စွဲလမ်းခြင်း ပြဿနာများ

ကျွန်တော်တို့ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ လိင်ကိစ္စကို ရှက်စရာကောင်းတယ်လို့ ထင်ကြတယ်။ နောက်ပြီး အသက်ကြီးသွားရင် ဒီစိတ်တွေမရှိဘူး။ အမျိုးသမီးဆို ဒီစိတ်ရှိတာကို ထုတ်ဖော်မပြသင့်ဘူး စတဲ့အမြင်မျိုးတွေလည်း ရှိကြတယ်။ တကယ်တော့ လိင်ကိစ္စဆိုတာ ရှက်စရာကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ လူသားတိုင်းမှာရှိတဲ့ သာမန်အဖြစ်အပျက်တစ်ခုသာ ဖြစ်ပါတယ်။ အဲဒီအပြင် ကျန်းမာရေးကို အထောက်အကူပြုတဲ့ အကျိုးကျေးဇူးတွေတောင်မှ ရှိပါသေးတယ်။ ဒါပေမဲ့လည်း ဒီကိစ္စလေးကပဲ လူတချို့အတွက်တော့ သာမန်ဟုတ်မနေဘဲ ပြဿနာပေးတာမျိုး ရှိတတ်ပါတယ်။ ဥပမာ အကာအကွယ်မဲ့ လိင်ဆက်ဆံမိလို့ ရောဂါကူးကုန်တာ၊ ကိုယ်ဝန်ရသွားတာတွေပေါ့။ ဒီဆောင်းပါးလေးမှာတော့ နောက်ထပ် ပြဿနာတစ်ခုကို ပြောပြချင်ပါတယ်။ အဲဒါကတော့ လိင်ဆက်ဆံခြင်းကို စွဲလမ်းနေတဲ့ ပြဿနာပါပဲ။

တစ်ခါကလည်း ညီလေးတစ်ယောက် လာမေးဖူးပါတယ်။ သူက တစ်နေ့ကို (၃) ကြိမ်လောက် အာသာဖြေမိနေတယ်၊ Masturbation လုပ်မိနေတယ်၊ တခြားလည်း ဘာမှအာရုံမစိုက်နိုင်တော့ဘူးဆိုပြီး ကျွန်တော့်ဆီမှာ အကြံဉာဏ်လာတောင်းတယ်။ လိင်ကိစ္စဆိုတာကို ရှက်စရာလို့ မြင်နေကြတဲ့ ဒီအသိုင်းအဝိုင်းမှာ ဒီလိုပြဿနာမျိုးကို ထုတ်ပြောဖို့ဆိုတာ အင်မတန်ခက်ပါတယ်။ မျိုသိပ်ထားကြရတယ်။ ဒါတွေကို ဘယ်လို ထွက်ပေါက်ပေးရမယ် မသိဘူး။ ဒီအခါ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာကြတယ်။

၁။ လိင်ဆက်ဆံခြင်းကို စွဲလမ်းနေပြီလို့ ဘယ်အခါမှာ ပြောနိုင်မလဲ

ဒီအတွက် တိကျတဲ့ အဓိပ္ပာယ်ဖွင့် ဆိုချက်တော့ မရှိပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်လည်း မတူကြလို့ပါ။ ဥပမာ လိင်ဆက်ဆံဖက်များနေရင် စွဲလမ်းနေတာလား။ Threesome လို့ခေါ်တဲ့ ယောကျ်ားတစ်ယောက်နဲ့ မိန်းမနှစ်ယောက်၊ ဒါမှမဟုတ်လည်း မိန်းမတစ်ယောက်က ယောက်ျား နှစ်ယောက်နဲ့ တစ်ပြိုင်တည်း ဆက်ဆံရင် စွဲလမ်းနေပြီ ခေါ်မှာလား။ ဒီလိုမျိုး တစ်ယောက်အတွက် ထူးဆန်းတယ်လို့ထင်ရတဲ့ ဆက်ဆံပုံက နောက် တစ်ယောက်အတွက်ကျ သာမန်ဖြစ်နေနိုင်ပါတယ်။ လိင်ဆက်ဆံလိုစိတ် (Sex drive) ပြင်းတာနဲ့ စွဲလမ်းတာနဲ့ မတူပါဘူး။ စိတ်ပြင်းပြတာက မကြာခဏ ဆက်ဆံချင်တာ၊ အာသာဖြေချင်တာ၊ ပုံစံမျိုးစုံနဲ့ ဆက်ဆံချင်တာ စတာတွေကို ပြောတာပါ။ စွဲလမ်းတယ်ဆိုတာကတော့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်တော့တဲ့အထိ၊ လူကြားသူကြားမရှောင် ဆက်ဆံနေမိတဲ့အထိ၊ ကိုယ့်ကို အန္တရာယ် ဖြစ်နိုင်တာ သိသိကြီးနဲ့ လုပ်နေမိတဲ့အထိ ဖြစ်နေတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ မကောင်းမှန်းသိသိကြီးနဲ့ ရုန်းမထွက်နိုင်ဘဲ ဆက်လုပ်နေမိတာပေါ့။

