ကျောင်းပုံပြင်

(၁)

ကျောက်သင်ပုံးပေါ်သို့ ရိုက်လိုက်သော ဆရာ၏ ကြိမ်လုံးသံကြောင့် တစ်တန်းလုံးတိတ်ဆိတ်သွားသည်။ မကြာသေးမီက ဆူညံနေခဲ့သော စာသင်ခန်းလေးသည် ရုတ်တရက်တိတ်ဆိတ်သွားသည်။ တစ်တန်းလုံး၏အကြည့်က ဆရာ့ဆီကို ရောက်သွားကြသည်။ ဆရာသည် တစ်တန်းလုံးကို ဒေါသဖြစ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ တစ်ခုခုကို စိတ်ဆိုးလာသည့် ပုံပေါ်သည်။ အရိုက်ကြမ်းသော ဆရာဖြစ်သောကြောင့် တစ်ကျောင်းလုံးက ကြောက်ရသောဆရာ ဖြစ်သည်။

တစ်တန်းလုံး ငြိမ်ကျသွားကြသည်မှာ ဘေးကသူငယ်ချင်း၏ အသက်ရှုသံကိုပင် ကြားရလောက်သည်အထိ ဖြစ်သည်။

”ဒါ ဘယ်သူရေးတာလဲ”

ဆရာ့လက်ထဲတွင် ပန်းနုရောင် စာရွက်လေးတစ်ရွက်။ စာရွက်လေး၏ နောက်ခံတွင် အသည်းပုံလေးများပါပြီး လက်ရေးဝိုင်းဝိုင်းလေးများဖြင့် ရေးထားသော စာလုံးလေးများကို တွေ့ရသည်။ ရည်းစားစာတစ်ခု ဖြစ်သည်။

”ဘယ်သူရေးတာလဲလို့ မေးနေတယ်”

”………………………..”

တစ်တန်းလုံး ဘယ်သူမှ ပြန်မဖြေကြ။ ရည်စားစာထဲတွင် ရေးသူက နာမည်ကို ထည့်မရေးထားတာဖြစ်မည်။ နာမည်ရေးထားပါက ဆရာ အလွယ်တကူ သိပြီးသားဖြစ်ပြီး ယခုလို မေးနေမည်မထင်။

”ကောင်းပြီ ယောက်ျားလေးတွေ အားလုံး မတ်တပ်ရပ်ပါ”

ဆရာ့စကားကြောင့် အတန်းထဲရှိ ယောက်ျားလေးများအားလုံး မတ်တပ်ရပ်ကြသည်။ မိန်းကလေးများကတော့ ဘာမှန်းမသိတဲ့ စကားများဖြင့် အချင်းချင်း တိုးတိုးတိတ်တိတ် ပြောနေကြသည်။

”ထပ်မေးမယ် ဒီစာကို ဘယ်သူရေးတာလဲ။ လူဆိုတာ ကိုယ်လုပ်ထားတာကို တာဝန်ယူရဲရတယ်ကွ”

ကျွန်တော်တို့တွေ မတ်တပ်ရပ် လက်ပိုက်ထားရင်း တစ်ယောက်မျက်နှာတစ်ယောက် အကဲခတ်ကြည့်ကြသည်။ ဘယ်ကောင်ကများ ပြဿနာကို မီးမွှေးထားလိုက်သည် မသိ။ လက်သည်မပေါ်ရင် အားလုံးကို ဆရာ ကြိမ်ဒဏ်ပေးလျှင် ဘာမသိညာမသိနှင့် ခံရဦးမည်။

”သမီး လင်းလက် ဒီစာကို သမီးဆီ ဘယ်သူပေးတာလဲ”

”မသိပါဘူးဆရာ။ သမီးလွယ်အိတ် ထဲ လာထည့်ထားတာပါ”

လင်းလက်ဆိုသော ကောင်မလေးက အတန်းထဲတွင် ယောက်ျားလေးများ စိတ်ဝင်စားလောက်အောင်လှသော ကောင်မလေးဖြစ်သည်။ ရည်းစားစာ အပေးခံရတိုင်း ဆရာ၊ ဆရာမများကို သွားတိုင်လေ့ရှိပြီး ဘဝင်မြင့်နေတတ်သော ကောင်မလေးတစ်ယောက် ဖြစ်သည်။ (ကျွန်တော်ကတော့ ကြည့်မရပါ။)

ဆရာဖြန့်ပြထားသော ရည်းစားစာထဲမှ လက်ရေးများ၏ ပိုင်ရှင်ကို ရှေ့ဆုံးတန်းက မိန်းကလေးများက ဘယ်သူဘယ်ဝါဖြစ်နိုင်ကြောင်း တိတ်တိတ်လေး ဟောကိန်းထုတ်နေကြသည်။ ကျွန်တော်တို့ကလည်း အချင်းချင်း အကဲခတ်နေကြသည်။ အဖြေမပေါ်ရင်တော့ အားလုံးအပြစ်ပေးခံရတော့မည် ဖြစ်သည်။ မကြာပါ၊ တဖြည်းဖြည်း မိန်းကလေးများ၏ အကြည့်က ကျွန်တော့်ဘေးထိုင်ခုံဆီကို စိုက်ကြည့်လာကြပြီး စကားတွတ်ထိုးနေ ကြသည်။ ကျွန်တော် လှည့်ကြည့်လိုက်တော့ ကျွန်တော့်ဘေးမှာ လက်ျာ။

