အပြာကားတွေကပေးတဲ့ ပြဿနာ (၇) ချက်

ဒီတစ်ပတ်တော့ ဆယ်ကျော်သက်လူငယ်တွေ သိချင်ကြတဲ့၊ အိမ်ထောင်ရှင်ယောက်ျားတွေလည်း ကြုံနေရနိုင်တဲ့ အပြာကားတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတစ်ခုကို ပြောပြချင်ပါတယ်။

ရာနှုန်းပြည့်တော့ မပြောလိုပေမယ့် ယောက်ျားလေး ၁၀ဝ မှာ ၉၉ ယောက်ဟာ အပြာကားတွေ ကြည့်ဖူးကြတယ်။ ဆယ်ကျော်သက်အရွယ်ရောက်လာပြီ၊ လူပျိုဖော်ဝင်လာပြီဆိုရင် သူငယ်ချင်းတွေကြားထဲ အပြောဖြစ်ဆုံး အကြောင်းအရာက အဲဒီကားတွေအကြောင်းပဲ။ တစ်ယောက်နဲ့တစ်ယောက် အခွေတွေငှားကြ၊ အိမ်ကမသိအောင် ခိုးကြည့်ကြ။ အခုခေတ်ကတော့ အင်တာနက်ကတစ်ဆင့် ကြည့်လို့ရလာတယ်။ ပိုပြီးလည်း ကြည့်ရလွယ်ကူလာတယ်ပေါ့။

ဆိုလိုတာက ဒါကိုမကြည့်အောင်တားဖို့ဟာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ ကြည့်ကြတာပဲ။ ဒီလိုကြည့်တာက အပြစ်လို့လည်း မယူဆဘူး။ ဆယ်ကျော်သက်အရွယ်တွေမှာဆို ကြည့်ပြီးတိုင်း အပြစ်ကြီးတစ်ခု ကျူးလွန်လိုက်သလို ခံစားမိနေတတ်ကြတယ်။ ပြင်းပြင်းထန်ထန် ပုံစံမျိုးတွေ၊ သဘာဝမဟုတ်တဲ့ ပုံစံမျိုးတွေနဲ့ ဆက်ဆံပြနေတာမျိုး ကြည့်လိုက်ရရင် ပိုတောင်ဆိုးသေး။ အဲ့လို ကြည်ပြီးရင်လည်း တစ်ကိုယ်ရည်အာသာဖြေကြတယ်။ ဒါလည်း အမှားမဟုတ်သေးပြန်ဘူး။ ဒါပေမဲ့ ဒီလိုအပြာကားတွေကို စွဲလမ်းတဲ့အထိ ဖြစ်လာရင်တော့ ပြဿနာရှိပြီ။
ဒါတွေပဲ အမြဲကြည့်ချင်နေတယ်။ ပညာရေးမှာ၊ အလုပ်အကိုင်မှာ ထိခိုက်လောက်တဲ့အထိ ဖြစ်နေတယ်၊ ဒါဆိုရင်တော့ သတိထားဆင်ခြင်ရတော့မှာ ဖြစ်ပါတယ်။

ဒီဆောင်းပါးမှာတော့ အဲ့လိုအပြာကားတွေကို ကြည့်ရင်းနဲ့ ဖြစ်လာနိုင်တဲ့ ပြဿနာတချို့အကြောင်းကို ပြောပြပါမယ်။

၁။ အရွယ်အစားကို သိမ်ငယ်မိမယ်

ယောက်ျားတစ်ယောက်ရဲ့ လိင်တံအရွယ်အစားက မျိုးရိုးဗီဇနဲ့လည်းဆိုင်ပါတယ်။ အာရှသားတွေနဲ့ အာဖရိကန်တို့ ဥရောပသားတို့နဲ့ အရွယ်အစားချင်းမတူနိုင်ကြပါဘူး။ နောက်ပြီး ဒီဇာတ်ကားတွေက လုံးဝပြည့်စုံနေတဲ့ အခြေအနေတစ်ရပ်ကို ရိုက်ပြထားတာဖြစ်လို့ အဲဒီထဲက သရုပ်ဆောင်တွေအတိုင်း အပြင်က ယောက်ျားတိုင်းရဲ့ အရွယ်အစားဟာ ရှိနေတာမဟုတ်ပါဘူး။ များသောအားဖြင့် ဆယ်ကျော်သက်အရွယ်မှာ အဲ့လိုကားတွေ ကြည့်ပြီးရင် ကိုယ့်အရွယ်ကိုယ် သိမ်ငယ်နေမိတတ်တယ်။ တစ်ချိန်ကျ ကိုယ့်ကောင်မလေး၊ ကိုယ့်အိမ်ထောင်ဖက်ကို ကျေနပ်မှုအပြည့်အဝမရမှာ စိတ်ပူနေမိတတ်တယ်။ တချို့ဆိုရင် ကြီးချင်ဇောနဲ့ ဂေါ်လီထည့်တာ၊ ဆေးထိုးတာတွေပါ လုပ်မိရော။ အဲဒါတွေက တစ်ချိန်ကျ ပြဿနာသိပ်ပေး တယ်။ လိင်တံကင်ဆာအထိ ဖြစ်နိုင်တယ်။

