International Youth Day 2018 မှာ LGBT လူငယ်တွေ ခွဲခြားဆက်ဆံခံနေရတဲ့အကြောင်းကို ပြဇာတ်နဲ့ ပညာပေးကပြခဲ့

International Youth Day 2018 နေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်ခဲ့တဲ့ “လူငယ်လေးများ အလေးထား တေးသွားတစ်ပုဒ်” ပြဇာတ်မှာ LGBT လူငယ်တွေ လူမှုပတ်ဝန်းကျင်အတွင်း ခွဲခြားဆက်ဆံခံရပုံတွေအကြောင်းကို ပညာပေးသရုပ်ဖော် ကပြခဲ့ပါတယ်။ 

Transgender အမျိုးသမီးများဖြစ်သူ ကျောင်းသားလူငယ်နှစ်ဦးကို စနောက်ရာမှာ ဆရာ၊ ဆရာမတွေက လူတစ်ဦးချင်းစီရဲ့ အခွင့်အရေး၊ ကိုယ်ပိုင်ရွေးချယ်ခွင့်၊ ဆုံးဖြတ်ခွင့်တွေကို အလေးထားသင့်ကြောင်း ပြဇာတ်ထဲ သတင်းစကား ပေးထားတာ ဖြစ်ပါတယ်။ 

“LGBT ဇာတ်ရုပ်မှာ သူတို့ရဲ့ ပြောရဲဆိုရဲပုံစံ အနေအထားကို ရွေးတယ်။ မိန်းကလေးပုံစံ ပြင်ပေးမှာဆိုတော့ ကြည့်ကောင်းမယ့်သူမျိုး အဲလိုမျိုး ရွှေးတယ်။ ကျွန်တော်လည်း အရင်က LGBT နေရာတွေမှာ ကပြလာတာဆိုတော့ ဘယ်သူသရုပ်ဆောင်ရင် ဖြစ်မယ်လို့ မြင်တတ်နေတာ။ ပြောကြည့်တယ် လုပ်မယ်ပေါ့။ သူတို့ကိုယ်တိုင်လည်း လိုလိုလားလားပါ။ LGBT ဇာတ်ရုပ် ပါဝင်စေတာက အဓိကက အရောင်အသွေးစုံစေချင်လို့။ တစ်ဦးနဲ့တစ်ဦး အတွေးအခေါ် မတူကြဘူးလေ။ လူငယ်ဆိုတာ မျိုးစုံဖြစ်နိုင်ပါတယ်” လို့ အဆိုပါ ပွဲဖြစ်မြောက်ရေးအဖွဲ့မှ ကိုပြည့်စုံက ပြောပါတယ်။

၎င်းပြဇာတ်မှာ လူငယ်စေတမန်အဖွဲ့မှ ကျောင်းသား၊ ကျောင်းသူ (၂၂) ဦးက LGBT လူငယ်တွေအပြင် အလွှာအသီးသီးက လူငယ်တွေရဲ့ဘဝမှာ တွေ့ကြုံနေရတဲ့ ကဏ္ဍအလိုက် အခက်အခဲတွေ၊ တွေ့ကြုံနေရတဲ့ အခြေအနေမျိုးစုံကို တေးသရုပ်ဖော်ပုံစံနဲ့ တင်ဆက်ကပြခဲ့တာ ဖြစ်ပါတယ်။