ဟင်…ဒါဆို ဒီပြဿနာရဲ့ တရားခံက လက်ျာပါ့။ မိန်းကလေးများ စုပြုံကြည့်လာကြတော့ လက်ျာ ခေါင်းငုံ့သွားသည်။ သေချာပြီ ရည်းစားစာကို ရေးပြီး ပေးခဲ့သူဟာ လက်ျာ ဖြစ်သည်။ လက်ျာ၏ အခြေအနေကို ကြည့်ရတာတော့ ဝန်ခံမည့်ပုံတော့မပေါ်။ ဝန်ခံလိုက်လျှင်လည်း ဆရာ့ကြိမ်ဒဏ်က ညှာမည်မဟုတ်။ မဝန်ခံပြန်ပါကလည်း အတန်းထဲက ယောက်ျားလေးအားလုံး အရိုက်ခံရမည်။

”ကျွန်တော် ရေးတာပါဆရာ”

သတိမထားလိုက်ခင်မှာပဲ ကျွန်တော် ပြောထွက်သွားသည်။ လက်ျာ ကျွန်တော့်ကို တအံ့တဩကြည့်သည်။ မိန်းကလေးများ ဇဝေဇဝါဖြစ်ကုန်သည်။ လင်းလက်ဆိုသော ကောင်မလေးကတော့ ကျွန်တော့်ကို နှာခေါင်းရှုံ့သည်။

”ကောင်းပြီ…မင်း ရှေ့ထွက်ခဲ့။ ကျန်တဲ့ကောင်တွေ ထိုင်”

ကျွန်တော် လက်ပိုက်ပြီး အတန်းရှေ့ ထွက်လိုက်သည်။ တစ်တန်းလုံးရှေ့တွင် ဆရာက ကျွန်တော့်ကို မေးသည်။

”မင်းက…ဘာလဲ”

”ကျောင်းသားပါ ဆရာ”

”ကျောင်းသားဆိုရင် ဘာလုပ်ရမလဲ”

”စာကြိုးစားရပါမယ်”

”မင်းအပြစ် မင်းသိသလား”

”ဟုတ်ကဲ့ သိပါတယ်”

”ဟိုဘက်လှည့်”

ကျွန်တော် အတန်းသားများကို ကျောပေးရပ်လိုက်သည်။

”ကျောင်းစာကို စိတ်မဝင်စားတဲ့ ကျန်တဲ့အကောင်တွေ ကြည့်ထား”

ဆရာပြောလည်းပြော ကြိမ်လုံးကိုင် ထားသောလက်ကို မြှောက်လိုက်သည်။ အားပါသော ရိုက်ချက်ကြောင့် ပထမတစ်ချက်မှာတင် ကျွန်တော့်ဒူးများ ညွှတ်သွားသည်။ ငါးချက်တိတိ လွှဲရိုက်ပြီးသွားချိန်တွင် မတ်တပ်ရပ်ထားနိုင်ဖို့ပင် အားယူထားရသည်။ ခြေသလုံးများ ရောင်ရမ်းသွားပြီး တစ်ဆစ်ဆစ် နာကျင်နေသည်။ ကျွန်တော် အပြစ်ဒဏ်ခံယူပြီး နေရာမှာ ပြန်ထိုင်တော့ လက်ျာ ကျွန်တော့်ကို စိတ်မကောင်းတဲ့ မျက်လုံးများဖြင့် ကြည့်နေသည်။ စကားမပြောသော်လည်း တောင်းပန်ချင်နေပုံရသည်။ ကျွန်တော်ပြုံးပြလိုက်သည်။ ထိုနေ့က တစ်နေ့လုံး ရည်းစားစာကိစ္စက မိန်းကလေးများကြားတွင် ရေပန်းအစားဆုံးသတင်းတစ်ခု ဖြစ်ခဲ့သည်။

 

(၂)

ကျွန်တော် ရည်းစားစာကိစ္စနှင့် ကျောင်းမှာ အပြစ်ပေးခံရကြောင်းကို မေမေ သိသွားသည်။ ကျွန်တော့်ကို အပြစ်တော့ မတင်ပါ။

”သားရယ်…ဘာလို့များ အချစ်ကိစ္စကို စိတ်ဝင်စားနေရတာလဲ။ သားတကယ်ပဲ အဲဒီကောင်မလေးကို သဘောကျသလား”

”အလကားပါ မေမေရယ်…သားက အပျော်ရေးတာပါ။ ပြီးတော့ စလိုက်တာ ဘာမှမဟုတ်ဘူး”

