အမျိုးသမီးတွေကို နှိပ်ကွပ်တဲ့ပုံစံနဲ့ “ဖော်ကာချွတ်ကာ မျိုးဖျက်ပိုး”သီချင်း တေးသရုပ်ဖော် ရိုက်ကူးမှုကို LGBT တွေနဲ့ အမျိုးသမီးအဖွဲ့တွေ စုပေါင်းပြီး တိုင်းဒေသကြီး အစိုးရထံ အရေးဆိုတိုင်ကြားသွားမည်

မန္တလေးဈေးချိုတွင် အဆိုတော် အောင်သစ် (ခေါ်) ပေါ်ပေါ့ပေါ်ရဲ့ “ဖော်ကာချွတ်ကာ မျိုးဖျက်ပိုး” သီချင်းကို Transgender အမျိုးသမီးပုံစံဖြင့် MTV ရိုက်ကူးမှုဟာ လိင်တူချစ်သူ(LGBT)တွေ အပေါ်သာမက အမျိုးသမီးထုကြီး၏ အခွင့်အရေးကိုလည်း တားဆီးပိတ်ပင်ရာရောက်သဖြင့် တိုင်းဒေသကြီးအစိုးရထံသို့ တင်ပြသွားရန်ရှိတယ်လို့ မြန်မာလူငယ်ရေးရာကော်မတီ၊ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ် (မန္တလေးတိုင်းဒေသကြီး)မှ မစူးရှရှင်းသန့်က ဆိုလိုက်ပါတယ်။

“ဒီဗီဒီယိုက LGBT တွေကိုသာမက အမျိုးသမီးထုကြီးပေါ်မှာလည်း သက်ရောက်မှုရှိတယ်။ အမျိုး သမီးတွေအခွင့်အရေးကို တားဆီးပိတ်ပင်ရာမှာလည်း သက်ရောက်မှုရှိတာကြောင့် ကျွန်မအနေနဲ့ လုံးဝဆန့်ကျင်တယ်။ လူမှုကွန်ယက်မှာ ဘယ်လိုပဲ အမျိုးသမီးတွေကို မပေါ်စေချင်လို့ လုံစေချင်လို့ ရိုက်သည်ဖြစ်စေ ပြောသည်ဖြစ်စေ သရုပ်ဆောင်တွေက ဆန့်ကျင်ဘက်လိင်လို ဝတ်ဆင်နေတဲ့သူတွေအပေါ်မှာ သက်ရောက်စေတယ်။ LGBT လူတန်းစားတစ်ရပ်အပေါ် အခွင့်အရေးချိုးဖောက်ရာ ရောက်တယ်။ ဒါကြောင့် ဒီဗီဒီယိုကို အပြင်းအထန် ဆန့်ကျင်တယ်။ အခြားတတ်သိနားလည်တဲ့ ပညာရှင်တွေနဲ့ တိုင်းဒေသကြီးအစိုးရထံ စာပို့ဖို့အထိ လောလောဆယ်တိုင်ပင်ထားပါတယ်”ဟု မြန်မာလူငယ်ရေးရာကော် မတီ၊ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်(မန္တလေးတိုင်းဒေသကြီး)မှ Transgender အမျိုးသမီး
မစူးရှရှင်းသန့်က ပြောပါတယ်။

ထိုသို့ တိုင်းဒေသကြီးအစိုးရထံ စာပို့တင်ပြနိုင်ရန်အတွက် LGBT အခွင့်အရေးလှုပ်ရှားသူတွေအနေနဲ့ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့တိုင်ပင် ဆောင်ရွက်သွားမှာဖြစ်သလို အမျိုးသမီးအခွင့်အရေးလှုပ်ရှားနေတဲ့အဖွဲ့တွေက ပညာရှင်တွေဟာလည်း အခုလိုပညာပေးရိုက်ကူးရာမှာ အမျိုးသမီးတွေရဲ့အခွင့်အရေးကို အလေးထားသင့်တယ်လို့ ယခုလို သုံးသပ်ထားပါတယ်။

