(၇၁)နှစ်ပြည့် အာဇာနည်နေ့မှာ Colors Rainbow အဖွဲ့ကဦးဆောင်ပြီး LGBT တွေက ဝန်ကြီးများရုံးကို လာရောက်ကြတဲ့ မိဘပြည်သူတွေကို မုန့်နဲ့အအေး ဒါနပြု

(၇၁) နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားမှာ ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံးသို့ လာရောက်ဂါရဝပြု လေ့လာကြတဲ့ ရဟန်းရှင်လူ မိဘပြည်သူများနဲ့ ကျောင်းသား ကျောင်းသူတွေကို Colors Rainbow အဖွဲ့ကဦးဆောင်ပြီး LGBT လူငယ်များ က မုန့်နဲ့ အချိုရည်များ ဝေငှခဲ့ကြပါတယ်။

“ဒီနေ့ဟာ မြန်မာနိုင်ငံနဲ့ ကျွန်တော်တို့အားလုံးအတွက် ဝမ်းနည်းစရာကောင်းတဲ့နေ့ပေါ့။ ဒီလိုနေ့မှာ ကျွန်တော်တို့ LGBT တွေဟာလည်း အများပြည်သူနဲ့ ထပ်တူထပ်မျှ ဖြစ်ရပါတယ်။ ဒါကြောင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီး တွေကို ရည်စူးပြီးတော့ ဒါနပြုတဲ့သဘောနဲ့ LGBT တွေ တွေ စုပေါင်းပြီး ဝန်ကြီးများရုံးမှာ လာရောက်လေ့လာကြတဲ့ မိဘပြည်သူတွေကို မုန့်တွေ၊ အချိုရည်တွေ လာရောက်ဝေငှတာ ဖြစ်ပါတယ်” လို့ Colors Rainbow မှ ကိုသားကိုက ပြောပါတယ်။

ထို့အပြင် ဇူလိုင်လ (၁၉) ရက်မှာကျရောက်တဲ့ (၇၁) နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားမှာ ရန်ကုန်မြို့က LGBT တွေအပြင် မြန်မာနိုင်ငံအနှံ့အပြားမှာရှိကြတဲ့ LGBT တွေဟာလည်း စုပေါင်းပြီး အလှူဒါနတွေ ပြုလုပ်ခဲ့ကြပြီး ချီတက်ဂါရဝပြုခဲ့ကြပါတယ်။

“အကိုတို့ ရုံးကနေ မနက် (၉)နာရီကနေ စထွက်ပြီး လမ်းမတော်တစ်လျှောက် အာဇာနည်ဗိမာန်ကို ချီတက်တယ်။ အဖွဲ့တွေ အများကြီးရှိတယ်။ နိုင်ငံရေးပါတီဝင်တွေကောပေါ့။ တန်းစီရတယ်။ အကိုတို့အဖွဲ့က နောက်ရောက်နေတာကို ‘LGBT အဖွဲ့တွေ လာလာ’ ဆိုပြီး ရှေ့ဆုံးမှာ ထားပေးတဲ့အထိ အကုန်လက်ခံတဲ့အနေအထား ဖြစ်ခဲ့ရပါတယ်”လို့ ရွှေဘိုမြို့ Beauty Queen LGBT အဖွဲ့မှ ကိုအီတီက ပြောပါတယ်။

Beauty Queen LGBT အဖွဲ့ဟာ ရွှေဘိုမြို့မှာ ပြုလုပ်ခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားကို LGBT တွေ စုပေါင်းပြီး ပါဝင်ချီတက်ဖို့ ဦးဆောင်ခဲ့ပါတယ်။ အလားတူပင် ရှမ်းပြည်နယ် တောင်ကြီးမြို့မှာလည်း LGBT တွေ စုပေါင်းပြီး အာဇာနည်နေ့ အခမ်းအနားကို ချီတက်ဂါရဝပြုခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.