ကျွန်တော်တို့ ဘာကြောင့် LGBT တွေ ဖြစ်နေကြသလဲ

LGBT တွေဟာ လိင်စိတ်တိမ်းညွတ်မှု၊ လိင်ဝိသေသတွေနဲ့ပတ်သက်ပြီး လူအများစုနဲ့ ကွဲပြားပါတယ်။ ဒါပေမဲ့ ဒါဟာ မှားယွင်းမှု မဟုတ်ပါဘူး။ လိင်စိတ်တိမ်းညွတ်မှုနဲ့ လိင်ဝိသေသဆိုတာ ပုံစံအမျိုးမျိုးနဲ့ တည်ရှိနေတဲ့ ဖြစ်တည်မှုသဘာဝတွေပါ။ ဒါဆို ဘာလို့ လူအများစုက LGBT တွေကို မှားယွင်း ဖောက်ပြန်သူတွေအဖြစ် မြင်ကြတာလဲ။ ခွဲခြားကြတာလဲ။

LGBT တွေ ခွဲခြားခံရတာဟာ အဓိကကတော့ လူအများစု တင်းတင်းကြပ်ကြပ် ကိုင်စွဲထားတဲ့ ယူဆချက်နှစ်ရပ်ကြောင့် ဖြစ်ပါတယ်။အဲဒီယူဆချက်တွေကတော့ လိင်ကွဲဧကန် ယူဆချက်နဲ့ လိင်ထပ်တူညီ ဧကန်ယူဆချက်တွေပါ။ ဒီအကြောင်းတွေမဖော်ပြခင် လိင်စိတ်တိမ်းညွတ်မှု၊ လိင်ဝိသေသနဲ့ ဇီဝလိင်အကြောင်း နည်းနည်းဖော်ပြချင်ပါတယ်။

လိင်စိတ်တိမ်းညွတ်မှုဆိုတာ ကိုယ်ဟာ ဘယ်လိုလူအပေါ်မှာ ချစ်စိတ်၊ လိင်စိတ် ဖြစ်ပေါ်လဲဆိုတာမျိုးပါ။ လိင်ဝိသေသဆိုတာကတော့ ကိုယ့်ကိုယ်ကို ဘယ်လိုခံယူလဲ၊ ဘယ်လို ဝတ်စားနေထိုင် ပြောဆိုလဲဆိုတာမျိုးပါ။ ဒီတော့ လိင်ဝိသေသဆိုတာ ကိုယ့်ရဲ့ ခံယူနေထိုင်မှုသဘာဝဖြစ်ပြီး၊ လိင်စိတ်တိမ်းညွတ်မှုဆိုတာကတော့ ကိုယ့်ရဲ့ချစ်ရေးချစ်ရာ စိတ်ခံစားမှုသဘာဝပဲ ဖြစ်ပါတယ်။

လိင်ဝိသေသတွေကို ခွဲခြားပြတဲ့အခါ နှစ်မျိုးလိင်ဝိသေသစနစ်ပေါ်မူတည်ပြီး ခွဲခြားကြပါတယ်။ နှစ်မျိုးလိင်ဝိသေသစနစ် ဆိုတာကတော့ လူတွေအားလုံးဟာ အမျိုးသား ဒါမှမဟုတ် အမျိုးသမီး ပုံစံတွေသာဖြစ်တယ်လို့ သတ်မှတ်လက်ခံထားခြင်း ဖြစ်ပါတယ်။ ဒီတော့ အမျိုးသားဆိုတာ ဘာလဲ၊ အမျိုးသမီးဆိုတာ ဘာလဲ ရှင်းဖို့လိုလာပါပြီ။