”တကယ်မဟုတ်ရင် ပြီးတာပါပဲ သားရယ်။ ပညာရှာတဲ့အရွယ်မှာ စာကိုပဲ ကြိုးစားစမ်းပါ။ မေမေက မင်းအဖေမရှိတော့တဲ့ နောက်ပိုင်း ဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာ သားအသိဆုံးပဲ”

”ဟုတ်ကဲ့ပါ မေမေ။ သား စာပဲ ကြိုးစားပါ့မယ်”

တကယ်တော့ ကျွန်တော် အမေ့ကို အမှန်အတိုင်း ဖွင့်ပြောဖို့ကောင်းပါသည်။ အရာရာ မထိမ်ချန်ဘဲ ပြောပြလေ့ရှိတဲ့၊ အမြဲတမ်း အမှန်အတိုင်း ပြောလေ့ရှိတဲ့ ကျွန်တော် ဒီတစ်ခေါက် အမေ့ကို အဖြစ်မှန် မပြောဖြစ်ပါ။

သင်္ချာတွေ တွက်နေရင်းက မျက်စိထဲ ဆရာ့လက်ထဲက ပန်းနုရောင်စာရွက်လေးကို မြင်နေမိသည်။ လက်ရေးဝိုင်းလေးတွေက ကျွန်တော်နဲ့ဆင်သည်။ လက်ျာလက်ရေးနှင့် ကျွန်တော့်လက်ရေးက ဆင်သည်။ လက်ျာ ဘယ်တုန်းကစလို့ လင်းလက်ဆိုတဲ့ ဘဝင်ရူးမလေးကို ချစ်သွားတာလဲ…။ တွေးရင်း ရင်တွေ ပူလာသည်။ အိုး ဘာဖြစ်ဖြစ်ပေါ့…။ သူ့ဟာသူ ချစ်တော့ရော ဘာဖြစ်လဲ။ ဟို ဘဝင်ရူးမလေးကိုက ချစ်စရာကောင်းနေတာကိုး။ ချစ်စရာကောင်းလို့ ချစ်တာ ချစ်ပါစေပေါ့။ ငါဘာတွေ လျှောက်တွေးနေတာလဲ။

ရည်စားစာထဲမှာ လက်ျာ ဘာတွေများ ရေးထားတာပါလိမ့်။ မင်းကိုချစ်တယ်…ဆိုတာလောက်ထိတော့ မတိုတောင်း။ ဆရာပြတုန်းက တစ်မျက်နှာ အပြည့်နီးပါးရေးထည့်ထားသော စာလုံးများကို အပြည့်မြင်ခဲ့သေးသည်။ အလှအပတွေကို ဖွဲ့နွဲ့ထားတဲ့ စာတွေဖြစ်မည်။ ချစ်ခွင့်ပန်ရင်း အဖြေတောင်းထားတဲ့ စာသားတွေလည်းဖြစ်မည်။ လက်ျာ မင်းစာပဲ ကြိုးစားစမ်းပါကွာ။ နေစမ်းပါဦး။ ငါကရော ဘာလို့ လက်ျာအကြောင်းတွေ တွေးနေမိတာလဲ။

ကျွန်တော့်အတွက်တော့ လက်ျာ အကြောင်းတွေ တွေးနေမိတာ ကြာပြီဖြစ်သည်။ အတန်းဖော် သူငယ်ချင်းများစွာ ရှိပါလျက် လက်ျာက ကျွန်တော့်အတွက် ထူးခြားနေခဲ့သည်။ ဘယ်လိုထူးခြားသလဲ ဆိုလျှင်တော့ အော်တိုစာအုပ်လေးများတွင် သူငယ်ချင်းအချင်းချင်း ရေးတတ်သော ”ငါနင့်ကို သိပ်ခင်တာပဲ။ နင်ဟာ ငါ့ရဲ့ အခင်ဆုံးသူငယ်ချင်းပါ” ဘာညာ ဆိုတဲ့ စာကြောင်းမျိုးတွေက သူ့ကို ညွှန်းလို့ရသည်။ (ဒီထက်လည်း ပိုချင်ပိုနိုင် သည်။) ကျွန်တော့်အတွက် ထူးခြားသည်ဟုသာ ဆိုသော်လည်း လက်ျာဘက်ကတော့ ကျွန်တော်သည် သူ့အတွက် သာမန်သူငယ်ချင်းသာဖြစ်သည်။

အရိုက်ခံရသည့်နေ့က ကျွန်တော့်ကို လှမ်းကြည့်တဲ့ မျက်ဝန်းတွေကို မြင်ယောင်မိတော့ ကျွန်တော် ပြုံးမိသည်။ နာကျင်မှုတွေ ပျောက်သွားသလို ခံစားရသည်။

”ဟဲ့…သား ဘာတွေပြုံးနေတာလဲ”

”ဗျာ…ဟို…အဲ…ဘာမှ မဟုတ်ပါဘူး”

အမေ ကျွန်တော့်ကို သေချာစွာ အကဲခတ်သည်။ ကျွန်တော် အနေရခက်သွားသည်။

”ငါ့သားတော့ တစ်ခုခုတော့ တစ် ခုခုပဲဟေ့ ရိုးကို မရိုးတော့ဘူး”

