ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ Miss Grand Transgender International Yangon ပွဲဟာ LGBT တွေကြားမှာ စည်းလုံးမှုနဲ့ ချစ်ခင်မှုတွေ တိုးပွားလာစေဖို့ အဓိကရည်ရွယ်တာဖြစ်တယ်လို့ ပွဲစီစဉ်သူက ပြောကြား

ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ Miss Grand Transgender International Yangon 2018 ပွဲကြီးဟာ LGBT တွေကြားမှာ စည်းလုံးညီညွတ်မှုနဲ့ ချစ်ခင်မှုတွေ တိုးပွားလာစေဖို့အတွက် အဓိကဦးတည်ရည်ရွယ်ပြီး ကျင်းပခဲ့တာဖြစ်တယ်လို့ ပွဲစီစဉ်သူ ကိုပိုင်သူထွန်းက ပြောပါတယ်။

ဒီပြိုင်ပွဲကို မေလ (၂၅) ရက်နေ့က ရန်ကုန်မြို့ Excel Tower မှာ ပြိုင်ပွဲဝင် (၂၈) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ၎င်းတို့အနက် ဆန်ကာတင် အလှမယ် (၆) ဦးကို ရွှေးချယ်ခဲ့တယ်လို့ သိရပါတယ်။

“ဒီပြိုင်ပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ LGBT တွေ စည်းလုံးစေချင်လို့ပါ။ အခု ဆုရတဲ့သူတွေကို မကြာခင်နောက်ထပ် မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ Miss Grand Transgender International 2019 အတွက် ရည်ရွယ်ပြီး အထူးလေ့ကျင့် သင်ကြားပေးသွားမှာပါ။ ဒီပွဲက မြန်မာနိုင်ငံမှာ ပထမဦးဆုံးပွဲ။ ပထမဦးဆုံးအနေနဲ့လည်း အိမ်ရှင်အဖြစ် ကျင်းပခွင့်ရတဲ့ပွဲ ဖြစ်တယ်။ နိုင်ငံတကာက မြန်မာနိုင်ငံမှာ လာပြိုင်ကြရမှာလေ” လို့ ပွဲစီစဉ်သူ ကိုပိုင်သူထွန်းက ဆိုပါတယ်။

 

Miss Grand Transgender International ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး မြန်မာနိုင်ငံက ပထမဦးဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ နိုင်ငံ (၁၁) နိုင်ငံမှ အလှမယ် (၂) ဦးကျစီ လာရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီပြိုင်ပွဲမှာ အလိုချင်ဆုံးဆုကို ရခဲ့လို့ အရမ်းပျော်ပါတယ်။ လာမယ့် (၉) လပိုင်းလောက်မှာ Miss Grand Transgender International Myanmar အတွက် ထပ်ပြိုင်ရအုံးမယ်။ အဲဒီအတွက် ဒီထဲက ဘယ်သူတွေကို ရွေးမယ်ဆိုတာ မသိသေးဘူး” လို့ ဒီပွဲမှာ ဆန်ကာတင် အလှမယ်အဖြစ် ရွေးချယ်ခံရသူတစ်ဦးဖြစ်တဲ့ စစ်ပိုးအိမ်က ပြောပါတယ်။

Miss Grand Transgender International Yangon 2018 ပြိုင်ပွဲကို ဒိုင်အဖြစ် ရုပ်ရှင်သရုပ်ဆောင် ယဉ်လက်၊ မော်ဒယ် နန်းသီရိမောင်နဲ့ မိတ်ကပ်အနုပညာရှင် ညီညီမောင် (စမ်းချောင်း) တို့က ဆောင်ရွက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.