အမျိုးသား၊ အမျိုးသမီးဆိုတာ ပတ်ဝန်းကျင်က သတ်မှတ်လက်ခံထားတဲ့ လိင်ဝိသေသပုံစံတွေပါ။ ဥပမာ အမျိုးသားဆိုရင် ပုဆိုးဝတ်တယ်၊ တိုက်ပုံဝတ်တယ်၊ ကျားကျားလျားလျား ရှိတယ်၊ အမျိုးသမီးဆိုရင် ထဘီဝတ်တယ်၊ ရင်ဖုံး ဝတ်တယ်၊ နွဲ့နွဲ့နှောင်းနှောင်းရှိတယ်စသဖြင့် ဒီလိုလက်ခံထားမှုတွေက လူမျိုး၊ ဘာသာ၊ နိုင်ငံ၊ ခေတ် စတဲ့အခြေအနေတွေပေါ် မူတည်ပြီး ကွဲပြားကြပါတယ်။ လူအများစုဟာ နှစ်မျိုး လိင်ဝိသေသစနစ်ကိုပဲ တင်းတင်းကြပ်ကြပ် လက်ခံထားကြပါတယ်။ ဒီတော့ အမျိုးသား၊ အမျိုးသမီးပုံစံမှ မဟုတ်ရင် သဘာဝမဟုတ်ဘူးလို့ ထင်မြင်ကြပါတော့တယ်။ ဒီလိုထင်မြင်မှုက လိင်ဝိသေသအပေါ် အခြေခံတဲ့ ခွဲခြားမှုကို ဖြစ်စေပါတယ်။

နောက်တစ်ခုက ဇီဝလိင်၊ ဇီဝလိင်ဆိုတာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်၊ မွေးဖွားလာတုန်းက ခန္ဓာကိုယ်ကို ဆိုလိုတာပါ။ ဇီဝလိင်မှာ ယောက်ျား၊ မိန်းမ၊ တတိယဇီဝလိင်ဆိုပြီး သုံးမျိုးပဲ ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်တဲ့ မြန်မာစကားလုံးတွေက နည်းနည်း ရှုပ်ပါတယ်။ အထီး၊ အမ သဘာဝကို လိင်လို့ဆိုပေမယ့် လူတွေအတွက်ကျတော့ ယောက်ျားလေး၊ မိန်းကလေးဆိုပြီး သုံးကြပါတယ်။ ကျား၊ မ လို့လည်း သုံးကြပါတယ်။ နောက်ပြီး ယောက်ျား၊ မိန်းမ ဆိုတဲ့စကားလုံးတွေရဲ့ အယဉ်သုံးအဖြစ် အမျိုးသား၊ အမျိုးသမီးလို့လည်း သုံးကြပါတယ်။ ဒီတော့ ကွဲကွဲပြားပြားဖြစ်အောင် ဇီဝလိင်အတွက် ယောက်ျား၊ မိန်းမ (အထီး၊ အမ)၊ လိင်ဝိသေသအတွက် အမျိုးသား၊ အမျိုးသမီးလို့ သုံးနှုန်းလိုက်ပါမယ်။

ဒါဆို ဇီဝလိင် သုံးမျိုးကို ရှင်းလင်းဖော်ပြပါမယ်။ ကျားအင်္ဂါ၊ ကျားခန္ဓာကိုယ်နဲ့ မွေးဖွားလာသူတွေကို ယောက်ျားလို့ ခေါ်ပါတယ်။ မအင်္ဂါ၊ မခန္ဓာကိုယ်နဲ့ မွေးဖွားလာသူတွေကို မိန်းမလို့ခေါ်ပါတယ်။ ယောက်ျား (သို့မဟုတ်) မိန်းမအဖြစ် တိတိကျကျ သတ်မှတ်လို့မရတဲ့ လိင်အင်္ဂါ၊ ခန္ဓာကိုယ်နဲ့ မွေးဖွားလာသူတွေကို တတိယဇီဝလိင်လို့ ခေါ်ပါတယ်။