တကယ်တော့ မိန်းကလေးတစ်ယောက်ရဲ့ ပြင်ပလိင်အင်္ဂါကနေအထဲက သားအိမ်ခေါင်းအထိကို မိန်းမကိုယ်လို့ခေါ်တယ်။ ပျမ်းမျှအားဖြင့် အဲဒါက လေးလက်မလောက်ရှည်ပါတယ်။ ဆက်ဆံရင် သားအိမ်ခေါင်းကအပေါ်ကို တက်သွားတာမို့ အနည်းငယ် ပိုရှည်သွားပေမယ့် သိပ်ပြီးမကွာခြားပါဘူး။ ဒီတော့ ယောက်ျားတစ်ယောက်ရဲ့ လိင်အင်္ဂါက ငါးလက်မလောက်ဆိုရင်ကို လုံလောက်ပြီ ဖြစ်ပါတယ်။ ယောက်ျားလေးအများစုမှာရှိတဲ့ ပျှမ်းမျှအရွယ်အစားကလည်း ဒီလောက်ပါပဲ။ ထောင်မတ်ချိန်မှာ သုံးလက်မထက် နည်းနေသူကိုသာ အရွယ်သေးတယ်လို့ သတ်မှတ်တာ ဖြစ်ပါတယ်။ ဒါကလည်း အင်မတန်ရှားပါတယ်။ နိုင်ငံတကာမှာ လုပ်ထားတဲ့စစ်တမ်းတွေအရလည်း အမျိုးသမီးတွေရဲ့ (၉၃) ရာခိုင်နှုန်း size doesn’t matter အရွယ်အစားက အရေးမကြီးပါဘူးလို့ ဖြေဆိုထားကြပါတယ်။ ဒါကြောင့်မို့ အပြာကားတွေထဲကအတိုင်း မဖြစ်လို့ဆိုပြီး သိမ်ငယ်နေစရာမလိုသလို၊ ဂေါ်လီထည့်တာ၊ ဆေးထိုးတာတွေလည်း လုပ်စရာမလိုပါဘူး။

၂။ ငါကျ သိပ်လည်း မကြာပါလား

ဒါကလည်း အရွယ်အစားလိုပါပဲ။ ဒီဗွီဒီယို နာရီဝက်စာလောက်လေးကိုရဖို့ သူတို့က ၃-၄ ရက်လောက် အချိန်ယူရိုက်ထားတာပါ။ သေချာစနစ်တကျ ပြင်ဆင်ပြီးမှ ရိုက်ကူးတာမို့လို့ အဲဒီထဲမှာ ကြာနေတဲ့အတိုင်း ကိုယ်လည်း အဲ့လောက်ဖြစ်ရမယ်လို့ တွေးနေစရာမလိုပါဘူး။

လူမျိုးတစ်မျိုးနဲ့တစ်မျိုး ကွာခြားမှုအပေါ်မူတည်ပြီး ယောက်ျားတစ်ယောက်ရဲ့ လိင်ဆက်ဆံချိန်က ၃၀ စက္ကန့်ကနေ ၄ မိနစ်ထိ ကြာတယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်း ပညာရှင်အများစုကတော့ ယောက်ျားတစ်ယောက်ဟာ နှစ်မိနစ်တောင်မကြာဘဲ သုက်ထွက်သွားတယ်ဆိုမှ အဲဒါကို သုက်လွှတ်မြန်ခြင်း (Premature Ejaculation) လို့ သတ်မှတ်ထားကြပါတယ်။ ဒါကြောင့်မို့ အပြာကားတွေထဲက ကြာချိန်အတိုင်း ဖြစ်စရာမလိုဘဲ ကိုယ့်စံချိန်နဲ့ ကိုယ်ကျေနပ်နေလို့ရပါတယ်။