ဥပမာ အခုကျွန်တော့်ဆီလှမ်းတိုင်ပင်တဲ့ ညီလေးလို၊ နောက်ရုပ်ရှင်ကားတွေထဲမှာ ကြည့်ဖူးမယ်၊ မင်းသားနဲ့ မင်းသမီးက အများပြည်သူသုံး အိမ်သာထဲထိတောင် ခိုးသွားပြီး ဆက်ဆံကြသလို၊ နောက် ဘယ်သူဘယ်ဝါမှန်းမသိ ရောဂါပိုးတွေရှိမရှိတောင်မသိဘဲ ဆက်ဆံရရင်ပြီးရော လုပ်မိနေတာလို၊ ဒီလိုအခြေအနေ မျိုးတွေဆိုရင်တော့ ကိုယ်ဟာ လိင် ဆက်ဆံတာကို စွဲလမ်းနေပြီလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

လိင်ဆက်ဆံတာကိုပဲ စွဲလမ်းနေတဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲဆိုရင် နေ့စဉ်ကိုယ်လုပ်ရမယ့် အလုပ်တွေမှာ ပျက်ကွက်လာမယ်။ အိမ်ထောင်ဖက်အပေါ် သစ္စာဖောက်မိလို့ လူမှုရေးပြဿနာတွေ ကြုံရမယ်။ HIV လို လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါပိုးတွေ ကူးကုန်မယ်။ စိတ်မှာလည်း အမြဲတမ်း တုန်လှုပ်ခြောက်ခြားနေတာ၊ စိတ်ဖိစီးနေတာ၊ စိတ်ဓာတ်ကျနေတာတွေဖြစ်မယ်။ ပြည့်တန်ဆာတွေနဲ့ ပျော်ပါးရာကနေ ငွေကြေးဆုံးရှုံး တာတွေလည်း ရှိလာမယ်။

တခြားဘယ်လိုလက္ခဏာတွေရှိ တတ်သေးလဲဆိုတော့

♦ အရေးကြီးတဲ့အလုပ်တွေကို တောင်ဖျက်ပြီး လိင်ဆက်ဆံတာ၊ လိင် စိတ်ဖြေတာ၊
♦ စိတ်ဓာတ်ကျ၊ စိတ်ပူပန်တာ၊ စိတ်ဖိစီးတာ စတဲ့အခြေအနေတွေဖြစ်တိုင်း လိင်စိတ်ဖြေပြီး၊ လိင်ဆက်ဆံပြီး ဖြေဖျောက်တာ၊
♦ လိင်စိတ်ဖြေတာ၊ လိင်ဆက်ဆံတာက ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ နေ့စဉ်လူနေမှုဘဝကို ထိခိုက်စေလောက်တဲ့အထိ အကြိမ်များများလုပ်တာ စတာတွေပါပဲ။

ဒီအပြုအမူတွေကို ခဏတစ်ဖြုတ်မဟုတ်ဘဲ လနဲ့ချီ လုပ်မိနေတာမျိုးဆိုရင်တော့ စွဲလမ်းနေပြီလို့ ပြောနိုင်ပါတယ်။ အစပိုင်းမှာတော့ နည်းနည်းပဲ။ အချိန်ကြာလာတာနဲ့အမျှ ပိုပိုပြီး ဆိုးလာမယ်။ အဆင့်တွေ တက်တက်လာမယ်ဆိုရင်လည်း ကိုယ့်မှာ ဒီပြဿနာ ရှိနေပြီလို့ သဘောပေါက်နိုင်ပါတယ်။

၂။ ဖြစ်ရတဲ့ အကြောင်းရင်း

ဒါကိုလည်း တိတိကျကျ ပြောလို့ မရပြန်ပါဘူး။ တော်တော်လေး ဆက်စပ်နိုင်ချေတာကတော့ ကလေးဘဝက ကြုံခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်ပါပဲ။ ငယ်ငယ်က လူကြီးမိဘတွေ ရဲ့ လျစ်လျူရှုခြင်းကို ခံခဲ့ရတာ၊ အလေးပေးဂရုစိုက်မခံရတာ၊ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာ၊ အမြဲတမ်းမိသားစုကြောင့်၊ သူငယ်ချင်းကြောင့် စိတ်ညစ်နေရတာ၊ ဒီလိုစိတ်ဒဏ်ရာတွေ ရှိခဲ့မယ်ဆိုရင်၊ နောက်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်အတွေ့အကြုံရခဲ့တာမျိုး (ဥပမာ လူကြီးတစ်ယောက်ယောက်က လက်နဲ့လုပ်ပေးသွားတာကို သာယာမိတာ) ရှိခဲ့ရင် ဒီလိုမျိုးစွဲလမ်းတဲ့ ပြဿနာဝင်လာတတ်ပါတယ်။ လူကြီးဖြစ်မှမဟုတ်ဘဲ ကလေးအရွယ်၊ ဆယ်ကျော်သက်အရွယ်မှာကတည်းကိုက လက္ခဏာတွေ ပြနေတတ်ပါတယ်။