ကျွန်တော် ရှက်သွားသည်။

”မေမေကလည်းဗျာ… ဘာမှမဟုတ် ပါဘူးဆိုနေ”

အမေ့ကို ပြောရင်း တွက်လက်စ သင်္ချာစာအုပ်ကို ပြန်ကြည့်မိတော့ ကျွန်တော် လန့်သွားသည်။ သင်္ချာလေ့ကျင့်ခန်း စာအုပ်လေးပေါ်တွင် ဘယ်လိုဖတ်ဖတ် နားလည်နိုင်မည်မဟုတ်သော သင်္ကေတများနှင့် အရုပ်များ ရေးဆွဲထားမိပြီးသား ဖြစ်နေသည်။ အမေ မမြင်အောင် စာအုပ်ကို ကပျာကယာ ဝှက်လိုက်ရသည်။

လက်ျာ…မင်းတော်တော်ဆိုးတဲ့ ကောင်။

 

(၃)

သူငယ်ချင်းဆိုတဲ့ စည်းဟာ
ထူထူလေးလား ပါးပါးလေးလား
တွေ့တိုင်းရင်မောနေရတဲ့
အခိုက်အတန့်တွေလား
ဘယ်သူမှ မသိလိုက်တဲ့
သက်ပြင်းချသံတွေလား

စာမျက်နှာပေါ်မှာ ရေးချလိုက်တဲ့ စာသားတွေကို ကျွန်တော်ဆက်မရေးဖြစ်တော့ပါ။ အတန်းတင်စာမေးပွဲကြီး ပြီးကတည်းက နွေကျောင်းပိတ်ရက်တွေမှာ ကဗျာအပိုင်းအစလေးတွေ ရေးလိုက်၊ သီချင်းနားထောင်လိုက်နဲ့ အချိန်တော်တော်များများကို ကုန်ဆုံးနေလိုက်သည်။ အခုတလောမှာလည်း ”သူငယ်ချင်းကို ရည်းစားမလုပ်ဖို့ ဘယ်သူတွေ စပြောခဲ့လဲ” ဆိုတဲ့ သီချင်းစာသားကို ထပ်တလဲလဲ ရွတ်ဆိုနေမိသည်။

ကျွန်တော် အခုချိန်အတွေ့ချင်ဆုံး လူတစ်ယောက်သည် ဝိုင် ဖြစ်သည်။ ကျွန်တော့်အတွက် အရိုက်ခံသည့်နေ့က အတန်းရှေ့မှာ နာကျင်လွန်းလို့ ညွှတ်ကျသွားတာတောင် ကျွန်တော့်ကို ပြုံးပြခဲ့သေးသည်။ ဘာဖြစ်လို့များ ကျွန်တော့်အတွက် ဝန်ခံသွားသလဲ မသိပါ။ ဘာကြောင့်လဲဟု ကျွန်တော်မေးချင်ပါသည်။ အတန်းချိန်တွေမှာ ဝိုင့်ကို ကျွန်တော်မေးဖို့ ကြိုးစားခဲ့သေးသည်။ သို့သော် သူကလည်း ဘာမှမဖြစ်ခဲ့သလိုနေတာရယ်၊ ကျွန်တော်(ဘာကြောင့်မှန်းမသိ) သူ့ကို စကားပြောဖို့ ကြိုးစားတိုင်း ရင်မောနေမိတာရယ်နဲ့ပဲ စကားမပြောဖြစ်ခဲ့ပါ။

လင်းလက်ဆိုတဲ့ ကောင်မလေးက လှသည်။ အတန်းထဲက ကောင်လေးတွေ (ကျွန်တော်အပါအဝင်) စိတ်ဝင်စားကြသည်။ ကျွန်တော်လင်းလက်ကိုတွေ့ရင် ရင်ခုန်သည်။ ဒါအချစ်ပဲဖြစ်မည်။ ကျွန်တော် အရမ်းကြီးတွေဝေမနေဘဲ ရည်းစားစာပေးလိုက်သည်။ အတိုင်ခံရမည်ထိတော့ ကြိုတွေးပြီးသားဖြစ်သည်။ ဒါက ပြဿနာမဟုတ်သေး။ ဝိုင် ကျွန်တော့်အစား အရိုက်ခံလိုက်ရသည့်နေ့က စပြီး ပြဿနာကစသည်။ အတန်းထဲက မိန်း ကလေးတွေက တရားခံမှာ ကျွန်တော် ဖြစ်သည်ဟု သုံးသပ်သော်လည်း ဝိုင်က သူပါဟုပြောတော့ အားလုံး မျက်စိလည်ကုန်သည်။ ဝိုင်က စာကြိုးစားသော ကောင်လေးတစ်ယောက်ဖြစ်ပြီး လင်းလက်ကို စိတ်ဝင်စားနေသည်ဟု ကျွန်တော်မထင်ပါ။ အဲဒီ တစ်နေ့လုံး ကျွန်တော် ဝိုင့်ကို အရိပ်တကြည့်ကြည့် ကြည့်နေမိသည်။ ညရောက်တော့လည်း သူ့အကြောင်းပဲ တွေးနေမိသည်။ လင်းလက်တုန်းကတောင် ကျွန်တော် တစ်ခါမှ အဲလို မဖြစ်ဖူးခဲ့။ ပြဿနာပဲကွာ…။

