LGBT တွေအပေါ် တင်းကြပ်ထားတဲ့ ကနေဒါနိုင်ငံရဲ့ သွေးလှူဒါန်းခွင့်မူဝါဒကို LGBT အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြစ်တင်ကန့်ကွက်နေ

အရေးတကြီး သွေးလိုအပ်နေပေမယ့် လိင်တူချင်း ချစ်ခင်စုံမက်သူ အမျိုးသားတွေရဲ့သွေးလှူးဒါန်းခွင့်နဲ့ ပတ်သက်ပြီး ကနေဒါ သွေးလှူအဖွဲ့ (Canadian Blood Services) ရဲ့ တင်းကြပ်တဲ့ မူဝါဒကို LGBT အရေး တက်ကြွလှုပ်ရှားသူများက ဝေဖန်ပြစ်တင်လိုက်ပါတယ်။

ကနေဒါနိုင်ငံမှာ LGBT တွေရဲ့ သွေးလှူဒါန်းခွင့်ကို တင်းတင်းကြပ်ကြပ် တားမြစ်ထားပြီး ၂၀၁၆ ခုနှစ်မတိုင်မီကဆိုလျှင်မူ သွေးလှူချင်တဲ့ LGBT တွေဟာ အနည်းဆုံး (၅) နှစ်တိတိ လိင်မှုကိစ္စတွေ ရှောင်ကြဉ်ထားမှသာ သွေးလှူဒါန်းခွင့်ရရှိတာ ဖြစ်ပါတယ်။ ထို့နောက် ၂၀၁၆ ခုနှစ်မှာတော့ (၅) နှစ်ကနေ (၁) နှစ်အထိ လျော့ချခဲ့ပြီး တင်းကြပ်မှုတစ်ချို့ကို ဖြေလျော့ခဲ့ပါတယ်။ ဒါကြောင့် ကနေဒါနိုင်ငံရဲ့ လက်ရှိမူဝါဒအရ လိင်တူချင်း ချစ်ခင်စုံမက်သူတွေဟာ သွေးလှူဒါန်းလိုပါက အနည်းဆုံး တစ်နှစ်တိတိ လိင်မှုကိစ္စကို ရှောင်ကြဉ်ပြီးမှသာ လှူဒါန်းခွင့်ရတာ ဖြစ်ပါတယ်။

ကနေဒါနိုင်ငံရဲ့ လက်ရှိဝန်ကြီးချုပ်ဖြစ်သူ Justin Trudeau ကလည်း LGBT တွေရဲ့ သွေးလှူဒါန်းခွင့်နဲ့ ပတ်သက်ပြီး ကနေဒါနိုင်ငံရဲ့ လက်ရှိ တင်းကြပ်တဲ့မူဝါဒအပေါ် စိတ်ပျက်ကြောင်းနဲ့ အားလုံးအတွက် တန်းတူညီမျှမှုတွေ ရရှိအောင် ၎င်းတို့အစိုးရအဖွဲ့အနေနဲ့ ကြိုးစားဆောင်ရွက်နေကြောင်းကို တရားဝင်ပြောကြားခဲ့ဖူးပါတယ်။

ကနေဒါ သွေးလှူအဖွဲ့ (Canadian Blood Services) ကတော့ ပြောင်းလဲဖို့အတွက် ဖြစ်နိုင်ဖွယ် နည်းလမ်းအရပ်ရပ်ကို ရှာဖွေနေတယ်လို့ ဖြေရှင်းထားပါတယ်။

“အချို့လူအုပ်စုