အခြေခံပညာရေးဥပဒေ (မူကြမ်း)ထဲတွင် LGBT (လိင်စိတ်ကိုင်းညွတ်မှု ကွဲပြားသူတွေ)အပေါ်မှာလည်း ခွဲခြားမှုမရှိဘဲ တန်းတူပညာသင်ကြားခွင့်ကို ထည့်သွင်းပေးရန် အခြေခံပညာရေးလုပ်သားများ သမဂ္ဂဖြစ်မြောက်ရေးကော်မတီက အကြံပြုတောင်းဆို

အခြေခံပညာရေးဥပဒေ (မူကြမ်း)ထဲတွင် ဘာသာရေး၊ လူမျိုးရေး သာမက LGBT (လိင်စိတ်ကိုင်းညွတ်မှု ကွဲပြားသူတွေ)အပေါ်မှာလည်း ခွဲခြားမှုမရှိဘဲ တန်းတူပညာသင်ကြားခွင့်စတဲ့ ခံစားပိုင်ခွင့်ကို ထည့်သွင်းပေးရန် အခြေခံပညာရေးလုပ်သားများ သမဂ္ဂဖြစ်မြောက်ရေးကော်မတီက အကြံပြုတောင်းဆိုလိုက်ပါတယ်။

အဆိုပါ အခြေခံနှင့် အဆင့်မြင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ အခြေခံပညာရေးဥပဒေ(မူကြမ်း)နဲ့ ပတ်သက်တဲ့ သုံးသပ်ဆွေးနွေးပွဲကို ရန်ကုန်တက္ကသိုလ်၌ သြဂုတ်လ(၁၉)ရက်နေ့မှာ ပြုလုပ်ခဲ့ရာ ယင်းအဖွဲ့မှ ထိုသို့ အကြံပြုလိုက်ခြင်း ဖြစ်ပါတယ်။

“LGBT နဲ့ ပတ်သက်လာရင် ကျား၊ မ အဆင့်အတန်း မခွဲခြားဘူး။ လူမျိုး၊ ဘာသာ မခွဲခြားဘူး။ နောက်တစ်ချက် မိန်းကလေးက ယောကျာ်းစိတ်ပေါက်တဲ့ သူကော ယောကျာ်းလေးက မိန်းကလေးစိတ်ပေါက်တဲ့ သူတွေကော ပညာသင်ကြားခွင့် တန်းတူပေးဖို့ ပြောတာပါ။ ခွဲခြားမှုတွေ ရှိနေတဲ့အခါမျိုးမှာ အခြေခံဥပဒေမူကြမ်းသာ အတည်ဖြစ်သွားတဲ့အခါ ကျွန်တော်တို့ ဒီလူတွေရဲ့ အခွင့်အရေးကို ဘယ်လိုထည့်ပေး မှာလဲပေါ့ “လို့ အခြေခံပညာရေးလုပ်သားများ သမဂ္ဂဖြစ်မြောက်ရေးကော်မတီ၏ ဖြစ်မြောက်ရေး ကော်မတီဝင် ဦးမင်းမင်းထွဋ်က ပြောပါတယ်။ 

အခြေခံပညာရေးလုပ်သားများ သမဂ္ဂဖြစ်မြောက်ရေးကော်မတီကို ၂၀၁၇ခုနှစ် မတ်လ (၂၇) ရက်တွင် ဖွဲ့စည်းခဲ့ကာ အခြေခံပညာရေးကျောင်းတွေက ဆရာ၊ ဆရာမ ၊ ကျောင်းသား၊ ကျောင်းသူတွေနဲ့ မိဘပြည်သူတွေရဲ့ အခွင့်အရေးကိုရရှိရန် ကြိုးပမ်းဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

“ကျွန်တော်တို့အဖွဲ့ရဲ့ သဘောထားက တန်းတူညီမျှ အခွင့်အရေး ရရှိရေးအတွက်ပါ။ မင်းက အခြောက်မို့ ယောကျာ်းလျာမို့လို့ဆိုပြီး ခွဲခြားမှု မလုပ်ရဘူး။ တချို့နေရာမျိုးတွေမှာ ဒါမျိုးတွေကို ခွဲခြားဆက်ဆံမှုတွေ ရှိကောင်း ရှိနိုင်တယ်။ ရှိလည်း ရှိနေတယ်။ အဲ့ဒါမျိုးကျ မဖြစ်သင့်ဘူးလေ။ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေမှာ ပါနေတာပဲလေ။ ပါတဲ့အတွက် ပေးသင့်တယ်၊၊ ထည့်ကို ထည့်ပေးရမယ်။ သူတို့ရဲ့ အခွင့်အရေးအတွက် ပေါ့။ မွေးရာပါ နိုင်ငံသားတိုင်း အခွင့်အရေးက ပြည့်ပြည့်ဝဝ ရှိသင့်တယ်လေ။ သူတို့လည်း နိုင်ငံသားဖြစ်တဲ့ အတွက်ကြောင့်မို့လို့ နိုင်ငံတကာစံချိန်စံညွန်းနဲ့လည်း ညီအောင် ဒါကိုထည့်သွင်းဖို့ ပြောတာပါ”လို့ ဦးမင်းမင်းထွဋ်က ထပ်မံ ပြောပါတယ်။

အဆိုပါ ဥပဒေမူကြမ်း ပုဒ်မ(၄)(င)တွင် ပညာလေ့လာသင်ယူရာ၌ သင်ယူသူ၏ လူမျိုးဇာတိ၊ ကိုးကွယ်သည့် ဘာသာ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ၊ ချမ်းသာ၊ မသန်စွမ်း အပါအဝင် မည်သည့်ခွဲခြားမှုမျှ မရှိစေရေးဟု ပြဌာန်းပါရှိသောကြောင့် အဆိုပါ အချက်များအပြင် LGBT (လိင်စိတ်ကိုင်းညွတ်မှု ကွဲပြားသူတွေ)ကိုလည်း ပညာလေ့လာသင်ယူရာမှာ ခွဲခြားမှု မရှိရေးကို ထည့်သွင်းပေးရန် အကြုံပြုတောင်းဆိုခဲ့ခြင်း ဖြစ်ပါတယ်။

“ဆရာ၊ ဆရာမ လောကထဲမှာလည်း ရှိပါတယ်။ ကျား၊ မ လိင်ပိုင်းဆိုင်ရာက သူတို့ဘာသာ မျိုးရိုး၊ ဗီဇ၊ သဘောသဘာဝလေ။ မသန်စွမ်းတွေကိုတောင် ခန့်အပ်သင့်တယ်လို့ ကျွန်တော်တို့ တောင်းဆိုနေတာ LGBT တွေဆိုလည်း တန်းတူပေးရမယ်လို့ ထင်တယ်”လို့ လပွတ္တာမြို့နယ်၊ အခြေခံပညာကျောင်းအုပ်ဆရာကြီး ဦးသူရစိုးက ပြောသည်၊၊

ထို့အပြင် အဆိုပါ ဥပဒေ၏ အခန်း၅၊ ပုဒ်မ(၁၁)(က)တွင် အခြေခံပညာရေးကောင်စီကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဌအဖြစ် လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့များမှ လူမှုရေးဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း(သို့မဟုတ်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့မှ အဖွဲ့ဝင်များ၊ ပညာရှင်များ ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် သင့်လျော်သော ပုဂ္ဂိုလ်များကို ကောင်စီဝင်များအဖြစ် လည်းကောင်း၊ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကို အတွင်းရေးမှူးအဖြစ် လည်းကောင်း ပါဝင်စေလျက် အခြေခံပညာရေးကောင်စီကို ဖွဲ့စည်းရမည်”ဟု ဖော်ပြပါရှိသည့်အတွက် အဆိုပါပုဒ်မတွင် ဆရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျောင်းသားအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သင့်သည်ဟု အကြံပြုသုံးသပ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.