၃။ စွဲလမ်းတတ်လာမယ်

အရေးကြီးတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဒီအပြာကားတွေဟာ စိတ်ကို စွဲလမ်းစေပါတယ်။ ကြည့်ရင်းကြည့်ရင်းနဲ့ မကြည့်ရရင် မနေနိုင်တော့တဲ့အထိ ဖြစ်လာတယ်။ သူ့ရဲ့သဘောကကြည့်ပြီး သားကိုလည်း ထပ်ကာထပ်ကာ ပြန်ကြည့်ဖြစ်တာမျိုး သိပ်မရှိဘဲ ရိုးသွားတတ်တာကိုး။ ဒီတော့ ကြည့်လေ ထပ်ကြည့်လေ အသစ်တွေရှာမိလေ ဖြစ်တတ်ပါတယ်။ ပြောခဲ့သလိုပဲ၊ ကြည့်တာက ပြဿနာမရှိပေမယ့် စွဲလမ်းတဲ့အထိ ဖြစ်နေရင်တော့ ကိုယ့်အတွက် အဆင်မပြေနိုင်ပါဘူး။

နောက်ပြီး သူတို့အားလုံးနီးပါးဟာ ချောမောလှပနေတယ်။ Sexy ဖြစ်တယ်။ ကိုယ်က ရင်သားကြီးကြီး ကြိုက်တယ်ဆို အဲ့လိုမင်းသမီးတွေချည်း ရွေးချယ်ကြည့်လို့ရတယ်၊ ရင်သားသေးတာဆိုလည်း ရွေးကြည့်လို့ရတယ်။ ဒါပေမဲ့ ကိုယ့်အိမ်ထောင်ဖက်ကျတော့ အဲ့လိုရွေးချယ်လို့မရဘူး။

၄။ အပြင်မှာ အဲဒီအတိုင်းဖြစ်နေမယ် မယူဆနဲ့

ဒီကားတွေက ဖျော်ဖြေရေးသက်သက် ရိုက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆရာမနဲ့ ကျောင်းသား၊ အိမ်အကူနဲ့ အိမ်ရှင်၊ သူငယ်ချင်းအမေနဲ့ ဖြစ်တာစသဖြင့် ဇာတ်လမ်းအစုံ ရှိပါတယ်။ ဒါတွေကိုကြည့်ပြီး အပြင်မှာလည်း အဲဒီအတိုင်း ဖြစ်လိမ့်မယ်လို့ထင်ရင်၊ ဖြစ်ချင်လာရင် ကိုယ့်ကို လူမှုရေးပြဿနာတွေ အများကြီးပေးပါလိမ့်မယ်။ ပိုဆိုးတာက ကြမ်းကြမ်းတမ်းတမ်း ပြုမူထားတာတွေကိုကြည့်ပြီး လိုက်လုပ်မိရင် အဓမ္မပြုကျင့်မှုအထိ ဖြစ်သွားနိုင်တာမျိုးရှိပါတယ်။ ဒါကြောင့် ဒီဇာတ်ကားတွေဟာ ဖျော်ဖြေရေးသက်သက်ဆိုတာကို မေ့ထားလို့မရပါဘူး။

၅။ တကယ့်အဖော်ကို စိတ်မရှိတော့တာ

ဒီဇာတ်ကားထဲကသရုပ်ဆောင် အမျိုးသမီးတွေဟာ အမြဲတမ်းဆက်ဆံဖို့ အသင့်ဖြစ်နေကြတယ်။ နူးနှပ်တာမျိုး သိပ်လုပ်နေစရာမလိုဘူး။ ပုံစံမျိုးစုံနဲ့ လည်း ဆက်ဆံပြလိမ့်မယ်။ ပွင့်ပွင့်လင်းလင်း စိတ်ပါလက်ပါကို သရုပ်ဆောင်ပြနေတယ်။ အဲဒါမျိုးကို ကိုယ့်ဆက်ဆံဖက်ဆီက မျှော်လင့်မိတတ်တယ်။ တကယ်တမ်း ပုံမှန်အမျိုးသမီးတစ်ယောက်ဆီကတော့ ဒါမျိုးမျှော်လင့်ဖို့ခက်မယ်။ အဲဒီအပြင် မြန်မာနိုင်ငံက အမျိုးသမီးတွေလိုဆိုရင် အရှက်အကြောက်လည်းကြီး၊ ပွင့်လင်းမှုလည်း မရှိကြတော့ ပိုဆိုးနိုင်တယ်။

နောက်ပြီး သူတို့အားလုံးနီးပါးဟာ ချောမောလှပနေတယ်။ Sexy ဖြစ်တယ်။ ကိုယ်က ရင်သားကြီးကြီး ကြိုက်တယ်ဆို အဲ့လိုမင်းသမီးတွေချည်း ရွေးချယ်ကြည့်လို့ရတယ်၊ ရင်သားသေးတာဆိုလည်း ရွေးကြည့်လို့ရတယ်။ ဒါပေမဲ့ ကိုယ့်အိမ်ထောင်ဖက်ကျတော့ အဲ့လိုရွေးချယ်လို့မရဘူး။

