နီလာရောင် ထီးတစ်လက်

“ဟဲ့ မိသီ…..ဒီမှာ မင်းသမီးရောက်ပြီ။ လာပြင်တော့…. ဟဲ့ မလာသေးဘူးလား၊ ဒီမှာ မင်းသမီးကိုအားနာစရာ….”ဟု အခန်းအပြင်ဘက်သို့လှမ်းအော်လိုက်ပြီး ဒေါ်လှတင့်သည် ကျွန်မဘက်လှည့်ကာ ပြုံးပြလေသည်။

“လာပြီ တင့်တင့်ရေ” ဟု မာသော၊ နွဲ့သော၊ ယောက်ျားသံမကျ၊ မိန်းမသံမကျ အသံနှင့်အတူ ဆံပင်ရှည်ရှည် အခြောက်လေးတစ်ယောက် အခန်းထဲဝင်လာလေသည်။

ဒေါ်လှတင့်က အခန်းအပြင်သို့ ထွက်သွားပြီး ထိုအခြောက်လေးသည် ကျွန်မရှေ့ရှိထိုင်ခုံတွင် ဝင်ထိုင်လိုက်လေ သည်။ ရေချိုးပြီးကာစ ဆံပင်ရေစိုဖြင့်ပင် မိတ်ကပ်ပုံးကိုဖွင့်ကာ မိတ်ကပ်ပစ္စည်းများထုတ်ပြီး “အစ်မ စောင့်ရတာကြာသွားလား… မိသီ ရေချိုးနေလို့” ဟု အားနာသလို ပြောသည်။

“အင်းညီမ ရပါတယ်”

ကျွန်မပြန်ဖြေလိုက်တော ကျွန်မကိုပြုံးပြသည်။ မိသီသည် အသားဖြူဖြူနှင့် ကြည့်ကောင်းသော်လည်း အခြောက်လေး ဖြစ်နေသဖြင့် သနားမိသည်။

“အမ မျက်နှာသစ်ပြီးသားမလား… စလိမ်းပြီနော်” ဟုဆိုကာ မိတ်ကပ်စလိမ်းလေသည်။

“မိသီ…မိသီ….ဟဲ့မိသီ…..”

မိသီ ကျွန်မကို မိတ်ကပ်လိမ်းပေးနေစဉ် အက်ရှရှ၊ နွဲ့တဲ့တဲ့ခေါ်သံတစ်ခုကို ကြားလိုက်ရသည်။

“ဟဲ့ မာလာ… အပြင်ကနေ စွတ်အော်မနေနဲ့။ ငါအခန်းထဲမှာ… တကတည်း အော်နေလိုက်တာ” ဟု မာန်ပြီး ကျွန်မကို အားနာသလို ကြည့်လေသည်။

“ဒီမှာ ဝေယံလေးက နင့်ဆီ ပို့ပေးဆိုလို့ လာပို့တာ။ ငိုနေလိုက်တာများ အေ… တိတ်ကို မတိတ်တော့ဘူး” ဟုဆို၍ ကလေးချီထားသော အခြောက်လေးတစ်ယောက် အခန်းထဲ ဝင်လာလေသည်။

မိသီက ကျွန်မကို “မင်းသမီး ခဏနော်။ မိသီ ကလေးနဲ့တွေ့လိုက်ဦးမယ်”ဟုပြောပြီး ကလေးချီထားသော ထိုအခြောက်လေးကို အခန်းထောင့်သို့ ခေါ်သွားလေသည်။

“ညီမ… မကြာစေနဲ့နော်။ အစ်မ ရှစ်နာရီမှာသီချင်းဆိုရမှာ…” ပွဲချိန် နောက်ကျမည်ဆိုး၍ မိသီကို လှမ်းအော်ပြောလိုက်ရသည်။

“ဟုတ်ကဲ့… ခဏပါပဲ မင်းသမီး”

မိသီဆိုသော အခြောက်လေးသည် အခန်းထောင့်တွင် အသက် (၄) နှစ်ခန့် ဖြူဖြူပိန်ပိန် ကလေးလေးနှင့် စကားပြောလိုက် နောက်အခြောက်တစ်ယောက်နှင့် စကားပြောလိုက် လုပ်နေလေသည်။ တခြားဇာတ်အဖွဲ့များမှာ ဇာတ်စင်ညာဘက်ရှိ အခန်းတွင် ပြင်ကြပြီး ဇာတ်စင်နောက်ရှိ သီးခြားအခန်းလေးကို ကျွန်မတစ်ယောက်တည်းအတွက် ပေးထားလေရာ အခန်းအတွင်း၌ လူရှင်းနေပြီး တိတ်ဆိတ်နေပေသည်။

“ဟဲ့… ဒီနေ့ အဆင်ပြေလား”

