Colors Rainbow အဖွဲ့အစည်းက တာမွေမြို့နယ်မှာ လူ့အခွင့်အရေးနှင့် LGBT အခွင့်အရေးဆိုင်ရာ သင်တန်းပြုလုပ်ခဲ့

LBGTတွေကို လူနေမှုပတ်ဝန်းကျင် အသိုင်းအဝန်းကြားမှာ သဟဇာတဖြစ်စေဖို့ရည်ရွယ်ချက်နဲ့ လူ့အခွင့်အရေးနှင့် LGBT အခွင့်အရေးဆိုင်ရာ သင်တန်းကို တာမွေမြို့နယ်မှာ (၃)ရက်ကြာ သင်တန်းပြုလုပ်ခဲ့ပါတယ်။

Colors Rainbow အဖွဲ့အစည်းက ကမကထပြုလုပ်ခဲ့တဲ့ ဒီသင်တန်းကို တာမွေမြို့နယ်မှာရှိတဲ့ Eden Palace Hotel မှာ ဇူလိုင်လ (၁၆) ရက်ကနေ (၁၈)ရက်အထိ သင်ကြားပို့ချပေးခဲ့ပါတယ်။

“ဒီသင်တန်းက LGBT နဲ့ SOGIE သဘောတရားအကြောင်းကို ရှင်းလင်းစွာ နားလည်လာစေဖို့၊ SOGIE အပေါ် အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ သတ်မှတ်ချက်တွေ လျော့ပါးလာစေဖို့၊ အကြမ်းဖက်မှုတွေ၊ ဥပဒေနဲ့ဆက်နွယ်လာမှုတွေကို သိမြင်လာစေဖို့ အဓိက ရည်ရွယ်ပါတယ်။ ဆက်လက်ပြီး LGBT အခွင့်အရေးအတွက် လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ချိတ်ဆက်ပါဝင်မှု အားကောင်းလာစေဖို့လည်း ရည်ရွယ်ပါတယ်”လို့ သင်တန်းမှာ ဦးဆောင်ဆွေးနွေးခဲ့သူ Colors Rainbow အဖွဲ့အစည်းမှ မယုမြတ်မွန်က ပြောပါတယ်။

သင်တန်းကို LGBT တွေသာမက Non-LGBT အပါအဝင် သင်တန်းသား၊ သင်တန်းသူ (၂၉)ဦး တက်ရောက်ခဲ့ကြပါတယ်။ သင်တန်းကို တက်ရောက်ဖြစ်ခဲ့သူ Transgender အမျိုးသမီး အန်တီသျိုင်းက “သင်တန်းမှာ သင်တန်းဆရာ၊ဆရာမတွေက နွေးထွေးမှုအပြည့်နဲ့ သင်ခန်းစာခေါင်းစဉ် တစ်ခုချင်းစီတိုင်းကို နားလည်အောင် စိတ်ရှည်ရှည်နဲ့ သင်ကြားပေးတယ်။ စတက်တဲ့ရက်ကတည်းက သင်ကြားပုံမကောင်းရင် ဆက်သင်ဖို့ စိတ်ကူးမရှိပါဘူး။ SOGIE အကြောင်းက ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါကြောင့် (၃)ရက်လုံးတက်ပြီး ဆွေးနွေးဖြစ်တယ်။ လူတိုင်း SOGIE သဘောတရားတွေ သိဖို့လိုအပ်မယ်။ ဒါမှ လူတိုင်းရဲ့ ချစ်ခြင်းမေတ္တာတရားကို လက်ခံလာနိုင်မယ်လို့ ထင်တယ်”လို့ ပြောပါတယ်။

ဒီသင်တန်းကနေ LGBT တွေအနေနဲ့ လူမှုပတ်ဝန်းကျင်မှာ ဘယ်လိုပြုမှုနေထိုင်သင့်ပုံတွေသာမက မိမိရဲ့ လိင်စိတ်ခံယူမှုအပေါ် နားလည်မှုတွေ ရရှိလာတယ်လို့လည်း သင်တန်းသားတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.