“ဒီနှစ်ရည်ရွယ်ချက်က “လူငယ်ဘဝလုံခြုံမှ စိတ်ချသာယာ အနာဂတ်ကမ္ဘာပါ” ဆောင်ပုဒ်ပါ။ လုံခြုံဖို့ အန္တရာယ်ကင်းဖို့ဆိုရင် (၄)ချက် ရှိတယ်။ အပြင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ခွဲခြားဆက်ဆံတာတွေကို လက်မခံဘူးဆိုတာတွေအတွက် ပြဇာတ်မှာ LGBT အကြောင်း ထည့်လိုက်တာပါ။ တစ်ခါတစ်လေမှာ သူများသုံးသလို ကိုယ်က သုံးလိုက်တယ် ပြောလိုက်တယ်ဆိုပေမယ့် ဒီအရာတွေက မလုပ်သင့်ဘူးဆိုတာသိဖို့ ထည့်ပေးလိုက်တာပါ။ အဲဒါ အခန်းကဏ္ဍတစ်ခု အနေနဲ့ပေါ့။ ကိုယ်နဲ့မတူရင် စံလွဲနေတယ်လို့ ထင်မှတ်နေတဲ့ ကိစ္စတွေလည်း ပါပါတယ်” လို့ ဒေါက်တာ နေဝင်း (နည်းပညာ အကြံပေး၊ လူငယ်စီမံချက်၊ မြန်မာနိုင်ငံဆရာဝန်အသင်း) က ပြောပါတယ်။

လူငယ်တွေ သွားလာလှုပ်ရှားတဲ့ ပတ်ဝန်းကျင်မှာ လုံခြုံဖို့၊ အကြမ်းဖက်မှုတွေကနေ ကင်းရှင်းစွာ ကြီးပြင်းနိုင်ဖို့၊ လူငယ်တွေအနေနဲ့ ပြည်သူ့ရေးရာ နိုင်ငံ့ရေးရာကိစ္စတွေမှာ သူများနဲ့တန်းတူ ပါဝင်နိုင်ဖို့၊ ဒီမိုကရေစီ စံနှုန်းနဲ့အညီ တန်းတူညီမျှ ပြောဆိုခွင့်နဲ့ ဆုံးဖြတ်ခွင့်တွေ ရရှိနိုင်ဖို့၊ ကျန်းမာရေး၊ အနုပညာ ဖန်တီးခွင့်တွေ ရနိုင်ဖို့နဲ့ ခေတ်မှီနည်းပညာတွေနဲ့ ထိတွေ့တဲ့အခါ အဆိပ်အတောက်ကင်းဖို့ ရည်ရွယ်တာဖြစ်တယ်လို့လည်း ပြဇာတ်ကပြရခြင်းရဲ့ ရည်ရွယ်ချက်ကို ဒေါက်တာ နေဝင်းက ပြောပါတယ်။

ထိုပွဲမှာ Colors Rainbow အဖွဲ့ကလည်း Rainbow မဂ္ဂဇင်းတွေ၊ LGBT အကြောင်း သိကောင်းစရာ စာအုပ်တွေ ဝေငှခဲ့ကြပြီး ၎င်းအခမ်းအနားရဲ့ “လူငယ်အမြင် လူငယ်အသံ” အစီအစဉ်မှာလည်း ဖြိုးသစ်လူ နဲ့ LGBT အရေးတက်ကြွလှုပ်ရှားသူ ရှင်းသန့်တို့ကလည်း LGBT တွေရဲ့အခွင့်အရေးနဲ့ လူ့အခွင့်အရေး ဆက်နွယ်ပုံကို ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

One thought on “International Youth Day 2018 မှာ LGBT လူငယ်တွေ ခွဲခြားဆက်ဆံခံနေရတဲ့အကြောင်းကို ပြဇာတ်နဲ့ ပညာပေးကပြခဲ့

  • August 14, 2018 at 8:45 am
    Permalink

    အစက လက်မှတ်မရနိုင်တော့လို့ ပြန်တော့မယ်လုပ်နေတုန်း ACမှာ သင်တန်းတူတူတက်တဲ့ သူငယ်ချင်း Volunteerတစ်ယောက်က လက်မှတ်လုပ်ပေးလို့ကြည့်ဖြစ်တယ်။ အချိန်တိုအတွင်းမှာ ပေးချင်တဲ့ message ကိုထိရောက်အောင်ပေးနိုင်ပါတယ် အရမ်းကောင်းတယ် ဆက်လက်အောင်မြင်ပါစေ။

    Reply

Leave a Reply to Wai Yan Cancel reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.