လိင်ထပ်တူညီ ဧကန်ယူဆချက်ဆိုတာ လူတွေရဲ့ ဇီဝလိင်နဲ့ လိင်ဝိသေသဟာ ထပ်တူညီကြတယ်၊ ထပ်တူညီမှသာ သဘာဝ ဖြစ်တယ်၊ မှန်ကန်တယ်၊ ကောင်းမွန်တယ်ဆိုတဲ့ ယူဆချက် ဖြစ်ပါတယ်။ လိင်ထပ်တူညီ ဧကန်ယူဆချက်ဟာ နှစ်မျိုးလိင်ဝိသေသစနစ်နဲ့ ဆက်စပ်နေပြီး ယောက်ျားအဖြစ် မွေးဖွားလာသူဟာ အမျိုးသားဖြစ်တယ်၊ မိန်းမအဖြစ် မွေးဖွားလာသူဟာ အမျိုးသမီးဖြစ်တယ် ဆိုတဲ့ယူဆချက်ပဲ ဖြစ်ပါတယ်

ဇီဝလိင်နဲ့ လိင်ဝိသေသတို့ရဲ့ သဘောသဘာဝတွေကို သိရှိနားလည်သွားပြီဆိုရင် လိင်ထပ်တူညီ ဧကန်ယူဆချက်အကြောင်း ဆက်လက်ဖော်ပြပါမယ်။ လိင်ထပ်တူညီ ဧကန်ယူဆချက်ဆိုတာ လူတွေရဲ့ ဇီဝလိင်နဲ့ လိင်ဝိသေသဟာ ထပ်တူညီကြတယ်၊ ထပ်တူညီမှသာ သဘာဝ ဖြစ်တယ်၊ မှန်ကန်တယ်၊ ကောင်းမွန်တယ်ဆိုတဲ့ ယူဆချက် ဖြစ်ပါတယ်။ လိင်ထပ်တူညီ ဧကန်ယူဆချက်ဟာ နှစ်မျိုးလိင်ဝိသေသစနစ်နဲ့ ဆက်စပ်နေပြီး ယောက်ျားအဖြစ် မွေးဖွားလာသူဟာ အမျိုးသားဖြစ်တယ်၊ မိန်းမအဖြစ် မွေးဖွားလာသူဟာ အမျိုးသမီးဖြစ်တယ် ဆိုတဲ့ယူဆချက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ အစဉ်အလာ၊ ယဉ်ကျေးမှုတွေကြောင့် ဖြစ်တည်လာတဲ့ ယူဆချက်သက်သက်သာဖြစ်ပြီး လက်တွေ့အမှန်တရားကတော့ လိင်ဝိသေသဆိုတာ အမျိုးမျိုးကွဲပြားပါတယ်။

ယောက်ျားအဖြစ် မွေးလာပေမယ့် အမျိုးသမီးအဖြစ် ခံယူနေထိုင်သူတွေရှိသလို၊ မိန်းမအဖြစ် မွေးလာပေမယ့် အမျိုးသားအဖြစ် ခံယူနေထိုင်သူတွေလည်း ရှိပါတယ်။ ဘယ်လိုမှ မခံယူဘဲ နေထိုင်သူတွေရှိသလို နှစ်မျိုး လိင်ဝိသေသစနစ်နဲ့မတူတဲ့ လိင်ဝိသေသပုံစံတွေနဲ့ ခံယူနေထိုင်သူတွေလည်း ရှိပါတယ်။ ဒီတော့ လိင်ဝိသေသဆိုတာ ပုံစံအမျိုးမျိုးနဲ့ တည်ရှိနေတာပါ။ ဒီလိုတည်ရှိနေတာကို နားမလည်ခြင်း၊ လက်မခံခြင်းတွေကတော့ လိင်ထပ်တူညီ ဧကန်ယူဆချက်နဲ့ နှစ်မျိုးလိင်ဝိသေသစနစ်ကြောင့်ပဲ ဖြစ်ပါတယ်။ မုန်းတီးသူတွေကတော့ ဒီယူဆချက်တွေနဲ့ ပတ်သက်ပြီး အစွန်းရောက်လို့ ဒါမှမဟုတ် တခြားအကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။

