လေးလေ”

အမေ့စကားကြောင့် သားသည် ထိတ်ထိတ်ပြာပြာ ဖြစ်သွားသည့် လေသံနှင့် ပြောသည်။

”ဟင် အမေ။ အမေ အမေဘယ်က ဘာတွေ ကြားလာတယ်မသိပေမဲ့ ကျုပ် အဲ့ဒီကိစ္စကို မေ့ထားတာကြာပြီ”

သား၏ အမူအရာကြောင့် အမေ့ရင်ထဲ စစ်ကနဲ့ နာကျင်သွားသည်။ ထိုကိစ္စကို အစဖော်လိုက်လျှင် အမေ၏ ဒေါသကို ကြောက်လွန်းသည့်အတွက်ကြောင့် လန့်သွားခြင်းများလား။ မေ့ထားတာ ကြာပြီဆိုတော့ အမေ မကြိုက်တာကို လုံးဝမလုပ်ဘူးဆိုတဲ့ အဓိပ္ပါယ်များလား။

”သြော် အဲလိုမဟုတ်ပါဘူး။ သူလည်း မလာတာကြာတော့ အလည်လာချင်နေမလားလို့”

”အမေကလည်း ဘာလို့ ဒါတွေကို အစဖော်နေရတာလဲ။ အမေပဲ နှင်တုန်းက နှင်ခဲ့ပြီးတော့”

”ဘာလဲ မင်းတို့နှစ်ယောက်က ပြီးသွားပြီလားဟင်”

”မေးဖို့ လိုလို့လားဟင်။ အမေ့ရှေ့မှာပဲ ကျုပ်တို့ လမ်းခွဲခဲ့တာပါဗျ။ စိတ်ချပါအမေ။ ကျုပ်တကယ် သူနဲ့ အဆက်အသွယ်မရှိတော့ပါဘူး။ စိတ်မပူပါနဲ့”

”ဟင် လမ်းခွဲလိုက်ပြီလား။ မေ့ မေ့ရော မေ့နိုင်လို့လားဟင်”

”အမေ ဘာလို့ ဒါတွေ လာမေးမှန်းမသိပေမဲ့ ကျုပ်”

”အမေ မှားပါတယ် ငဇော်ရယ်။ ငဇော်သူ့ကို မမေ့ရင် ပြန်ခေါ်လိုက်ပါနော်။ သူလည်း အလည်လာချင်တယ်ပြောရင် လာပါလို့ ပြောလိုက်ပါ။ ဒီတစ်ခါ ကျုပ် တကယ် ပြန်မလွှတ်တော့ပါဘူး”

အမေ့မျက်ဝန်းမှာ မျက်ရည်တွေ စီးကျလာသည်။

”အမေ တကယ်ပြောနေတာလား။ အမေ ဘာလို့ ဒီလိုပြောင်းလဲ သွားတာလဲဟင်။ အမေ အရင်က ဒီလိုမဟုတ်ပါဘူး”

”ဟိုအရုပ်လေးကြောင့်ပေါ့။ မင်း အရုပ်လေးကို ဖက်အိပ်နေတာ မြင်တော့ ကျုပ်စိတ်မကောင်းဘူး။ သူ့ကို အရမ်း လွမ်းနေမလားလို့ပါ”

အမေက သား၏ ဘေးမှ အရုပ်လေးကို မေးငေါ့ပြသည်။

”သြော် အမေရဲ့။ မဟုတ်တာတွေ။ ကျုပ် ဗိုက်က နည်းနည်းပူနေတော့ မှောက်အိပ်ရတာ မကောင်းလို့ ဗိုက်အောက်မှာ ဖိအိပ်တာပါဗျ”

”ဟင့်အင်း မရဘူး။ သူ့ကို အလည်ပြန်ခေါ်လိုက်။ နင်တို့ အရင်လိုပဲ ပြန်နေတော့”

