ရွှေပြည်သာမြို့နယ်တွင် အခြေခံ လူ့အခွင့်အရေးနဲ့ LGBT အခွင့်အရေးအကြောင်း Colors Rainbow က သင်တန်းပြုလုပ်

ပြည်သူလူထုအတွင်း လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးများအကြောင်းကို သိရှိနားလည်လာစေရန် ရည်ရွယ်ချက်ဖြင့် လူ့အခွင့်အရေးနှင့် LGBT အခွင့်အရေးများဆိုင်ရာ သင်တန်းကို ရွှေပြည်သာမြို့နယ်၊ အောင်ချမ်းသာဓမ္မာရုံတွင် Colors Rainbow မှ (၃) ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

“ဒီသင်တန်းရည်ရွယ်ချက်က LGBT နဲ့ SOGIE အကြောင်းကို ရှင်းလင်းစွာ နားလည်လာစေဖို့၊ SOGIE အပေါ်အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေ လျော့ပါးလာစေဖို့၊ အကြမ်းဖက်မှုတွေနဲ့ ဥပဒေရေးရာတွေကို ရှင်းရှင်းလင်းလင်း သိမြင်လာစေဖို့၊ LGBT တွေရဲ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပိုမိုနားလည်သဘောပေါက်လာဖို့၊ LGBT အခွင့်အရေးအတွက် လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ချိတ်ဆက်ပါဝင်လာမှု အားကောင်းလာစေဖို့ ဖြစ်ပါတယ်” ဟု သင်တန်းဆရာဖြစ်သူ ကိုအောင်ကျော်သူ က ပြောသည်။

အဆိုပါ သင်တန်းကို မေလ (၂၂) ရက်မှ (၂၄) ရက်နေ့အထိ သင်ကြားပေးခဲ့ပြီး LGBT အပါအဝင် သင်တန်းသား၊ သင်တန်းသူ  (၂၈) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

“သင်တန်းစတက်တုန်းကတော့ လူအခွင့်အရေးဆိုတာ ကြားပဲကြားဖူးတာလေ။ အခု ဆရာက ကိုယ်တိုင်ကိုယ်ကျရော၊ သရုပ်ဖော်ပုံတွေနဲ့ပါ ရှင်းပြမှ သိလာတယ်။ သင်တန်းတက်ရတာ အရမ်းပညာရတယ်။ ဂိမ်းလေးတွေလည်း ဆော့ရတော့ ပျော်တယ်။ မိန်းမလျာ၊ ယောကျ်ားလျာဆိုတဲ့ လူတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ မြင်ဖူးတာတွေတော့ ရှိတာပေါ့။ အခု ရှင်းပြတော့ ပိုနားလည်သွားတာပေါ့။ သူတို့နဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတာလည်း နားလည်သွားပါတယ်” ဟု သင်တန်းသူတစ်ဦးဖြစ်သည့် မသီတာက ပြောသည်။

ထိုသင်တန်း (၃) ရက်တာအတွင်း လူ့အခွင့်အရေးအကြောင်းနှင့် လူ့ဂုဏ်သိက္ခာဆက်စပ်ပုံများ၊ အုပ်စုလိုက် အခွင့်အရေးများ၊ LGBT ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ လိင်နှင့် လိင်အခြေပြုအမြင်(Sex & Gender)၊ SOGIE (လိင်စိတ်ကိုင်းညွတ်မှု၊ လိင်ဝိသေသခံယူမှုနှင့် ဖော်ထုတ်ပြသမှု)၊ ပတ်ဝန်းကျင်က သတ်မှတ်ထားသော လိင်တူချစ်သူများအပေါ် မှားယွင်းသော ပုံစံခွက်သတ်မှတ်ထားခြင်းများ၊ လိင်တူချစ်သူများအပေါ် အကြောင်းမဲ့သက်သက် ရွံ့ရှာမုန်းတီးခြင်းများ၊ လိင်တူချစ်သူများအပေါ် ခွဲခြားနှိမ့်ချ ဆက်ဆံခြင်းများနှင့် အကြမ်းဖက်ခြင်းများ၊ လိင်တူချစ်သူများနှင့် သက်ဆိုင်သော ကျန်းမာရေးပြဿနာများ၊ လိင်တူချစ်သူများ သိရှိထားသင့်သော ဥပဒေများ စသည့်အကြောင်းအရာများကို ဆွေးနွေးသင်ကြားပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.