နောက်ရက်တွေမှာ ဝိုင်နဲ့စကားပြောဖို့ ကျွန်တော်ကြိုးစားကြည့်သည်။ သူ့ကို မြင်လိုက်ရုံနဲ့ လက်တွေအေးစက်လာပြီး ဘာကြောင့်မှန်းမသိရင်မောနေမိသည်။ သေပြီကွာ…။ ဘယ်လို ခံစားမှုကြီးလဲ။ စာသင်ချိန်တွေမှာ သူ့ကို ခိုးကြည့်သည်။ ကျောင်းဝင်းထဲ သူသွားတတ်သည့် နေရာတွေကို တိတ်တိတ်လေး နောက်က လိုက်ကြည့်တတ်လာသည်။

တစ်ခါတလေလည်း အားမလိုအားမရနဲ့ အဲကောင်လေးကို ဖက်ထားပြီး စကားတွေ အများကြီး ပြောချင်သည်။ နောက်ဆုံးတော့ ရည်းစားစာကို လင်းလက်ကို မပေးဘဲ ဝိုင်ကို ပေးခဲ့သင့်သည် ဟု နောင်တရမိတော့သည်။

ချစ်တယ်…ဝိုင်။

 

(၄)

အချစ်သည် သစ်ပင်လေးတစ်ပင် ဖြစ်မည်ဆိုပါက စတင်ပျိုးရသည်ထက် ရှင်သန်နေတဲ့ အပင်လေးကို ရွှေ့ပြောင်း စိုက်ပျိုးရခြင်းမျိုး ဖြစ်မည်ထင်သည်။

နွေကျောင်းပိတ်ရက်များသည် ရှည်ကြာလွန်းသည်။ ကျောင်းဖွင့်ချိန်ထိ ကျွန်တော် မစောင့်နိုင်သောကြောင့် ဝိုင်တို့အိမ်ဘက် သူငယ်ချင်းများကို မေးမြန်းပြီး သွားကြည့်သည်။ လမ်းညွှန်မှုတွေအရ ရှာတွေ့သော ဝိုင်တို့အိမ်သည် အိမ်အပြင်ဘက်မှ သော့ခတ်ထားသည်။ ကျွန်တော် နေ့စဉ်ရက်ဆက် သွားကြည့်မိသော်လည်း အိမ်မှာ သော့ခတ်ထားလျက်သာ…။ ဝိုင်၏ အရိပ်အယောင်လေးများ မြင်ရနိုးနိုး သတိရတိုင်း သွားကြည့်မိသော်လည်း လုံးဝမတွေ့။

သူငယ်ချင်းတစ်ယောက်ဆီမှ ဝိုင်တို့ အိမ်ဖုန်းနံပါတ်တစ်ခုရသည်။ ကျွန်တော် ဆက်သင့်၊ မဆက်သင့် တွေဝေနေသည်။ ဝိုင် လာကိုင်ရင် ကျွန်တော်ဘာပြောရလဲ။ ဝိုင် မဟုတ်တဲ့ တစ်ယောက်ယောက်ဆိုရင်လည်း ဘာပြောရမလဲမသိပါ။ သို့သော် တစ်ညတွင် ကျွန်တော် အားတင်းပြီး ဖုန်းခေါ်လိုက်သည်။

”ဟယ်လို”

တစ်ဖက်မှ ဖုန်းကိုင်သံသည် အမျိုး သမီးတစ်ဦး၏ အသံဖြစ်သောကြောင့် ဝိုင့် အမေ ဖြစ်မည်ထင်သည်။

”ဟယ်လို”

”ဟုတ်…ဟုတ်ကဲ့ ဝိုင်နဲ့ပြောချင်လို့ ပါခင်ဗျာ”

”သြော် …သား သူငယ်ချင်းလား…။ အိပ်နေပြီကွယ့် အန်တီ…ခေါ်ပေးရမလား”

”နေ…နေပါစေ…အန်တီ”

ဘာဆက်ပြောမှန်းမသိသောကြောင့် ကျွန်တော် ဖုန်းချလိုက်သည်။ နောက်တစ်နေ့တွင် ကျွန်တော် ဝိုင်တို့အိမ်ရှေ့ ထပ်သွားပါသည်။ အိမ်ရှေ့တွင် ”အိမ်ရောင်းမည်” ဟူသော ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ ကျွန်တော် နားမလည်နိုင်မှုများနှင့် လှည့်ထွက်လာခဲ့သည်။ အပြန်တွင် ဝိုင်တို့အိမ်သည် ကျောင်းနှင့်နီးသောကြောင့် ကျောင်းဝင်းထဲသို့ ဝင်လိုက်သည်။ ကျောင်းဝင်းထဲရှိ ဘောလုံးကွင်းထဲတွင် ကျောင်းသားအချို့ ဘောလုံးကန်နေကြသည်။ နွေရာသီ ကျောင်းပိတ်ထားသောကြောင့် စာသင်ဆောင်များသည် တိတ်ဆိတ်နေသည်။ ဘောလုံးကွင်းကို ဝန်းရံထားသည့် ဂျပန်ပိတောက်ပင်များကို ငေးကြည့်ရင်း မြင်ကွင်းက မှိုင်းညို့လာသည်ဟုထင်သည်။

