ပရိသတ်စိတ်ဝင်စားမှု မြင့်တက်လာတဲ့ Transgender မိတ်ကပ်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲ

မြန်မာနိုင်ငံဆရာဝန်အသင်းမှ အသက်(၇၅) နှစ်နှင့်အထက် ဆရာဝန်ကြီးများအား ပူဇော်သည့် ရန်ပုံငွေပွဲတွင် Transgender မိတ်ကပ်အနုပညာရှင်များမှ အခမဲ့ပါဝင်ဖျော်ဖြေပေးခဲ့တယ်လို့ သိရပါတယ်။

ထိုပွဲကို အမျိုးသားကဇာတ်ရုံတွင် ဇွန်လ (၂၃)ရက် ညနေ(၆)နာရီခွဲမှ စတင်ကျင်းပခဲ့ပြီး မိတ်ကပ်အလှဖန်တီးရှင် (၂၀) ကျော်မှ အဖွဲ့ (၁၂)ဖွဲ့ဖြင့် ကပြဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

“ဆရာဝန်အသင်း သက်ကြီးပူဇော်ပွဲမှာ မိတ်ကပ်ဖန်တီးရှင်တွေကို ဖျော်ဖြေမှုတစ်ရပ်အနေနဲ့ တာဝန်ပေးတာပေါ့။ ပိုင်ပိုင်တို့က အခမဲ့ ပါဝင်ပေးကြတာပါ။ အင်္ဂလိပ်သီချင်းတစ်ပုဒ်မှာ မိတ်ကပ်ပညာရှင် (၂၂) ယောက်ပေါ့။ ရွှေရောင်ဝတ်စုံတွေနဲ့ ဖျော်ဖြေကြတယ်။ လူငယ်မိတ်ကပ်အလှဖန်တီးသူတွေ အကုန်လုံးပါတယ်။ နောက်ထပ် ယိုးဒယားသီချင်းတစ်ပုဒ်နဲ့ မိတ်ကပ်မေသန်း ပါတယ်။ ဒီဇိုင်နာ မြတ်စိုးအောင်တို့လည်း ပါတယ်” လို့ မိတ်ကပ်အလှဖန်တီးရှင်များအဖွဲ့မှ အဖွဲ့ဝင် မိတ်ကပ်အနုပညာရှင် ပိုင်ပိုင်က ပြောပါတယ်၊၊

အဆိုပါ မိတ်ကပ်အလှဖန်တီးရှင်တွေရဲ့ ဖျော်ဖြေမှုကို ပရိသတ်များမှ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြပြီး ယခင်ထက် LGBT တွေရဲ့ ဖျော်ဖြေမှုကို ပရိသတ်အားပေးမှု များလာတယ်လို့လည်း မိတ်ကပ်အနုပညာရှင် ပိုင်ပိုင်က ပြောပါတယ်။

“အရင်ကဆို မိတ်ကပ် Artist တွေဆို လူတွေက လှောင်ပြောင်မှုတစ်ရပ်အနေနဲ့ အမြင်နဲ့ပဲ ကြည့်ပြီး မြင်ထားကြတယ်။ အခုကျတော့ LGBTတွေကို နေရာလည်း ပေးလာပြီ။ ဒီလိုပွဲလမ်းသဘင်တွေလည်း စီစဉ်ပြီးကျင်းပခွင့်ရလာပြီ။ ပရိသတ်တွေကလည်း ပိုင်ပိုင်တို့ကို မိတ်ကပ်သမားတွေဆို ချစ်လာကြပြီ”ဟု ၄င်းက ပြောပါတယ်၊၊

ဖျော်ဖြေပွဲမှာ မိတ်ကပ်ကိုမာ၊ မိတ်ကပ်စိုးစိုး၊ မိုးကြိုးငှက်ငယ်လေးများအဖွဲ့မှ မိတ်ကပ်စောနန္ဒာ၊ သော်သော်မြင့်မိုရ်၊ လှပိုပို၊ မိတ်ကပ် ညီညီမောင်(စမ်းချောင်း)၊ မိတ်ကပ် ပိုင်ပိုင်၊ မိတ်ကပ်မေသန်း၊ ဒီဇိုင်နာ မြတ်စိုးအောင်နှင့် ကြယ်စင်လင်းအစရှိတဲ့ အလှဖန်တီးရှင် (၁၂)ဖွဲ့မှ အပျိုတော်ယိမ်းအက၊ ယိုးဒယားသီချင်းနှင့် အက၊ ရှေးခေတ်မြန်မာသီချင်းများနှင့် အိန္ဒိယသီချင်းများကို တေးသရုပ်ဖော်အကတို့နဲ့ ဖျော်ဖြေခဲ့ကြပါတယ်၊၊

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.