လိင်ထပ်တူညီ ဧကန်ယူဆချက်ပြီးတော့ လိင်ကွဲဧကန်ယူဆချက်အကြောင်း ဆက်သွားကြည့်ပါမယ်။ လိင်ကွဲ ဧကန်ယူဆချက်ဆိုတာ လူတွေဟာ လိင်ကွဲချစ်သူတွေသာ ဖြစ်တယ်၊ ဒီလိုဖြစ်မှသာ သဘာဝဖြစ်တယ်၊ မှန်ကန်တယ်၊ ကောင်းမွန်တယ်ဆိုတဲ့ ယူဆချက် ဖြစ်ပါတယ်။ ဇီဝလိင်အနေနဲ့ဆိုရင် ယောက်ျားနဲ့ မိန်းမကြား၊ လိင်ဝိသေသအနေနဲ့ဆိုရင် အမျိုးသားနဲ့ အမျိုးသမီးကြားမှာသာ ချစ်စိတ်၊ လိင်စိတ် ဖြစ်ပေါ်တယ်ဆိုတဲ့ ယူဆချက်ပဲ ဖြစ်ပါတယ်။

လိင်ကွဲ ဧကန်ယူဆချက်နဲ့ လိင်ထပ်တူညီ ဧကန်ယူဆချက်ဟာ အများအားဖြင့် ဒွန်တွဲနေတတ်ပါတယ်။ ဒါကြောင့် တွဲနေတဲ့ယူဆချက်ကတော့ အမျိုးသား (ယောက်ျား) ဟာ အမျိုးသမီး (မိန်းမ) ပေါ်မှာ ချစ်စိတ်လိင်စိတ် ဖြစ်ပေါ်တယ်၊ အမျိုးသမီး (မိန်းမ) ဟာ အမျိုးသား (ယောက်ျား) ပေါ်မှာ ချစ်စိတ်၊ လိင်စိတ် ဖြစ်ပေါ်တယ်၊ သူတို့ကြားမှာသာ ချစ်စိတ်၊ လိင်စိတ် ဖြစ်ပေါ်တယ်၊ တည်ရှိတယ်ဆိုတဲ့ ယူဆချက်ပဲ ဖြစ်ပါတယ်။

ယူဆချက် နှစ်ရပ်အကြောင်းကို သိသွားပြီဆိုတော့ အဲ့ဒီယူဆချက်တွေရဲ့ သက်ရောက်မှုတွေအကြောင်း ဆက်လက်ဖော်ပြပါမယ်။ သက်ရောက်မှုတွေက အစဉ်အလာ၊ ယဉ်ကျေးမှုတွေအလိုက် လူ့အဖွဲ့အစည်းအသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့ အကျိုးသက်ရောက်ပါတယ်။ ဒီဆောင်းပါးမှာတော့ မြန်မာ့လူ့အဖွဲ့အစည်းအကြောင်းပဲ အနည်းအကျဉ်း ဖော်ပြသွားပါမယ်။

အမျိုးသားချင်း လိင်တူချစ်သူတွေက အမျိုးသား(ယောက်ျား) အချင်းချင်း ချစ်ကြတာပါ။ ဘယ်သူကမှ အမျိုးသမီးအဖြစ် ခံယူနေထိုင်တာ မဟုတ်ပါဘူး။ ဘယ်သူကမှ မိန်းမစိတ်ရှိတာ မဟုတ်ပါဘူး။ ဇီဝလိင်၊ လိင်ဝိသေသတူသူ အချင်းချင်း ချစ်ကြတာပါ။ ဒါကို နားမလည်တာက လိင်ကွဲ ဧကန်ယူဆချက်ကြောင့်ပါ