”လက်ျာ…ငါတို့နဲ့ ဘောလုံးကန်မယ်”

သူငယ်ချင်းတစ်ယောက် ကျွန်တော့်ကို တွေ့သွား၍ ကစားရန်ခေါ်သည်။ ကျွန်တော် ခေါင်းခါပြလိုက်သည်။

”ဘောလုံးမကန်ဘဲနဲ့ မင်း ကျောင်းကို ဘာလာလုပ်တာလဲ လက်ျာ”

”အင်း…ငါ…ငါ..ဝိုင်ဆီသွားရင်း မတွေ့တာနဲ့ ကျောင်းထဲဝင်လာတာ”

”ဝိုင်က မန္တလေးပြောင်းပြီလေ။ မင်း မသိဘူးလား”

”ဟင်”

”ဟုတ်တယ်…သူတို့ မန္တလေးကို အပြီးပြောင်းတာ။ ဟိုမှာပဲ အခြေချတော့မယ်တဲ့”

”ဒါ..ဒါဆို..ဘယ်နေ့ကတည်းက သွားတာလဲ။ ငါ…ငါ နှုတ်မဆက်လိုက်ရဘူး”

”ဒီနေ့ရထားနဲ့ပဲ။ ဘူတာလိုက်သွားရင်တောင် မမှီနိုင်လောက်တော့ဘူး”

သူငယ်ချင်းက လက်ပတ်နာရီကို ငုံ့ကြည့်ရင်းပြောသည်။ ကျွန်တော် ရုတ်တရက် အသက်ရှုမဝသလို ဖြစ်လာသည်။ ဝိုင်နှင့် နောက်တစ်ခါဆုံဖို့ ကျောင်းဖွင့် ရက်များကို မျှော်နေရသူ ကျွန်တော့်အတွက်တော့ သတင်းဆိုးတစ်ခုဖြစ်သည်။ မဖြစ်မနေ တစ်ခေါက်တော့ ကျွန်တော် တွေ့ချင်ပါသည်။ ဘူတာရုံကိုပဲ ကျွန်တော်ပြေးသွားရမလား…။ အိမ်ကိုပဲ စိတ်ပျက်လက်ပျက် ပြန်သွားရမလား မဝေခွဲတတ်တော့။ သူငယ်ချင်းက ကျွန်တော့်ကို စကားတွေ ပြောနေသေးသည်။ ဘာတွေမှန်း ကျွန်တော်မသိတော့။ နားထဲတွင် ရထားဥဩသံ သဲ့သဲ့ကြားသည်။ ကျွန်တော် ဘောလုံးကွင်းကို ဖြတ်လျှောက် လိုက်သည်။ ဂျပန်ပိတောက်ပင်များထဲသို့ တိုးဝင်လိုက်ရင်း ရထားသံလမ်းဘက် မျှော်ကြည့်မိသည်။ ရထားသံလမ်းနှင့် ကျောင်းနယ်နိမိတ်ကြားတွင် ကားလမ်းမရှိပြီး စည်းရိုးအဖြစ် သံဆူးကြိုးများဖြင့် ကာရံထားသည်။ မီးရထားခုတ်မောင်းသံသည် တဖြည်းဖြည်း ကျယ်လောင်လာပြီး ကျွန်တော်ငေးကြည့်ရာဘက်သို့ နီးသထက်နီးလာသည်။ ရာသီဥတုသည် မှိုင်းညို့နေရာမှ မိုးဖွဲလေးများအဖြစ် ရွာချသည်။ မျက်နှာချင်းဆိုင်ဘက်မှ ဖြတ်သန်းနေသည့် ရထားတွဲများကို ဝမ်းနည်းစွာ ကျွန်တော် ငေးကြည့်သည်။ ရထားအရှိန်မြန်လွန်းသည်ဟု ထင်ပါသည်။ ခဏအတွင်း မြင်ကွင်းထဲက ဝေးရင်းဝေးရင်း ပျောက်ကွယ်သွားသည်။ သံလမ်းရဲ့ ဟိုးတစ်ဖက်မှာ တောင်ခြေက ဈေးလေးတစ်ခုနှင့် တောင်တန်းကြီးများသာ မြင်ရတော့သည်။ သို့သော် ဝေဝေဝါးဝါး။ မိုးရေတွေအောက်မှာ ဆက်ပြီး ရပ်နေမိသည်။ ”အခြေခံပညာ အထက်တန်းကျောင်း” ဟူသော သံဆူးကြိုးနားက ကျောင်းဆိုင်းဘုတ်နားမှာ ကျွန်တော် ခေါင်းငုံ့လိုက်မိချိန်တွင် မျက်ရည်များကျဆင်းလာသည်။ ဝိုင်ကို သယ်ဆောင်သွားသော ရထားကြီး ကျွန်တော်၏ အဝေးဆုံးသို့ ခုတ်မောင်းနေချိန်တွင် ကျွန်တော် ဝမ်းနည်းစွာငိုကြွေးနေမိသည်။