“အေး ပိုက်ဆံတော့ရပါတယ် အေ… ငှါးတဲ့လူက အရက်သမားကြီး… မူးပြဲနေတာပဲ။ ထိုးချင်ရာ စွတ်ထိုးတာ နာလိုက်တာလွန်ရော။ အခုထိ ကျိန်းနေတယ်။ အရက်နံ့တွေလည်း စွဲလာလို့ ရေချိုးထားရတယ်”

အခန်းထဲတွင် တိတ်ဆိတ်နေသောကြောင့် သူတို့ပြောသော စကားများကို တစ်စွန်းတစ်စ ကြားနေရပေသည်။ အို… ဘာတွေလဲ။ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ဘဝကို ဒီလိုဖြတ်သန်းနေကြတာလား။

“အေး… ကိုယ့်ကိုယ်ကို ဂရုစိုက်ဦးနော်။ လူတွေက မူးနေရင် လူစိတ်ရှိကြတာ မဟုတ်ဘူး”

ကျွန်မ နာရီကိုကြည့်လိုက်တော့ ပွဲချိန်နီးလာပြီမို့ မိသီကို လှမ်းပြောလိုက်သည်။

“ညီမရေ… အစ်မ ပွဲချိန်နီးနေပြီ”

“ဟုတ်ကဲ့ မင်းသမီး… လာပြီ”

“မာလာ… ခဏနေ ဝေယံလေးကို ဆေးတိုက်ပေးထားဦး။ ဒီမှာ နေဦးနော်… ခဏနေ ငါလည်း ပြန်မှာ…”

“အေးပါ စိတ်ချ”

မိသီက ကျွန်မဆီလာပြီး မိတ်ကပ်ဆက်ပြင်ပေးနေလေသည်။ မာလာကလည်း အခန်းထောင့်တွင် ကလေးနှင့် စကားပြောလိုက်၊ မိသီကို လက်ညှိုးထိုးပြလိုက်ဖြင့် ကလေးမငိုအောင် ထိန်းနေလေသည်။ မီသီသည် ကျွန်မကို မိတ်ကပ်ပြင်ပေးနေသော်လည်း ကလေးကိုသာ ခဏခဏ ကြည့်နေလေသည်။

“ညီမ… ကလေးက ဘာတော်လဲ”

“တူလေးပါ”

“သြော်… ကလေးက နေမကောင်းဘူးလား”

“ဟုတ်… အကြောသိပ်မသန်ဘူး။ ဆရာဝန်ကတော့ ဖျက်ချတဲ့ ဆေးဒဏ်ကြောင့်လို့ ပြောတာပဲ။ ဟူး… အမမိုက်လို့လေ”

“သြော်…” ဟုသာ ပြောလိုက်မိသည်။ တာဝန်မယူနိုင်ဘဲ မိုက်ကြတော့ အပြစ်မဲ့တဲ့ ကလေးက ဝေဒနာ ခံစားနေရတာပဲကိုး။ ကျွန်မကို မိတ်ကပ်ပြင်ပေးပြီးတော့ မိသီတို့သုံးယောက် အခန်းထဲက ထွက်သွားကြလေသည်။ ကျွန်မလည်း အဝတ်လဲကာ အခန်းပြင်သို့ ထွက်လာလိုက်သည်။

ဇာတ်စင်ဘက်သို့ သွားမည်ပြုတော့ ဇာတ်စင်နောက် မှောင်ရိပ်တွင် မိသီတို့နှစ်ယောက်နှင့် အသက်ကြီးကြီး အမျိုးသားတစ်ဦးတို့ စကားပြောနေသည်ကို တွေ့လိုက်ရသည်။ ဘာတွေများပါလိမ့်။ ထိုလူကြီးကိုကြည့်ရသည်မှာ လူကောင်းဖြစ်ပုံမရ။

ကျွတ်… မိသီ ဘယ်လိုလူတွေနဲ့ဆက်ဆံပြီး အလုပ်လုပ်နေတာပါလိမ့်။ ကျွန်မလည်း မိသီအတွက် စိုးရိမ်မိသွားသည်။ ယောက်ျား တော်တော်များများက အခြောက်တွေကို ပြင်းပြင်းထန်ထန် ရွံမုန်းတတ်ကြသည်ကို ကျွန်မ သိထားသည်လေ။ မတော် စိတ်ဆိုးလို့ မိသီကို တစ်ခုခုလုပ်လိုက်မှဖြင့်…။ မှုခင်းဂျာနယ်တွေထဲမှ လူသတ်ပြီး အလောင်ဖျောက်သော အမှုများကို တွေးမိပြီး မိသီအတွက် စိုးရိမ်နေမိသည်။
ကျွန်မကိုတွေ့တော့ ထိုလူကြီးက ”ရှစ်နာရီလောက် ပွဲခင်းထဲက ထွက်ခဲ့နော်”ဟု မိသီကိုပြော၍ ကျွန်မကိုလည်း စူးစူးရဲရဲကြည့်ကာ ထွက်သွားလေသည်။ မိသီက ကျွန်မကိုတွေ့တော့ ပြုံးရုံသာပြုံးပြပြီး အခန်းထဲဝင်သွားလေသည်။