“အမျိုးသမီးတစ်ယောက်က မည်သို့ပင် ဝတ်စားဆင်ယင်စေကာမှု သူတို့ကို စခွင့်၊ အရှက်ခွဲခွင့်၊အကြမ်းဖက်ပိုင်ခွင့် မရှိဘူး၊ အဲဒီသီချင်းမှာ အဲဒီသတင်းစကား မပေးဘူးဆိုရင် မျှတမှုမရှိတဲ့ သီချင်းပဲ။ ဒီလိုဝတ်ရင် ဒီလိုအရှက်ခွဲခံရမယ်ဆိုတဲ့ သတင်းစကားတွေများ ပေးနေသလားပေါ့။ ဘယ်လိုပဲဝတ်ဝတ် စပိုင်ခွင့်မရှိဘူးဆိုတဲ့ သတင်းစကားကိုလည်း ပေးဖို့လိုတယ်။ စည်းကမ်းထိန်းသိမ်းဖို့ အကြောင်းပြပြီး သူတပါးရဲ့ လွတ်လပ်ခွင့်ကို ချိုးဖောက်တဲ့စည်းကမ်းထိန်းသိမ်းမှုကို ဘယ်နိုင်ငံကမှ လက်မခံဘူး။ မြန်မာနိုင်ငံက လက်ခံတယ်ဆိုရင်လည်း လူ့အခွင့် အရေးစံနှုန်းနဲ့ မကိုက်ညီသော ဆုံးမသွတ်သွင်းမှုတွေ ရှိနေပြီ ” Gender Consultant Alliance for Gender Inclusion in the Peace Process (AGTPP)မှ ကျား၊မရေးရာ ပညာရှင် ဒေါ်နန်းဖြူဖြူလင်းက ပြောပါတယ်။

“ကဗျာဆရာကြီး ဆန်းလွင်(မြန်မာစာ)ရဲ့“မျိုးဖျက်ပိုး” ကဗျာကို တေးဆို- အောင်သစ် (ပေါ်ပေါ့ပေါ်) က “ဖော်ကာချွတ်ကာ မျိုးဖျက်ပိုး” အမည်နဲ့ သီဆိုထားတဲ့ သီချင်းကို ဒါရိုက်တာဖြစ်သူ ဂီတမှူး ဦးပေါသျှံက လူရွှင်တော် ထင်ပေါ်၊ ကောင်းကျော်၊ အောင်သစ်၊ ချာလီ၊ ရွှေငါးတို့နဲ့ မိန်းမပုံစံဝတ်ဆင်ပြီး မန္တလေးမြို့ ဈေးချိုမှာ ဆံပင်တုတွေ ဆွဲချွတ်၊ အင်္ကျီတွေ ချွတ်နဲ့၊ လူပုံအလယ်မှာ အပြစ်ပေးတဲ့ပုံစံကို ဇူလိုင်လ (၂၄)ရက်မှာ ရိုက်ကူးခဲ့ရာမှ ဝေဖန်မှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

“ကဗျာရဲ့ရည်ရွယ်ချက်က မြန်မာအမျိုးသမီးလေးတွေ အခုခေတ်မှာ အဝတ်အစားလော်လီတာ ရှိကြတာကို မြန်မာ့ယဉ်ကျေးမှုအရ ပြန်လည် ထိန်းသိမ်းတဲ့အနေနဲ့ ကျွန်တော်က ဒီကဗျာလေးကို ရေးလိုက်တာ။ မိန်းခလေးအစစ်မရတော့ အမျိုးသားတွေကို အမျိုးသမီးအဝတ်နဲ့ဝတ်ပြီး ရိုက်ရမယ်တဲ့။ ရန်ကုန်က ကိုကောင်းကျော်တို့အဖွဲ့က မိန်းခလေးဝတ်စုံတွေဝတ်ပြီး ဟာသလေးတွေနဲ့ဈေးချိုထဲမှာ သရုပ် ဆောင်တာပေါ့။ အပြင်က ပရိသတ်တွေအနေနဲ့က အတိုအပြတ် ဝတ်တာတွေကြည့်ပြီး မိန်းမလျာတွေရဲ့ သဘောသဘာဝကို ဖော်ကျုးထားတယ်လို့ မြင်သွားတာ။ အမှန်က အဲလိုမဟုတ်ဘူးဗျ။ မြန်မာအမျိုးသမီးတွေ ယဉ်ယဉ်ကျေးကျေးဝတ်စားပြီး တင့်တင့်တယ်တယ်နေတာက ဒီလိုဖော်ချွတ်နေတာထက် လောကကြီးမှာ ပိုတင့်တယ်တယ်ဆိုတဲ့ အကြောင်းကို ယှဉ်ပြီးရိုက်သွားမှာကိုး”လို့ ကဗျာ ဆရာကြီး ဆန်းလွင်(မြန်မာစာ)က ပြောပါတယ်။

၎င်းပညာပေးရိုက်ကူးမှုဟာ အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာကိုသာမက အမျိုးသမီးကဲ့သို့ ခံယူနေထိုင်သူ (Transgender) အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတဲ့လုပ်ရပ်ဖြစ်တယ်လို့လည်း လိင်တူချစ်သူအသိုင်းအဝိုင်းမှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.