၃။ ဘယ်လိုပြဿနာတွေ ပေးသလဲ

လိင်ဆက်ဆံတာကိုပဲ စွဲလမ်းနေတဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲဆိုရင် နေ့စဉ်ကိုယ်လုပ်ရမယ့် အလုပ်တွေမှာ ပျက်ကွက်လာမယ်။ အိမ်ထောင်ဖက်အပေါ် သစ္စာဖောက်မိလို့ လူမှုရေးပြဿနာတွေ ကြုံရမယ်။ HIV လို လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါပိုးတွေ ကူးကုန်မယ်။ စိတ်မှာလည်း အမြဲတမ်း တုန်လှုပ်ခြောက်ခြားနေတာ၊ စိတ်ဖိစီးနေတာ၊ စိတ်ဓာတ်ကျနေတာတွေဖြစ်မယ်။ ပြည့်တန်ဆာတွေနဲ့ ပျော်ပါးရာကနေ ငွေကြေးဆုံးရှုံး တာတွေလည်း ရှိလာမယ်။

အဲဒီလို စွဲလမ်းနေတဲ့သူမှာမှ ပုံမှန်မဟုတ်တဲ့ လိင်ဆန္ဒတွေ ရှိနေမယ်ဆိုရင်တော့ ပိုလို့ပြဿနာတွေ ရှိလာနိုင်ပါတယ်။ သူများလိင်ဆက်ဆံနေတာကိုကြည့်ပြီး ကိုယ်က ဆန္ဒပြည့်မြောက်တာ ဘယ်လောက်ထိ ဆိုးသွားနိုင်လဲဆို (ကိုယ့် မိန်းမ၊ ကိုယ့်ရည်းစားကို နောက်တစ်ယောက်နဲ့ ဆက်ဆံခိုင်းပစ်တာမျိုးထိ ဖြစ်နိုင်တယ်။) သူတစ်ပါးလိင်အင်္ဂါကို ထိတွေ့ကိုင်တွယ်ချင်တာ၊ (ကားပေါ်မှာ၊ ရထားပေါ်မှာ၊ လေယာဉ်ပေါ်မှာ ကိုယ်နဲ့ မသိတဲ့ မိန်းကလေးကို ဒါမျိုးသွားလုပ်တော့ ပြဿနာပေးမှာပေါ့။) ကလေးတွေနဲ့ မှ လိင်ဆက်ဆံချင်တာ (ဒါဆိုရင်တော့ အခုမကြာခဏကြားနေရတဲ့ သက်ငယ် မုဒိမ်းမှုတွေ ဖြစ်လာနိုင်ပြီပေါ့)၊ ဒီလို ပုံမမှန်တဲ့ ဆန္ဒရှိသူတွေမှာသာ ဒီလိုစွဲလမ်းစိတ် ဖြစ်လာမယ်ဆို နောက်ဆက်တွဲပြဿနာ သိပ်များသွားပါပြီ။

၄။ ဘယ်လိုကုသလို့ရသလဲ

များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ အထီးကျန်တာ စတာတွေကြောင့် ဖြစ်တတ်တာမို့ စိတ်မှာ အနာတရမရှိအောင် နေဖို့လိုပါတယ်။ ကိုယ့်မှာ ဒါတွေ နည်းနည်းစဖြစ်လာပြီ ဆိုကတည်းက သတိထား ဆင်ခြင်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ စိတ်ဖိစီးမှုတွေ ဖြေဖျောက်ပါ။ မိသားစုနဲ့၊ သူငယ်ချင်းနဲ့ နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီးနေပါ။ ဒါက ကိုယ့်ကို စိတ်အပြောင်းအလဲ ဖြစ်စေပါလိမ့်မယ်။ ဒီအကြောင်းတွေ မတွေးမိအောင် ကြိုးစားလုပ်ယူပါ၊ ဥပမာ-အိမ်မှာ တစ်ယောက်တည်း ကျန်မနေခဲ့တာမျိုး၊ ညဘက် အပြင်မထွက်တာမျိုး စသဖြင့်ပေါ့။ ကိုယ့်ကို ဒီစိတ်တွေဖြစ်လာစေတဲ့ အခြေအနေတွေကိုလည်း သတိထားပြီး ရှောင်ပါ။ အပြာကားတွေ ကြည့်မိရင် ဖြစ်လာတယ်ဆို မကြည့်မိအောင် သတိထား၊ ဖုန်းထဲက ဇာတ်ကားတွေဖျက်၊ Facebook သုံးရင် အဖော်အချွတ်ပုံတွေမြင်ရင် ဖြစ်လာတယ်ဆို လတ်တလော မသုံးဘဲနေ စတာတွေလုပ်ပါ။ ဒီလိုမျိုးတွေ လုပ်လို့မှ အဆင်မပြေသေးရင်တော့ တတ်ကျွမ်းနားလည်တဲ့ စိတ်ရောဂါပညာ ရှင်တစ်ယောက်ယောက်နဲ့ သွားရောက်တိုင်ပင်တာ အကောင်းဆုံးပါပဲ။

ဒေါက်တာ ဖြိုးသီဟ

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.