မာလာက ဝေယံလေးကိုချီရင်း ကျွန်မနားသို့လာကာ “မင်းသမီး…..ကျွန်မတို့လည်း ပွဲကြည့်လို့ရလား။ မိသီကို စောင့်ရမှာမို့… လက်မှတ်တော့ မရှိဘူး… ဟီး”

မျက်နှာချိုသွေးကာ ပြောနေသော်လည်း အားငယ်မှု၊ ညှိုးလျမှုတို့ကို မျက်ဝန်းများမှတစ်ဆင့် အတိုင်းသား မြင်နေရသည်။

“အေး ညီမ….အစ်မ ကိုထွန်းကို ပြောပေးမယ်”

“ဟုတ် မင်းသမီး ကျေးဇူးပါ”

“ရပါတယ်။ ညီမကို မေးစရာရှိတယ်… ”

“မေးလေမင်းသမီး….ဘာသိချင်လို့လဲ”

“ကလေးကို ဘယ်သူဆေးကုပေးနေတာလဲ သူ့အမေအဖေကရော…..”

“သူ့အဖေက ဘယ်ရောက်နေမှန်းတောင် မသိပါဘူး။ သူ့အမေကတော့ ထိုင်းမှာ မင်းသမီးရဲ့။ ပိုက်ဆံလည်း မပို့ဘူး။ မိသီပဲ ဆေးကုပေးနေတာ။ ဆေးဖိုးကလည်း သောက်သောက်လည်း ကုန်တယ်။ သူ အလုပ်သွားတဲ့အချိန် ကျွန်မက ဝေယံလေးကို ထိန်းပေးရတာ။ အခု အလုပ်ပေါ်လာလို့ မိသီက သူ့ကို စောင့်ဦးဆိုလို့ ဇာတ်ပွဲကြည့်ရင်း စောင့်မှာ…”

“သြော်… အင်းပါ။ ရှေ့တန်းနေရာရအောင် အစ်မပြောပေးထားမယ်။ ပွဲခင်းထဲ သွားနှင့်တော့”

“ဟုတ်မင်းသမီး…ကျေးဇူးပါ” ဟုဆို၍ မာလာနှင့်ဝေယံတို့ ပွဲခင်းထဲသို့ ဝင်သွားကြလေသည်။

သြော်… ဒီလိုအဖြစ်မျိုးတွေလည်း ရှိနေသေးတာလား။ ကလေးမွေးထားပြီး တာဝန်မယူတော့ ကလေးမှာ မိတစ်ကွဲဖတစ်ကွဲနှင့် နေနေရသည်။ မိခင်စိတ်ရှိတဲ့ ဦးလေးက စောင့်ရှောက်နေပေမယ့် ဒီကလေး ဒီပတ်ဝန်းကျင်မှာ ဘယ်လိုများ…။ ကျွန်မ စိတ်မကောင်းဖြစ်မိသဖြင့် ဆက်မတွေးချင်တော့ပါ။

“ဟူး…” ကျွန်မ သက်ပြင်းသာ အကြိမ်ကြိမ် ချနေမိသည်။ ကိုယ့်တူလေးအတွက် ကိုယ့်ကိုယ်ကို အနစ်နာခံပြီး အလုပ်မျိုးစုံလုပ်နေသော မိသီနှင့် ရောဂါသည်ကလေးလေးကို ဘာမှမကူညီပေးနိုင်သဖြင့် စိတ်မကောင်းဖြစ်မိသည်။ ကိုယ်ကိုယ်တိုင်တောင်မှ တစ်လတစ်လ အမေ့ဆေးဖိုးအတွက် ဘီလူးသရဲစီးနေသလို ငွေရှာနေရသည် မဟုတ်ပါလား။ ဒီလလည်း အကြွေးတွေ ထပ်တင်နေသည့်အပြင် အမေ့ရောဂါက တဖြည်းဖြည်း ဆိုးရွားလာနေသည်။ ဟူး…. စိတ်ညစ်နေလို့ရော ဘာထူးလာမှာလဲ။ လောကကြီးက ဒီလိုပဲ လည်ပတ်နေတာမို့ အဆင်ပြေအောင် ရုန်းကန်ရမှာပဲ။

