မန္တလေးမြို့ “LGBT လူငယ်စကားဝိုင်း”မှာ ကျား၊ မရေးရာ အခန်းကဏ္ဍနဲ့ စိန်ခေါ်မှု အခက်အခဲတွေကို ဆွေးနွေးခဲ့ကြ

မန္တလေးတိုင်းဒေသကြီး၊ လူငယ်အစည်းအရုံးက ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ “LGBT လူငယ်စကားဝိုင်း” မှာ LGBT လူငယ်တွေအနေနဲ့ ကျား၊ မ ရေးရာ အခန်းကဏ္ဍတွေမှာ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

“မနက်ခင်းပိုင်းမှာ Gender ဆိုတဲ့ အသုံးအနှုန်းအပေါ်မှာ အမြင်တွေကို ပြောကြပြီး နေ့လည်ပိုင်းမှာတော့ ဖြစ်တည်မှု အကြောင်း ပြောကြတယ်။ ညနေပိုင်းမှာကျတော့ LGBT တွေဟာ Gender နဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဖိနှိပ်ခံရမှုတွေ ဘယ်လို ရှိနေလဲဆိုတာကို ဆွေးနွေးတယ်။ အဓိကအားဖြင့် LGBT တွေအနေနဲ့ မိသားစုနဲ့ အဆင်မပြေတဲ့ ကိစ္စတွေကို ဘယ်လိုမျိုး ဆောင်ရွက်မလဲဆိုတာကို ဆွေးနွေးခဲ့ပါတယ်” ဟု ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ကိုပြည့်ဖြိုးအောင်က ပြောပါတယ်။

“LGBT လူငယ်စကားဝိုင်း” ကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ခိုင်ရွှေဝါလမ်းမှာရှိတဲ့ လူငယ်အစည်းအရုံးရဲ့ ရုံးခန်းမှာ မေလ (၅) ရက်က ကျင်းပခဲ့တာ ဖြစ်ပါတယ်။

“ဒီလို စကားဝိုင်းလုပ်ရတာကတော့ LGBT တွေအနေနဲ့ ဘယ်လို အခက်အခဲတွေ ရှိလဲဆိုတာ အချင်းချင်း ဝေငှနိုင်ဖို့ပါ။ ပတ်ဝန်းကျင်မှာရှိတဲ့ အခက်အခဲတွေ၊ အကြမ်းဖက်မှုတွေကို အဖြေရှာနိုင်ဖို့ပါ။ ကျွန်တော်တို့အနေနဲ့ ပွဲတစ်ခုခု လုပ်ရင်ပဲဖြစ်ဖြစ်၊ သင်တန်းတစ်ခု လုပ်တာပဲဖြစ်ဖြစ် နယ်ပယ်စုံအောင်နဲ့ LGBT တွေ ပါနိုုင်အောင် ကြိုးစားနေပါတယ်” လို့ မန္တလေးတိုင်းဒေသကြီး လူငယ်အစည်းအရုံးမှ ကိုမျိုးမင်းမင်းက ပြောပါတယ်။

အဆိုပါ “LGBT လူငယ်စကားဝိုင်း” ကို LGBT တွေ ကိုယ်တိုင်နဲ့ LGBT အရေး စိတ်ဝင်စားသူ လူငယ်စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.