ရှမ်းပြည်နယ် တောင်ပိုင်းဒေသမှာ အင်းလေးဒေသဟာ LGBT တွေအပေါ် ခွဲခြားဆက်ဆံမှု အများဆုံး နေရာတစ်ခု ဖြစ်နေတယ်လို့ သိရ

ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်ပေါင်း (၁၀) မြို့နယ်ရှိတဲ့အနက် အင်းလေးဒေသဟာ LGBT တွေအပေါ် ခွဲခြားဆက်ဆံမှု အများဆုံးနေရာ ဖြစ်နေတယ်လို့ သိရပါတယ်။

Colors Rainbow အဖွဲ့အစည်းကနေ ဧပြီလ (၂၇) ရက်က ရှမ်းပြည်နယ်တောင်ပိုင်းဒေသ မြို့နယ်အသီးသီးမှာရှိတဲ့ LGBT အဖွဲ့တွေရဲ့ စွမ်းဆောင်မှု အရည်အသွေးနဲ့ လိုအပ်ချက်တွေကို သွားရောက်လေ့လာခဲ့တဲ့ ခရီးစဉ်မှာ အထက်ပါအတိုင်း သုံးသပ်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

“ရှမ်းတောင်ဒေသက LGBT အဖွဲ့တွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေအကြောင်း သွားရောက်လေ့လာတဲ့ခရီးစဉ်မှာ တွေ့ရတာက အဓိကအားဖြင့် အင်းလေးဒေသမှာ ခွဲခြားဆက်ဆံမှုတွေ အများဆုံး ဖြစ်နေတယ်ဆိုတာကို တွေ့ရတယ်။ ရွာတွေ၊ ဘုန်းတော်ကြီးကျောင်းတွေမှာဆိုရင် LGBT တွေအနေနဲ့ ဘယ်လိုပဲ သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်မှုမျိုး ရှိပေမယ့် ဘုန်းကြီးတွေက LGBT ဆိုရင် ဘုရားဟောနဲ့ မကိုက်ညီဘူးဆိုပြီး အဝင်မခံကြဘူး။ ဘာသာရေးဆိုင်ရာ အခမ်းအနား ပွဲလမ်းသဘင်တွေမှာဆိုရင် LGBT တွေဟာ သူများတွေနဲ့ တန်းတူ ဆက်ဆံမခံကြရဘူးဆိုတာ တွေ့ရတယ်” လို့ Colors Rainbow မှ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဒေါ်ခင်မမအေး က ပြောပါတယ်။

အင်းလေးဒေသဟာ LGBT တွေနဲ့ပတ်သက်လို့ ရှေးရိုးစွဲအယူအဆတွေ လွှမ်းမိုးလွန်းတဲ့ ဒေသတစ်ခုဖြစ်ပြီး LGBT တွေ အပေါ် အမြင်မကြည်လင်တာဟာ အစဉ်အလာကြီးတစ်ခုလို ဖြစ်နေတယ်လို့လည်း ရှမ်းတောင် LGBT အဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ ကိုမိုး ကလည်း ပြောပါတယ်။

“အဲဒေသက LGBT မှန်သမျှကို သူတို့ရဲ့ မျက်စိထဲမှာ၊ စိတ်ထဲမှာ သိပ်ကြည့်မရဘူး။ ရိုးရာလိုကို ဖြစ်နေတာ။ ရှေးအယူ အစွဲကြီးတဲ့ ဒေသလို့ ပြောလို့ရတယ်။ ဒီလိုမျိုးဟာတွေကို သိပ်လက်မခံချင်ဘူး” လို့ ရှမ်းတောင် LGBT အဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ ကိုမိုးက ပြောပါတယ်။

ဒါပေမဲ့ အင်းလေးဒေသခံတွေဟာ ၎င်းတို့ရဲ့လူမျိုးထဲမှာ LGBT တွေ ဖြစ်လာတာမျိုးကိုသာ လက်မခံတာဖြစ်ပြီး တခြားလူမျိုး၊ တခြားဒေသက LGBT တွေဆိုရင်တော့ ခါးခါးသီးသီး ပြုမူဆက်ဆံတာမျိုး သိပ်မရှိဘူးလို့လည်း သိရပါတယ်။

“LGBT တွေအပေါ် ရှေးအယူအစွဲ ကြီးတယ်ဆိုပေမယ့် ထူးခြားတာက သူတို့လူမျိုး ဖြစ်ရင်သာ လက်မခံတာ၊ တခြားလူမျိုးဆိုရင်ကျ လက်ခံပါတယ်” ဟု ရှမ်းတောင် LGBT အဖွဲ့မှ ဥက္ကဌ ကိုမိုးက ပြောပါတယ်။

အင်းလေးဒေသမှာ LGBTတွေအပေါ် ဘာသာရေးအမြင်အရ ခွဲခြားဆက်ဆံမှုတွေ ပပျောက်ပြီး ရပ်ရွာလူထုက လက်ခံလာ စေဖို့အတွက် LGBT နဲ့ ပတ်သက်တဲ့ အသိပညာပေး စကားဝိုင်းတွေ၊ ဟောပြောပွဲတွေနဲ့ သင်တန်းတွေကို ဆောင်ရွက်ပေး ဖို့ ဒေသခံ LGBT တွေက တောင်းဆိုခဲ့ကြကြောင်း Colors Rainbow အဖွဲ့မှ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဒေါ်ခင်မမအေး က ပြောပါတယ်။

ရှမ်းတောင် LGBT အဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ ကိုမိုး ကတော့ ဒေသခံပြည်သူတွေအတွက် တိုက်ရိုက်အကျိုးရှိမယ့် လူမှုကူညီရေး လုပ်ငန်းတွေကို LGBT တွေအနေနဲ့ ကူညီဆောင်ရွက်နိုင်မယ်ဆိုရင် LGBT တွေအပေါ် အင်းလေးဒေသခံတွေအနေနဲ့ အမြင်တွေ ပြောင်းလဲလာနိုင်လိမ်မယ့်လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.