အဲဒီလိုနဲ့ ကြည့်ပါများလာတဲ့အခါ ဇာတ်ကားထဲက မင်းသမီးတွေကိုပဲ စွဲလန်းလာတယ်။ စိတ်ကူးတွေယဉ်လာတယ်။ ပြင်ပက တကယ့်အဖော်နဲ့ကျ စိတ်မပါတော့ဘူး။ အတူမနေချင်တော့ဘူး။ ဒီအခါ အိမ်ထောင်ရေးမှာပါ ပြဿနာပေးလာနိုင်ပါတယ်။

၆။ ကိုယ့်အဖော်ရဲ့ဆန္ဒကို ထည့်မတွက်မိတော့ဘူး

ဒီကားတွေက များသောအားဖြင့် ယောက်ျားပရိသတ်ကို ဦးတည်တယ်။ ဒီတော့ ယောက်ျားဗဟိုပြု ရိုက်ကူးထားတာများတယ်။ ဒါမှကြည့်တဲ့ ယောက်ျားလေးက ကြိုက်မှာကိုး။ ဒါကြောင့် ဒီလိုအပြာကားအများစုမှာ ယောက်ျားရဲ့ လိုအင်ဆန္ဒကိုသာ မိန်းမကဖြည့်ပေးရတဲ့ပုံစံ ဖြစ်နေတာများတယ်။

တကယ်တမ်းမှာတော့ လိင်ဆက်ဆံတယ်ဆိုတာ အမျိုးသား အမျိုးသမီးနှစ်ဦးလုံးရဲ့ ဆန္ဒပြည့်မြောက်ဖို့ အတူပူးပေါင်းလျှောက်လှမ်းရတဲ့ ခရီးတစ်ခုဖြစ်တယ်။ အပြန်အလှန်လေးစားမှုထားရတယ်။ သူ့စိတ်ဆန္ဒကို လေးစားပေးရတယ်။ သူစိတ်ပါလာသည်အထိ နူးနှပ်ရတာမျိုးတွေ လုပ်ပေးရတယ်။ ဒီလိုအပြာကားတွေကို အကြည့်များခဲ့တဲ့ ယောက်ျားတစ်ယောက်ကတော့ အဲ့လိုမျိုးတွေ ပြုမူသဘောထားတာတွေ နည်းတယ်။ သူ့ရဲ့အတွေးမှာကိုက သူ့ဆန္ဒပြည့်ဝဖို့သာ အဓိကဆိုတာမျိုးဖြစ်နေတတ်တယ်။ ဒီတော့ အိမ်ထောင်ရေးအဆင်မပြေတာတွေ ရှိလာနိုင်တာပေါ့။

၇။ သုက်လွှတ်မြန်လာမယ်

အဲလို အကြည့်များတဲ့သူတွေမှာ တွေ့ရတတ်တာ တစ်ခုကတော့ သုက်လွှတ်မြန်တာပဲ။ ဒီကားတွေ ကြည့်နေရင်းနဲ့တစ်ချိန်တည်းမှာ သူ့ဟာသူ အာသာဖြေနေတယ်။ အဲဒီအခါ ခံစားဖို့ထက် မြန်မြန်ပြီးဖို့ကို တွန်းလုပ်တယ်။ ဆယ်ကျော်သက်တွေဆို မိဘမိသွားမှာလည်း ကြောက်တာကိုး။ အဲဒီလိုနဲ့ သူ့ရဲ့ ခန္ဓာကိုယ်တုံ့ပြန်မှုက မြန်မြန်ပြီးသွားဖို့ပဲ အလေ့အကျင့် ဖြစ်လာတယ်။ ဒါက ဆယ်ကျော်သက်မှာ မသိသာပေမယ့် နောင်တစ်ချိန် အိမ်ထောင်ကျတော့ တော်တော်အဆင်မပြေတော့ဘူး။

အနှစ်ပြန်ချုပ်ရရင်တော့ အပြာကားကြည့်တယ်ဆိုတာ ယောက်ျားလေးတစ်ယောက်အတွက် ဆန်းကြယ်တဲ့ကိစ္စတော့ မဟုတ်သလို အပြစ်လည်း မဟုတ်ဘူး။ အဓိကကတော့ ဒီလိုကြည့်ခြင်းကြောင့် ကိုယ့်မှာနောက်ဆက်တွဲ ပြဿနာတွေ ဖြစ်မလာစေဖို့ပါပဲ။ ဒါကြောင့်လည်း အပြာကားတွေကပေးတဲ့ ပြဿနာတွေကို နားလည်သဘောပေါက်ထားမယ်ဆိုရင် ကြိုတင်ရှောင်ရှားနိုင်၊ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်မှာလည်း ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.