မန္တလေးမြို့ရဲ့ IDAHOT ပွဲကို လူစည်ကားရာ နေရာ (၆) ခုမှာ Flash Mob Dance တွေနဲ့ ဖျော်ဖြေဆောင်ရွက်သွားမည်

မေလ (၁၇) ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေးနေ့ (IDAHOT) အခမ်းအနားကို မန္တလေးမြို့ရဲ့ လူစည်ကားရာ နေရာအသီးသီးမှာ Flash Mob Dance ဖျော်ဖြေမှုအမျိုးအစားနဲ့ ထူးထူးခြားခြား ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

“၂၀၁၈မှာတော့ အများပြည်သူတွေ သွားလာလှုပ်ရှားမှုရှိတဲ့ နေရာတွေမှာ အဓိကထား လုပ်မှာပါ။ ဘယ်လိုပုံစံ လုပ်မလဲဆိုတော့ Flash Mob ကမယ်ပေါ့။ ကိုရီးယား K-pop အကလေးတွေနဲ့ ချစ်စရာပုံစံ ဆံပင်အရောင်လေးတွေနဲ့ အကသမား (၆) ယောက်ကနေ စျေးဝယ်စင်တာတွေ၊ လူစည်ကားရာ ရုပ်ရှင်ရုံတွေမှာ ကမှာ ဖြစ်ပါတယ်။ Flash Mob ဆိုတဲ့အတိုင်း လူကြားထဲက ထွက်လာမှာပေါ့။ LGBT ကို ထောက်ခံသူတွေ၊ အဖွဲ့အစည်းတွေကိုလည်း ဖိတ်မယ်ပေါ့။ သူတို့က ဝန်းရံပြီး ကမယ်ပေါ့” ဟု Try LGBT Organization အဖွဲ့မှ ဂန္ထဝင် (ခ) အောင်ဇော်ထွန်းက ပြောပါတယ်။

လူထုကြားကနေ ရုတ်တရက်ထွက်လာပြီး ကပြတဲ့ ဖျော်ဖြေမှုပုံစံနဲ့အတူ IDAHOT နေ့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကို ဖော်ပြထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီးလည်း လူထုကြားမှာ ပညာပေးသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

၎င်းအပြင် အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေးနေ့ (IDAHOT) အခမ်းအနားကိုလည်း မန္တလေးမြို့အခြေစိုက် LGBT အဖွဲ့တွေဖြစ်ကြတဲ့ CAN Myanmar , Bright Pride Myanmar Lesbian Organization, Myanmar Transman Association, Sunflower LGBT , Try LGBT Organization စတဲ့အဖွဲ့တွေ စုပေါင်းပြီး မန္တလေးမြို့ရဲ့ Hotel Marvel မှာ ကျင်းပဦးမှာ ဖြစ်ပါတယ်။

မန္တလေးမြို့ LGBT အဖွဲ့တွေ စုပေါင်းပြီး IDAHOT ပွဲကို ကျင်းပလာခဲ့တာမှာ ဒီနှစ်နဲ့အပါအဝင် (၄) ကြိမ်မြောက်ရှိပြီဖြစ်ပြီး အရင်နှစ်ကလည်း မေလ (၁၇) ရက်မှာ သီရိစန္ဒာရဋ္ဌဝတီ အလှမယ်ရွေးချယ်ပွဲကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.