”မနေတော့ဘူးအမေ။ ကျုပ်ပဲ သူ့ကို ပြတ်သားလိုက်တာ။ သူက သူနဲ့အတူနေဖို့ ပြောတယ်။ ကျုပ်က အမေတို့နဲ့ မခွဲနိုင်ဘူး။ ဒါ့ကြောင့် တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲ ချစ်ချစ် အတူနေခွင့်မရှိမဲ့အတူတူ လမ်းခွဲတာပဲ ကောင်းပါတယ်ဆိုပြီး ကျုပ်ကပဲ အဆက်ဖြတ်လိုက်တာပါ”

သားစကားကြောင့် အမေသည် ရှိုက်ကာ ရှိုက်ကာ ငိုလေတော့သည်။

”ကျုပ်အပြစ်တွေပါ။ အကုန် ကျုပ်အပြစ်တွေပါတော့်။ နင်က ကျုပ်တို့ကို ကောင်းသလောက် ကျုပ်တို့ကတော့ နင့်အပေါ် ဘာမှမကောင်းခဲ့ဘူး”

”အဲလို မတွေးပါနဲ့အမေ။ ကျုပ်အတွက် အမေရှိနေပေးတာနဲ့တင် ကျေးဇူးတင်လှပြီ”

”ဟုတ်ပါပြီ။ ဒါ ဒါနဲ့ အဲဒီကောင်လေးကရော နင့်ကို မေ့လိုက်ပြီလားဟင်။ သူလည်း နင်မရှိတော့ ပျော်ပါ့မလား”

”ကျုပ်လည်း အဲဒီတုန်းကတည်းက စပြီး ဖေ့ဘုတ် မသုံးဘဲနေတော့ မသိဘူးအမေ။ သူ အခုလောက်ဆို နောက်တစ်ယောက်နဲ့ ပျော်ရွှင်နေလောက်ပြီ။ သူက စာရေးဆရာတစ်ယောက်ပါ အမေ။ နောက်တစ်ယောက် မတွဲတောင် စာတွေနဲ့ အဖော်ပြုပြီး တစ်ယောက်တည်း နေတတ်မှာပါ”

အမေသည် ဘာမျှ မမေးမြန်းချင် မကြားချင်တော့ဘဲ ရင်ထုမနာဖြစ်ကာ နေရာမှ ထသွားလေသည်။

* * * * * * *

”အမေရေ အမေ”

သား၏ ရွှင်မြူးနေသည့်အသံကြောင့် အမေသည် မြေပဲပြာနေရာမှ ”ဘာတုန်း ဘာတုန်းတော့်” ဟု ထူးလိုက်သည်။

”ကျုပ် အမေပြောလို့ ဖေ့ဘုတ်ပြန်သုံးတော့ သူ့အကောင့်ထဲ ဝင်ကြည့်တယ်”

”ဘာလဲ အကောင့်ဆိုတာ”

”သြော် အကောင့်ဆိုတာ ဖေ့ဘုတ်သုံးသူတိုင်း အကောင့်တစ်ခုရှိရတယ်လေ။ သူ့အကောင့်ထဲမှာ သူ တင်ထားတာ တွေ့တယ်။ သူမကြာခင် သူ့စာအုပ်မိတ်ဆက်ပွဲ လုပ်တော့မှာတဲ့။ သူ စာအုပ်ထုတ်တော့ တစ်ယောက်သောသူကို အရမ်းသတိရမိတယ်လို့ တင်ထားတယ်”

”သြော်”

”ကျုပ်လည်း အဲဒီတစ်ယောက်က ဘယ်သူလဲ သိချင်တာနဲ့ ကော်မန့်တွေ ဝင်ကြည့်လိုက်တယ်”

”ဘာလဲတော့်… ကော်မန့်ဆိုတာ”