 

(၅)

ဆရာ၊ ဆရာမများကို ရိုသေစွာ ရှိခိုးကန်တော့ပြီးနောက် ငယ်သူငယ်ချင်းများဖြင့် ကလေးဘဝက အကြောင်းအရာများကို ပြန်လည်ပြောကြရင်း ရယ်ကြမောကြသည်။ ဇရာကြောင့် အိုမင်းနေကြသော ဆရာကြီး၊ ဆရာမကြီးများကိုကြည့်ရင်း သံဝေဂရမိသည်။ ကျွန်တော်တို့ အသက်တွေလည်း ငယ်မှ မငယ်ကြတော့။ အိမ်ထောင်ကိုယ်စီနှင့် တချို့များ သားတွေ၊ သမီးတွေပင် အရွယ်ရောက်နေကြပြီဖြစ်သည်။ ဆရာကြီး၊ ဆရာမကြီးများကို ဂါရဝပြုရင်း ငယ်ငယ်က အကြောင်းများ ပြန်လည်ပြောဖြစ်ကြသည်။

”သူ…သမီးကို ငယ်ငယ်က ရည်းစားစာပေးလို့ ဆရာကြီး…ကြိမ်လုံးစာမိတာ သူလေ”

လင်းလက်က ဆရာကြီးကို ပြန်ပြောပြတော့ ဆရာကြီးက မှတ်မိကြောင်းပြောရင်း ပြုံးနေသည်။ ကျွန်တော်က လင်းလက်ပြောနေသည်ကို ရယ်မောနေလိုက်သည်။ ကျွန်တော့်ဘဝမှာ အမှတ်တရဖြစ်ခဲ့ရသော အဖြစ်အပျက်တစ်ခု ဒီကျောင်းမှာ မွေးဖွားခဲ့သည်။ အတိတ်ကို ပြန်သတိရတော့ အဦးဆုံး ကျွန်တော့်ခေါင်းထဲဝင်လာတာ…လက်ျာ။

သူဘယ်မှာလဲ…။

လက်ျာကို တစ်ယောက်ယောက်များ တွေ့မိသလားဟု တစ်ယောက်ပြီးတစ်ယောက်ကို မေးမြန်းရင်းဖြင့် ကျောင်းဝင်းကြီး၏ မျက်နှာစာဘက်ကို ရောက်လာခဲ့သည်။ သံလမ်းဘက်သို့ ငေးနေသော လူတစ်ဦးအနီး ကျွန်တော် ချဉ်းကပ်သွားသည်။

”ဟိတ်…ဘာတွေ…တွေးနေလဲ”

ကျွန်တော့် အသံကြောင့် လက်ျာ လှည့်ကြည့်သည်။

”ဪ…ဝိုင်…ဘာမှ မဟုတ်ပါဘူး။ ကိုယ် ဒီနေရာလေးကို အမြဲလာနေကျပဲလေ။ အခုလည်း ဆရာ၊ ဆရာမတွေကို ကန်တော့ပြီး ဒီဘက်ကို ထွက်လာတာ”

လက်ျာ ကျွန်တော့် ပခုံးကိုလှမ်းဖက်ရင်း စကားစဖို့ပြင်သည်။

”ကိုယ်…”

ကျွန်တော် သူ့ကို စောင်းကြည့်ရင်း

”ပုံပြင်တစ်ပုဒ် ပြောဦးမလို့လား” ဟု စသည်။ သူပြုံးရယ်သည်။

”ဘယ်တော့မှ မရိုးမယ့် ပုံပြင်ပေါ့ ဝိုင်ရယ်”

ကျွန်တော်တို့နှစ်ဦး ဘောလုံးကွင်းကိုဖြတ်၍ လက်ချင်းချိတ်လျှောက်လာကြသည်။ အာစရိယပူဇော်ပွဲပြုလုပ်ရာ ခန်းမအနားအရောက်တွင် ကျွန်တော်က လက်ျာအား

”ဟိုမှာ…လင်းလက်” ဟု ညွှန်ပြသည်။ သူကြည့်ရင်း မျက်နှာမသိမသာ ရှုံ့သွားသည်။

”အဲဒီ ဖက်တီးမကြီးက လင်းလက်လား”

”အင်းလေ။ ဘာတုန်း။ မမှတ်မိတော့ဘူးလား။ ငယ်ငယ်တုန်းက သူပဲ မေတ္တာစာတွေ ပေးပြီးတော့”

လက်ျာ ရယ်ပါသည်။

”လူမှားပေးတာ” ဟု ပြောတော့ ကျွန်တော်တို့ ရယ်ကြသည်။

”ဘာတွေ သဘောကျနေကြသလဲ ဒီနှစ်ယောက်”

