၂၀၁၇ ခုနှစ်အတွင်း ထွက်ရှိခဲ့သော LGBT ဇာတ်ကားများ

ရုပ်ရှင်အညွှန်းကဏ္ဍမှာ အရင်လတွေတုန်းက တစ်ကားဆိုတစ်ကား ဝေဝေဆာဆာလေး ဖော်ပြပေးရာကနေ အသစ်အဆန်းနဲ့ ရသတွေ ပိုစုံနိုင်အောင်လို့ ဇာတ်ကားခပ်များများလေးကို တစ်ပြိုင်နက်တည်း ဖော်ပြပေးချင်ပါတယ်။ ဒီလိုဖော်ပြတဲ့ နေရာမှာလည်း စိတ်ကူးအသစ်လေးတွေ ကွန့်မြူးနိုင်အောင်လို့ ၂၀၁၇ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးတွေကို အက္ခရာစဉ်အတိုင်းစီပြီး ညွှန်းပြပေးနိုင်အောင် ကြိုးစားပြီးတင်ပြသွားပါ့မယ်။ ဒီလမှာတော့ A,B,C,D,E (၅)ကားကို ညွှန်းဆိုပြောပြပေးချင်ပါတယ်။ အဲဒီဇာတ်ကားတွေကတော့ . . .

A Fantastic Woman

ဇာတ်လမ်းကျောရိုးကို ပြောပြရရင်တော့ Transwoman ဖြစ်တဲ့ Marina ဟာ ချစ်သူ Orlando နဲ့ သူမရဲ့ မွေးနေ့ပွဲလေးကျင်းပဆင်နွှဲပြီး အဲဒီညမှာပဲ Orlando ဟာ ရုတ်တရက်ကွယ်လွန်သွားခဲ့တာကြောင့် ဇနီးဟောင်း၊ သားသမီးတွေနဲ့ ဆွေမျိုးသားချင်းတွေက အထင်လွဲစွပ်စွဲခံရမှုနဲ့ ပြဿနာမျိုးစုံ ကြုံတွေရတာတွေကို ရိုက်ကူးပုံဖော်ထားတာပါ။ ဒီဇာတ်လမ်းလေးက Oscar မှာရော Golden Globe မှာပါ Best Foreign Language Film ဆု ရရှိထားပါတယ်။ နောက်ပြီး Marina နေရာမှာ ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့တဲ့ Daniela Vega ဟာ အပြင်မှာ တကယ့် Transgender တစ်ယောက် ဖြစ်ပါတယ်။ Chilli နိုင်ငံရဲ့ ဂုဏ်ဆောင်ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။

Beach Rats

ဇာတ်လမ်းကတော့ Brooklyn က ဆယ်ကျော်သက်ကောင်လေးတွေအကြောင်းကို ဇာတ်အိမ်ဖွဲ့ ပုံဖော်ထားတာ ဖြစ်ပါတယ်။ Brooklyn က ကောင်လေးတစ်စုဟာ လမ်းပေါ်လေလွင့်ပျက်စီးနေပြီး မူးယစ်ဆေးဝါးတွေကို စိတ်တိုင်းကျ သုံးစွဲပျော်ပါးနေကြပါတယ်။ သူတို့အဖွဲ့ထဲက Frankie ဆိုတဲ့ ကောင်လေးဟာ သန်းခေါင်ကျော်အချိန်တွေမှာ မူးယစ်ဆေးတွေ သုံးစွဲနိုင်ဖို့ Gay Dating Site တွေထဲဝင်ပြီး အသက်ကြီးကြီးလူတွေကို တိတ်တဆိတ် တွေ့လေ့ရှိပါတယ်။ ဝေဖန်မှုတွေ ဆူဆူညံခဲ့တဲ့ စိတ်ဝင်စားစရာ အလှုပ်ဇာတ်ကားလေးတစ်ကားလို့ ပြောပြချင်ပါတယ်။

Call Me By Your Name

၁၉၈၃ ခုနှစ်ရဲ့နွေရာသီမှာ အီတလီမြောက်ပိုင်း ကျေးလက်ဒေသလေးက ၁၇ နှစ်အရွယ်ကောင်လေး Elio နဲ့ Archaeology ပါမောက္ခဖြစ်တဲ့ Eilo ရဲ့ ဖခင်က သုတေသနစာတမ်းပြုစုရာမှာ ကူညီပေးဖို့ ဖိတ်ခေါ်မှုနဲ့ ရောက်လာခဲ့တဲ့ Oliver တို့ရဲ့ ချစ်ကြိုးသွယ်ငြိတဲ့ ဇာတ်လမ်းလေးပါ။ နာမည်နဲ့လိုက်အောင် Romantic ဖြစ်လွန်းတဲ့ ဇာတ်လမ်းလေးဟာ လူသိများအောင် မြင်ပြီးသားပါ။ ရုပ်ရှင်ထူးချွန်ဆုပေါင်း ၂၀ဝ နီးပါးအတွက် ဆန်ကာတင်စာရင်းဝင်နိုင်ခဲ့ပြီး Oscar အပါ အဝင်အခြားရုပ်ရှင် ထူးချွန်ဆု ၇၀ ကျော် ဆွတ်ခူးရရှိထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။

Dating My Mother

Single Mother တစ်ယောက်နဲ့ သူ့ရဲ့ Gay ဖြစ်နေတဲ့ သားအကြောင်းလေးကို ဟာသနှောပြီး ရိုက်ကူးထားတာပါ။ Online Dating တွေနဲ့ ရှုပ်ထွေးရောနှောနေတဲ့ သားနဲ့အမေတို့ရဲ့ ဆက်ဆံရေးအကြား သမားရိုးကျမဟုတ်တဲ့ ဖြစ်ရပ်အဖုအထစ်တွေကို ဟာသဆန်ဆန် ပေါ့ပေါ့ပါးပါး တင်ဆက်ထားတာပါ။ ဇာတ်မြူးလေးပါပဲ။ ၂၀၁၇ နှစ်အတွင်း လူကြိုက်များ၊ လူပြောများခဲ့တဲ့ ဇာတ်ကားတွေထဲက တစ်ကားပါ။

Everything is Free

ပန်းချီဆရာ Ivan ဟာ သူ့ညီ Cole (Gay မဟုတ်ဘူးလို့ သူ့ကိုယ်သူ သတ်မှတ်ပြောဆိုနေတဲ့) နဲ့အတူ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း Christian ဆီကို သွားလည်ပတ်ရင်း လမ်းတစ်လျှောက်ဖြစ်ပျက်ခဲ့တာတွေဟာ Christian ဆီ ရောက်သွားတဲ့အချိန်အထိ အဆင်ပြေနိုင်မလားဆိုတာလေးကို ဟာသ၊ ဒရာမာဆန်ဆန်လေး ရိုက်ကူးထားတာပါ။ သူတို့ပြောတာလေးကတော့ နှစ်တွေကြာလာရင် အချစ်စစ်က အရာရာကို သိမ်းပိုက်သွားတာပါပဲတဲ့။ Brian Jordan Alvarez ဟာ ကိုယ်တိုင်ရေးတဲ့ ဇာတ်လမ်းကို သူကိုယ်တိုင် Director လုပ်ထားပြီး သူကိုယ်တိုင်က Ivan နေရာမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းပုံစံမျိုးလေးမို့ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

For The People Like Us
Salai Leo

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.