နိုင်ငံတိုးတက်ပြောင်းလဲမှုဖြစ်စဉ်တွေမှာ LGBTတွေ အပါအဝင် နိုင်ငံသားတိုင်း တာဝန်ရှိတယ်လို့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နှစ်(၃၀)ပြည့် အထိမ်းအမှတ်နေ့ အမှတ်တရအနေနဲ့ ပြောလိုက်တဲ့ မိတ်ကပ် ခင်စန်းဝင်း

နိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှုဖြစ်စဉ်တွေမှာ LGBT တွေအပါအဝင် ကျား၊ မ မခွဲခြားဘဲ နိုင်ငံသားတဦးချင်းစီတိုင်းမှာ တာဝန်ရှိတယ်လို့ ယနေ့ကျရောက်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံရဲ့ နှစ်(၃၀)ပြည့် အထိမ်းအမှတ်နေ့အတွက် အမှတ်တရစကားအဖြစ် နိုင်ငံကျော် မိတ်ကပ် အနုပညာရှင် ခင်စန်းဝင်းက ပြောကြားလိုက်ပါတယ်။

“ရှစ်လေးလုံးအကြောင်းကတော့ သမိုင်းမှာ လုံးဝမမေ့သင့်ပါဘူး။ နောက် နိုင်ငံတိုးတက်ဖွံဖြိုးဖို့ ပြောင်းလဲဖို့ကို ကိုယ့်နိုင်ငံမှာရှိတဲ့ အသိပညာရှင်တွေ အတတ်ပညာရှင်တွေက တတ်အားသမျှ ကူညီသင့်တယ်။ နိုင်ငံတစ်နိုင်ငံမှာက ယောက်ျားမို့လို့ မိန်းမမို့လို့ Transgender မို့လို့၊ Gay မို့ဆိုပြီး ခွဲခြားမနေဘဲ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတိုးတက်ဖို့ကို တစ်ထောင့်တစ်နေရာကနေ ပါဝင်သင့်တယ်လို့ ထင်ပါတယ်”လို့ ခင်စန်းဝင်းက ပြောပါတယ်။

(၈၈)အရေးအခင်းကာလမှာ မိတ်ကပ်ပညာရှင် ခင်စန်းဝင်းဟာ အလှဖန်တီးရှင်များအဖွဲ့ရဲ့ ရှေ့ဆုံးအလံကိုင်အဖွဲ့မှာ တက်ကြွစွာ ချီတက်ခဲ့သူဖြစ်ပြီး သူမနဲ့အတူ မိုးကြိုးငှက်ငယ် စောနန္ဒာ၊ မိတ်ကပ်ဆန်နီတို့လည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

“အခုအချိန်မှာ ဓါတ်ပုံလေးတွေကပဲ အနှစ်သာရအနေနဲ့ ကျန်ခဲ့တာပေါ့။ လက်ပတ်အနီနဲ့ အလံကိုင်ထားတာ မကြီးပေါ့။ အရေးအခင်းမှာပါတုန်းက အသက်(၁၅)နှစ်ပဲ ရှိသေးတာ။ အဲတုန်းက မိတ်ကပ်ဆံပင်ပညာကို စလေ့လာနေချိန်ပေါ့။ အဲအချိန်တုန်းက အလှဖန်တီးရှင်များအဖွဲ့ဆိုပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ အလှဖန်တီးရှင်တွေ လူတန်းစားမရွေးပါဝင်ကြတော့ မကြီးလည်း ကလေးလည်း ကလေးဆိုတော့ တက်တက်ကြွကြွနဲ့ ရှေ့ဆုံးကနေ အလံကိုင်ရင်း ပါဝင်ဖြစ်တာပေါ့။ အဲတုန်းက လူကြီးတွေလောက် သိပ်သိတာမျိုး မရှိပေမယ့် ခေတ်စနစ်ပြောင်းဖို့ လူထုက တောင်းဆိုတော့ ကိုယ်လည်း နိုင်ငံသားအနေနဲ့ ပါဝင်သင့်တယ်ဆိုပြီး ပါဖြစ်သွားတာပါ” လို့ မိတ်ကပ်ခင်စန်းဝင်းက ပြောပါတယ်။

၁၉၈၈ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးဟာ ၂၀၁၈ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့မှာ နှစ်(၃၀)ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.