”ဟာ…ဆရာကြီး…ဘာမှမဟုတ်ပါဘူးဗျ။ ငယ်ငယ်က အကြောင်းတွေပြောရင်း ရယ်နေကြတာပါ”

”အေးကွယ် ငါ့တပည့်တွေ အခုကျတော့လည်း ဆရာဝန်ကြီးတွေဖြစ်လို့ လက်ျာလည်း ဆေးကျောင်းဝင်သွားတာ အံ့ဩစရာပဲ…ဒီကောင်က…ငယ်ငယ်က လူမိုက်။ သားတို့တွေ ဆေးကျောင်းမှာ ပြန်တွေ့ကြတာလား”

ကျွန်တော်တို့ နှစ်ဦးပြိုင်တူ ခေါင်းညိတ်ကြသည်။ (အမှန်တော့ ဆေးကျောင်းမရောက်ခင် အဖြစ်အပျက်များသည် ပုံပြင်ဇာတ်လမ်းတစ်ပုဒ်သဖွယ် ရှိခဲ့သေးသည်။)

လက်ျာ၏ ဆန္ဒမပါဘဲ လင်းလက်နှင့် ဓာတ်ပုံရိုက်ရန် ကျွန်တော်ကြိုးစားခဲ့သည်။ လင်းလက်ကို အလယ်မှာထား၍ ကျွန်တော်တို့နှစ်ဦးက ဘေးတစ်ဖက်တစ်ချက်စီရပ်ကာ ဓာတ်ပုံမှတ်တမ်းတင်ခဲ့သည်။

နောက်နှစ် အာစရိယပူဇော်ပွဲကိုလည်း ”အလုပ်မအားချင်နေ လာပါဟယ်” ဟု ဒေါ်လင်းလက်မှ ကျွန်တော်တို့ကို ပြောသည်။

”ဒီအချိန်လေးပဲ ဆရာ၊ ဆရာမတွေ၊ သူငယ်ချင်းဟောင်းတွေနဲ့ ပြန်ဆုံရတာ လာမှာပေါ့ဗျာ” ဟု ကျွန်တော်က ပြန်ပြောလိုက်သည်။

”ဟဲ့…နင်တို့ အခုနက ရိုက်တဲ့ပုံ Facebook ပေါ် မတင်နဲ့နော်… ငါ့ ယောက်ျား တစ်မျိုးထင်နေမယ်”

”စိတ်ချပါဗျာ…လုံးဝ မတင်ဘူး… စိတ်ချ…စိတ်ချ” ဟု လက်ျာက အားရပါရ ပြောသည်။ ဒေါ်လင်းလက်ကတော့ မျက်စောင်းထိုးသည်။
အချိန်စက်ဝိုင်းများ တရွေ့ရွေ့လှည့်ပတ်မှုမှာ ကျွန်တော်တို့တွေ ပုံသဏ္ဌာန်မျိုးစုံဖြင့် ဘဝခရီးကို ဖြတ်သန်းကြသည်။ ကျွန်တော်တို့ ဆုံးရှုံးခဲ့ရတာများရှိမည်။ ပိုင်ဆိုင်လိုက်ရခြင်းများလည်းရှိသည်။ စိတ်လှုပ်ရှားစရာ အခိုက်အတန့်များနှင့်လည်း တွေ့ကြုံရမည်။ မည်သို့ပင်ဖြစ်စေ ဖြတ်သန်းခဲ့ရသမျှ အမှတ်တရများအဖြစ် ကျန်ရစ်ခဲ့မည်သာဖြစ်သည်။

ဒဏ္ဍာရီဆန်သော အဖြစ်အပျက်များ၊ ရှေးရှေးက ဖြစ်ရပ်များကို ပုံပြင်အဖြစ် မှတ်တမ်းတင်ပြီး ကျွန်တော်တို့ အမှတ်တရပြောကြသည်။ ဘဝသည် အနာဂတ်ခရီးအတွက် ကြိုမသိနိုင်သော်လည်း ပုံပြင်များ၏ အတော်များများ အဆုံးသတ်သကဲ့သို့ ”အသက်ထက်ဆုံး ပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း” ဟူသော ဘဝမျိုးပိုင်ဆိုင်လိုပါသည်။

အာစရိယပူဇော်ပွဲမှအပြန် ကားပေါ်တွင် အတွေးနယ်ချဲ့လာသော ကျွန်တော့်ကို လက်ျာ ကားမောင်းရင်းငဲ့ကြည့်သည်။ အကြည့်ချင်းဆုံသွားချိန်တွင် တစ်ဦးကို တစ်ဦးပြုံးပြလိုက်သည်။ ငယ်ငယ်က စာသင်ကျောင်းလေးသည် ဟိုးအဝေးမှာ ကျန်ခဲ့ပြီဆိုသော်လည်း ကျောင်းတုန်းက (အဖြစ်အပျက်) ပုံပြင်လေးတစ်ပုဒ်အကြောင်း ကျွန်တော်ရော လက်ျာပါ အမြဲတမ်းတွေးနေမိမည်မှာ သေချာနေလေသည်။

ပြီး

ဝိုင်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.