”သြော် ကော်မန့်ဆိုတာ သူတင်ထားတာကို သူများတွေက မှတ်ချက်ပေးကြတာကို ပြောတာလေ။ ကော်မန့်ပေးသူ တစ်ယောက်က ”ဘယ်သူများလဲ သိခွင့်ရမလား” လို့ မေးထားတယ်။ သူပြန်ဖြေတာက ကျုပ်ဖတ်ပြမယ်နော်။ ”သူက ကျွန်တော်မြတ်နိုးရသူပါ။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ခဲ့ကြတယ်။ သူ့မိဘတွေက သဘောမတူလို့ လမ်းခွဲခဲ့ကြတယ်။ တကယ်ဆို သူက သိပ်လိမ္မာတဲ့ သားတစ်ယောက်ပါ။ အချစ်ထက် မိဘကို ဦးစားပေးခဲ့တယ်။ အဲဒီအချက်တွေကြောင့် သူ့ကို လေးစားပြီးရင်း လေးစားကာ အချစ်လည်း ပိုမိတယ်။ ကျောင်းဆရာ တစ်ယောက်ဆိုလည်း ဟုတ်တယ်။ ပြန်မဆုံနိုင်တော့မှန်း သိပေမဲ့ ကျွန်တော့်အချစ်တွေ သူ့ကိုပဲ ပုံပေးလိုက်ပြီ။ သူကလွဲလို့ ဘယ်သူ့ကိုမှ မချစ်နိုင်တော့ဘူး။ သူ့နေရာမှာ ဘယ်သူ့ကိုမှလည်း အစားထိုးလို့ မရတော့ဘူး” တဲ့။

”အဲ အဲဒါ နင့်ကို ပြောတာ ငဇော်ရဲ့”

အမေသည် ဝမ်းဝမ်းသာသာဖြင့် ပြောသည်။

”ဒါပေါ့အမေ။ ကျုပ်ဖြင့် ပျော်လိုက်တာ။ သူ ကျုပ်ကို မေ့သွားပြီထင်ထားတာ။ နေဦး ကော်မန့်ပေးသူက ချစ်တဲ့သူတွေ ပြန်ဆုံနိုင်ပါစေလို့ ဆုတောင်းပေးထားတယ်။ အဲဒီဆုတောင်း ပြည့်စေချင်တယ်အမေ”

”ပြည့် ပြည့်ရမှာပေါ့ ပြည့်ရမှာပေါ့”

အမေသည် မျက်ရည်အပြည့်နှင့် သားကို ပွေ့ကာ ကျောကို အသာပုတ်သည်။

”ကျုပ်တစ်ပါတ်လောက် ခွင့်ယူပြီး သူ့ဆီသွားမယ် အမေခွင့်ပြုမယ်မလား”

”ခွင့်ပြုတာပေါ့ကွယ်။ သူ့လိပ်စာ တောင်းပြီးပြီလား”

”ဟင့်အင်း သူ့ဆီမရောက်ဖူးပေမဲ့ သူပြောပြဖူးလို့ သူ့လိပ်စာကို အလွတ်ရပြီးသားပါ။ သူ့ဖုန်းနံပါတ်လေးလည်း ကဗျာလေးလို စပ်ထားလို့ အလွတ်ရထားပြီးသား။ ငါးနှစ်တိတိသုံး ချစ်တာသုံး သုံးတိပါတဲ့။ သူ့ကို အံ့သြသွားစေချင်လို့ အသိမပေးဘဲ သွားမှာ”

”ကောင်းတယ်ကွယ်… ကောင်းတယ်”

* * * * * * *

နောက်တစ်နေ့တွင် သားသည် ခရီးဆောင် ကျောပိုးအိတ်လေး ပိုးလျက် အမေ့ကို လည်ပြန်ကြည့်ပြီး ”အမေရေ တာ့တာ” ဟု လက်ဝှေ့ပြသည်။ အမေလည်း ပြန်လည် လက်ဝှေ့ပြသည်။ သား၏ မျက်နှာပေါ်က ချိုမြသည့် အပြုံးမျိုး အမေ သည်တစ်ကြိမ်သာ မြင်ဖူးသည်။

ဒေးဗစ်မောင်မောင်

Leave a Reply

Your email address will not be published. Required fields are marked *