ဒိန်းမတ်နိုင်ငံသို့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလေ့လာဖို့အတွက် အစိုးရဌာနဆိုင်ရာများနဲ့အတူ Colors Rainbow မှ လေ့လာရေးခရီး သွားရောက်ခဲ့

တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို လေ့လာဖို့အတွက် မြန်မာနိုင်ငံ အစိုးရဌာနဆိုင်ရာ ကိုယ်စားလှယ်များနဲ့အတူ Colors Rainbow အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများကလည်း ဒိန်းမတ်နိုင်ငံသို့ (၇) ရက်ကြာ လေ့လာရေးခရီး သွားရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ လေ့လာရေးခရီးစဉ်မှာ မြန်မာနိုင်ငံ ရှေ့နေချုပ်ရုံးနှင့် တရားရုံးချုပ်မှ တာဝန်ရှိသူများ၊ ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနမှ ဆရာမများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၈) ဦး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

“ဒိန်းမတ်နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီး ဘာတွေလုပ်နေလဲ၊ ဘာတွေ တိုးတက်မှုတွေ ရှိနေလဲ၊ သူတို့ရဲ့ စနစ်တွေက ဘယ်လိုလဲ၊ သူတို့တွေ ဘယ်လိုမျိုး စီမံခန့်ခွဲကြလဲဆိုတာ လေ့လာဖို့ သွားတာပါ။ အဓိကအားဖြင့် ကုလသမဂ္ဂရဲ့ စာချုပ်စာတမ်းတွေကို သူတို့တွေအနေနဲ့ ဘယ်လိုမျိုး အကောင်အထည်ဖော် ဆောင်ရွက်နေခဲ့သလဲ ဆိုတာတွေကို လေ့လာခဲ့ရပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးစာချုပ်ဖြစ်တဲ့ နိုင်ငံတကာ နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေးဆိုင်ရာ စာချုပ်နဲ့ပတ်သက်ပြီး သူတို့တွေ ဘယ်လိုမျိုး လုပ်ဆောင်နေသလဲပေါ့။ သူတို့တွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်မှုယန္တရားစနစ်တွေ ဘယ်လို လည်ပတ်အလုပ်လုပ်နေသလဲဆိုတာကို လေ့လာခဲ့ရတယ်” ဟု လေ့လာရေးခရီးစဉ်မှာ ပါဝင်ခဲ့တဲ့ Colors Rainbow မှ တွဲဘက်ဒါရိုက်တာဖြစ်သူ ကိုလှမြတ်ထွန်း က ပြောပါတယ်။

ဒိန်းမတ်နိုင်ငံ ခရီးစဉ်အတွင်း LGBT တွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှု အခြေအနေတွေကိုပါ မျက်မြင် လေ့လာခွင့်ရခဲ့ပြီး LGBT တွေနဲ့ ပတ်သက်လို့တော့ ခွဲခြားဖိနှိပ်တာမျိုး မရှိသလို အကာအကွယ်ပေးမှုပိုင်းမှာလည်း အထူးတလည် လုပ်ဆောင်ပေးနေတာမျိုးတွေလည်း မရှိဘူးလို့ သိရပါတယ်။

“ဒိန်းမတ်နိုင်ငံဆိုတာက ကမ္ဘာမှာ ပထမဦးဆုံး လိင်တူချင်း လက်ထပ်ခွင့်ပြုခဲ့တဲ့ နိုင်ငံတစ်နိုင်ငံလေ။ LGBT တွေအတွက်ဆိုပြီး အထူးတလည် ဆောင်ရွက်နေတာမျိုး မတွေ့ရဘူး။ သူတို့မှာက နိုင်ငံသား အားလုံးက အတူတူပဲ၊ LGBT ဆိုပြီး မခွဲခြားထားဘူး။ တန်းတူညီမျှရေးအတွက် စဉ်းစားတဲ့အခါမှာ Gender ဆိုတဲ့အောက်မှာပဲ အားလုံး အကျုံးဝင်တဲ့သဘောမျိုး။ ဒါပေမဲ့ LGBT အရေးကို ပြည်တွင်းမှာ အဓိကမထားပေမဲ့ သူတို့အနေနဲ့ နိုင်ငံတကာမှာ ဒါကို နောက်ပိုင်း အလေးထား ဆောင်ရွက်သွားဖို့ ရှိတယ်ဆိုတာကိုလည်း ပြောဆိုတာမျိုး ရှိတယ်” လို့ ကိုလှမြတ်ထွန်းက ပြောပါတယ်။

အဆိုပါခရီးစဉ်ကို The Danish Institute for Human Rights (DIHR) နှင့် International Commission of Jurists (ICJ) တို့ ပူပေါင်းစီစဉ်တာဖြစ်ပြီး လေ့လာရေးခရီးစဉ်ကို ဧပြီလ (၂၈) ရက်မှ မေလ (၇) ရက်ထိ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.