ယောက်ျားတစ်ယောက်က အမျိုးသားလို မနေဘူးဆိုရင် မိန်းမစိတ် ပေါက်နေတာ၊ ခြောက်နေတာလို့ လူတော်တော်များများက ပြောတတ်ကြပါတယ်။ ဒါဟာ လိင်ထပ်တူညီ ဧကန်ယူဆချက်ကြောင့်ပါ။ မိန်းမလျာဖြစ်တာက အတိတ်ဘဝက ကာမေသုကျူးလွန်ခဲ့တာကြောင့်လို့လည်း ပြောတတ်ကြတယ်။ ဒါပေမယ့် နပုန်းပဏ္ဍုက်ဆိုတာကို လိင်တူချစ်သူလိုလို၊ မိန်းမလျာလိုလို ထင်မှတ်ထားကြတာပါ။ အမှန်က နပုန်းပဏ္ဍုက်ဆိုတာ တတိယဇီဝလိင်ကို ရည်ညွှန်းတာပါ။ (စော်ကားလိုချင်း အလျင်းမရှိပါ) နောက်ပြီး လိင်တူချစ်သူနဲ့ မိန်းမလျာ မတူပါဘူး။ အမျိုးသားချင်း လိင်တူချစ်သူတွေက အမျိုးသား(ယောက်ျား) အချင်းချင်း ချစ်ကြတာပါ။ ဘယ်သူကမှ အမျိုးသမီးအဖြစ် ခံယူနေထိုင်တာ မဟုတ်ပါဘူး။ ဘယ်သူကမှ မိန်းမစိတ်ရှိတာ မဟုတ်ပါဘူး။ ဇီဝလိင်၊ လိင်ဝိသေသတူသူ အချင်းချင်း ချစ်ကြတာပါ။ ဒါကို နားမလည်တာက လိင်ကွဲ ဧကန်ယူဆချက်ကြောင့်ပါ။

မိန်းမလျာဆိုတာ ယောက်ျားအဖြစ် မွေးဖွားလာပြီး မိန်းမစိတ်ရှိသူ၊ အမျိုးသမီးအဖြစ် ခံယူနေထိုင်သူ ဖြစ်ပါတယ်။ ဒီတော့ မိန်းမလျာတစ်ယောက်က အမျိုးသားတစ်ယောက် (ယောက်ျား/) ကို ချစ်ရင် သူဟာ လိင်ကွဲချစ်သူပါ။ မြန်မာမိန်းမလျာ အများစုက လိင်ကွဲချစ်သူတွေပါ။

ယောက်ျားလျာတွေနဲ့ အမျိုးသမီးချင်း လိင်တူချစ်သူတွေလည်း အတူတူပါပဲ။ အမျိုးသမီးချင်း လိင်တူချစ်သူတွေက အမျိုးသမီး (မိန်းမ) အချင်းချင်း ချစ်ကြတာပါ။ ဘယ်သူကမှ အမျိုးသားအဖြစ် ခံယူနေထိုင်တာ မဟုတ်ပါဘူး။ ဘယ်သူကမှ ယောက်ျားစိတ်ရှိတာ မဟုတ်ပါဘူး။ ဇီဝလိင်၊ လိင်ဝိသေသတူသူ အချင်းချင်း ချစ်ကြတာပါ။ ယောက်ျားလျာဆိုတာကတော့ မိန်းမအဖြစ်မွေးဖွားလာပြီး ယောက်ျားစိတ်ရှိသူ၊ အမျိုးသားအဖြစ် ခံယူနေထိုင်သူ ဖြစ်ပါတယ်။ ဒီတော့ ယောက်ျားလျာတစ်ယောက်က အမျိုးသမီးတစ်ယောက် (မိန်းမ) ကို ချစ်ရင် သူဟာ လိင်ကွဲချစ်သူပါ။ မြန်မာယောက်ျားလျာ အများစုက လိင်ကွဲချစ်သူတွေပါ။

LGBT တွေရဲ့ဖြစ်တည်မှုကို သဘာဝမဟုတ်ဘူး၊ လက်မခံနိုင်ဘူးဆိုတာက ယူဆချက်နှစ်ရပ်အပြင် ယောက်ျား(အမျိုးသား) က မိန်းမ (အမျိုးသမီး) ထက် ပိုမြတ်တယ်၊ လူဖြစ်ရင် မျိုးဆက်ချန်ရမယ် စတဲ့ယူဆချက်တွေအပြင် ဟိုမိုဖိုးဘီးယားရဲ့လွှမ်းမိုးမှုတွေ၊ အသိမှား ဖြန့်ဝေမှုတွေ၊ ကိုယ့်ယုံကြည်ချက်အတိုင်း အားလုံးကို တိုက်တွန်းတာမျိုးတွေစတဲ့ အကြောင်းရင်းတွေ အများကြီးကြောင့်ပါ။