မိသီမှအစပြု၍ ကျွန်မရဲ့စိတ်ဆင်းရဲစရာများဆီသို့ အတွေးရောက်သွားသဖြင့် စိတ်ကိုပြန်ရှင်းလိုက်ရသည်။ မိတ်ကပ်ဗူးလေး ဖွင့်လိုက်ပြီး ပါးနှစ်ဖက်ကို ဘရက်ရှ်လေးဖြင့် အသာအယာပုတ်လိုက်သည်။ ပြီးသည်နှင့် ဇာတ်အဖွဲ့ရှိရာသို့ သွားလိုက်ပြီး ဇာတ်ဆရာနှင့် စကားပြောနေလိုက်သည်။

အားလုံး အဆင်သင့်ဖြစ်သည့်အချိန်တွင် ကျွန်မ စင်ပေါ်တက်သွားလိုက်ပြီး ကန့်လန့်ကာနောက်တွင် ရပ်နေလိုက်သည်။ မင်းသမီးတစ်ယောက်မို့ ခံစားချက်တွေကိုဖုံးကွယ်ရတာ ကျွန်မအတွက် သိပ်မခက်ခဲလှပါ။ ပူပန်မှု၊ ဝမ်းနည်းမှုတို့ကို မိတ်ကပ်တွေရဲ့နောက်ကွယ်ကို ပို့ထားလိုက်ပြီး ချစ်စရာကောင်းလှသော မျက်နှာလေးအဖြစ် ပြောင်းလဲထားလိုက်သည်။ ကန့်လန့်ကာ ဖွင့်လိုက်ချိန်တွင်တော့ နှုတ်ခမ်းထောင့်ကို ကော့နေအောင်ကွေးပြီး ဆွဲဆောင်မှုရှိလှသော အပြုံးပန်းတစ်ပွင့်ကို ပန်ဆင်လိုက်သည်။

“ပရိသတ်ကြီး မင်္ဂလာပါရှင်… ဇရပ်ကြီးမြို့ရဲ့ တန်ဆောင်တိုင်ပွဲတော်ကြီးမှာ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။ ပထမဆုံးအနေနဲ့ ကျွန်မ မူယာဆင့်က မဝိုင်းစုရဲ့ ကမ်းခြေဆိုတဲ့ သီချင်းလေးနဲ့ စတင်ဖျော်ဖြေမှာ ဖြစ်ပါတယ်……”

ဖြောင်း… ဖြောင်း… ရွှီး… ရွှီး….

လက်ခုပ်သံများအဆုံး၌ ကျွန်မရဲ့သီချင်းဆိုသံက အေးစက်စက်မြူနှင်းများကြားတွင် သာသာယာယာ လွင့်ပျံသွားလေသည်။

“x x x အုန်းရည်… အုန်းရည် x x x သောက်တောင် x x x သိပ်မချိုဘူးလား x x x အာရုံထွေကာ ရင်တွေ ဘာတွေပူ x x x”

သီချင်းဆိုရင်း ပရိသတ်ကို ဝေ့ကြည့်လိုက်ရာ ရှေ့ဆုံးတန်းရှိ ဖျာတစ်ချပ်ပေါ်တွင် မာလာနှင့်ဝေယံကို တွေ့ရသည်။ ဝေယံလေးသည်

မာလာကို မှီထိုင်နေရင်း မုန့်စားနေလေသည်။ မာလာကတော့ သီချင်းလိုက်ဆိုရင်း အားပေးနေလေသည်။

“x x x ညအိပ်မက်တော့ ရေသူမလေးရော x x x ပင်လယ်နတ်သမီးရော x x x အားလုံးပဲ မင်းဖမ်းမိသူ x x x”

ဘုရားပွဲဖြစ်သဖြင့် အတိုအပြတ် မဝတ်ထားသော်လည်း ခန္ဓာကိုယ်ကို လှလှပပလေး ယိမ်းနွဲ့ပြလိုက်ရာ ကာလသားများ၏ အားပေးသံများ ဆူညံသွားလေသည်။

x x x မင်းရဲ့စိတ်က ပင်လယ်ဘုရင်ကြီးပေါ့ x x x ဘန်ဂလိုဟာ နန်းတော် x x x”

ပရိသတ်ကိုကြည့်ရင်း ပွဲအဝင်ပေါက်သို့ကြည့်မိရာ အနီရောင်ကိုယ်ကျပ်ဂါဝန်လေးနှင့် မိသီ… ကျွန်မလည်း ဆက်ကြည့်နေမိရာ ဘေးလွယ်အိတ်လေးလွယ်လျက် ခပ်သွက်သွက်လမ်းလျှောက်၍ ပွဲခင်းအပြင်သို့ ထွက်သွားသည်ကို တွေ့လိုက်ရသည်။

x x x ညအိပ်မက်တော့ ရေသူမလေးရော x x x ပင်လယ်နတ်သမီးရော အားလုံးပဲ မင်းဖမ်းမိသူ x x x”

ကျော်မိုးသန့်

Leave a Reply

Your email address will not be published. Required fields are marked *