လွတ်လပ်စွာ ပျော်ရွှင်နိုင်ပါသည်။ သို့သော် စည်းကမ်းလေးနှင့်တော့….

တစ်ရက်က ဖြစ်သည်။ YBS 20 ကိုစီး၍ အလုပ်မှ အိမ်သို့ ပြန်သောအခါ နံဘေးတွင် TOM BOY လေး တစ်ယောက် လာထိုင်သည်။ အရက်လည်း မူးနေပုံရပြီး လက်ထဲတွင်လည်း သောက်လက်စ ဘီယာဗူးအား ကိုင်ထားသည်ကို တွေ့ရသည်။ အများသူငါ စီးသည့်ကားဖြစ်သော်ငြားလည်း အဲကွန်းကားဖြစ်သောကြောင့် အနံ့များဖြင့် လှောင်ပြီး စိတ်အနှောင့်အယှက်ဖြစ်ပေမယ့် အားလုံးက ဘာမှတော့ မပြောကြ။ သို့သော် ကားပေါ်မှ ဆင်းသောအခါ သောက်ထားသည့် ဘီယာဗူးခွံများကို ထိုင်ခုံခြေရင်းတွင် ချထားခဲ့ချိန်မှာတော့ မည်သို့မျှ မနေနိုင်တော့။ ထိုသူကို လှမ်းခေါ်၍ ကိုယ့်အမှိုက် ကိုယ်ကောက်သွားရန်၊ အမှိုက်ကို စနစ်တကျ စွန့်ပစ်ရန်နဲ့ အများပြည်သူ သွားလာနေသောနေရာများတွင် နောက်တစ်ခါ အရက်သေစာများကို မသောက်စားရန် ပြောရတော့သည်။ ထိုသို့ပြောသောအခါ သူ့မျက်နှာပေါ်တွင် မကြည်မလင် ဖြစ်နေသည်ကို တွေ့ရသော်လည်း တစ်ခွန်းတစ်ပါဒမျှတော့ ပြန်မပြောပေ။ ဘီယာဗူးခွံများကို ကောက်၍သာ ကားပေါ်မှ ဆင်းသွားရှာသည်။

အမှန်တကယ်အားဖြင့် မိမိအမှိုက်ကို မိမိကောက်သည်မှာ ဘာများ ရှက်စရာကောင်းနေပါသနည်း။

အကျွနိုပ်တို့ လူမှုပတ်ဝန်းကျင်တွင် နိမ့်ပါးသူများ၊ ခွဲခြားခံရသူများအတွက် တန်းတူညီမျှ အခွင့်အရေးတွေရဖို ကြိုးစားနေကြသူများကြောင့် လူ့အခွင့်အရေးသိရှိမှု၊ ခံစားခွင့်အခြေအနေမှာ အရင်က အခြေအနေများနှင့် နှိုင်းစာလျှင် များစွာတိုးတက်လာခဲ့ပြီဟု ဆိုနိုင်ပါသည်။ သို့သော် တစ်ချို့သောသူများက လူ့အခွင့်အရေးများကို တလွဲစံပြု၍ အသုံးချနေသည်ကို တွေ့ရသောအခါ များစွာ စိတ်မကောင်းဖြစ်မိပါသည်။ လူ့အခွင့်အရေးနှင့် တာဝန်ယူမှုမှာ ငွေဒင်္ဂါးပြားပေါ်ရှိ ခေါင်းနှင့် ပန်းကဲ့သို့ တွဲစပ်လျက်ရှိသောအရာမျိုး ဖြစ်ပါသည်။ လူ့အခွင့်အရေးချည်း အော်၍သာမနေဘဲ စည်းကမ်းတကျလေးတော့ ဖြစ်စေချင်မိပါတယ်။ လူ့အခွင့်အရေးကို ဆုပ်ကိုင်၍ လူ့ကျင့်ဝတ်များကို မျက်ကွယ်ပြု၍ မသင့်ပေ။ လူမှုပတ်ဝန်းကျင်တွင် နေထိုင်သည့်အခါ အများအတွက် ကောင်းကျိုးရရှိရန် ချမှတ်ထားသည့် လူတိုင်းက လိုက်နာရမည့် စည်းကမ်းများကို လိုက်နာဖို့ လိုအပ်ပါသည်။

အထူးသဖြင့် အကျွနိုပ်တို့ LGBT များအနေဖြင့် ပိုမိုလိုက်နာ စောင့်ထိန်းရန် လိုအပ်ပါသည်။ မြန်မာပြည်အနေအထားအရ လမ်းစပွင့်ကာစ အခြေအနေမှာ ယခုကဲ့သို့သော မိမိတို့ရဲ့ စိတ်လိုက်မာန်ပါ အပြုအမူတစ်ခုကြောင့် မိမိတင်မက မိမိတို့ အသိုင်းအဝိုင်းတစ်ခုလုံး လက်ညိုးထိုးခံရ၊ လူပြောစရာ ဖြစ်ခံရမည့်ကိစ္စရပ်များကို ရှောင်ကြဉ်ဖို့ သတိလေးများ ထားစေချင်ပါသည်။ လွတ်လပ်စွာ ပျော်ရွှင်နိုင်ပါသည်။ သို့သော် စည်းကမ်းလေးနှင့်တော့ဟု သတိပြုစေချင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.