ဒါပေမယ့် ကျွန်တော်တို့ဟာ လူသားတွေပါ။ လူသားတွေမှာ ဘဝပေး တာဝန်ဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ဟာ လွတ်လပ်ပါတယ်။ မျိုးဆက် ပွားတာ၊ မပွားတာ၊ အမျိုးသားလို နေတာ၊ အမျိုးသမီးလို နေတာ ဒါတွေဟာ ကျွန်တော်တို့ရဲ့ပုဂ္ဂလိက လွတ်လပ်ခွင့်တွေပါ။ ကျွန်တော်တို့ရဲ့ ချစ်စိတ်ဆိုတာကလည်း သဘာဝအရ ဖြစ်တည်နေတာဖြစ်လို့ ကန့်သတ်ဖို့ မလိုပါဘူး။ အချစ်မှာ ဘောင် မရှိပါဘူး။

သမားရိုးကျ အတွေးအခေါ်တွေ၊ ယူဆချက်တွေ ဘယ်လိုပဲရှိရှိ လူသားတွေရဲ့ ဖြစ်တည်မှုသဘာဝတွေဟာ ပုံစံအမျိုးမျိုး ကွဲပြားပါတယ်။ လိင်ဝိသေသ၊ လိင်စိတ်တိမ်းညွတ်မှုနဲ့ ပတ်သက်ပြီး လူလူချင်းခွဲခြားမှုကိုဖြစ်စေတဲ့ ဘောင်တွေ၊ ကန့်သတ်ချက်တွေ၊ ယူဆချက်တွေကို ဖယ်ပြီး အရှိကိုအရှိအတိုင်း မြင်အောင် ကြည့်လိုက်နိုင်ရင် လူသားတွေရဲ့ ကွဲပြားမှုတွေကို လက်ခံနိုင်လာမှာပါ။ လူသားတွေရဲ့ကွဲပြားမှုဟာ သက်တန့်ရောင်လို အရောင်စုံပါတယ်။ မြင်အောင် ကြည့်ပါ။ သက်တန့်ဟာ သိပ်လှပါတယ်။

ကျော်မိုးသန့်

အောက်မှာ ဆောင်းပါးအတွင်း သုံးနှုန်းထားတဲ့ မြန်မာစကားလုံးတွေကို အင်္ဂလိပ်စကားလုံးတွေနဲ့ ယှဉ်တွဲပြထားပါတယ်။

လိင်ထပ်တူညီ ဧကန်ယူဆချက်= Cisnormativity
လိင်ကွဲဧကန်ယူဆချက်= Heteronormativity
ဇီဝလိင်= Sex (Biological,Birth,Assignd)
လိင်ဝိသေသ= Gender
ခံယူမှု= Identity(Gender)
နေထိုင်မှု= Expression(Gender)
လိင်စိတ်တိမ်းညွတ်မှု= Sexual Orientation
ချစ်စိတ်= Romantic Attraction
လိင်စိတ်= Sexual Attraction
နှစ်မျိုး လိင်ဝိသေသ= Gender-binary
ယောက်ျား (အထီး)= Male
မိန်းမ(အမ)= Female
အမျိုးသား (ယောက်ျား)= Man
အမျိုးသမီး (မိန်းမ)= Woman
တတိယဇီဝလိင်= Intersex
လိင်တူချစ်သူ (အမျိုးသားချင်း)= Gay
လိင်တူချစ်သူ (အမျိုးသမီးချင်း)= Lesbian(Gay)
မိန်းမလျာ= Transgender woman
ယောက်ျားလျာ= Transgender man
နားမလည်ခြင်း= Invisibility
မုန်းတီးသူ= Homophobe

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.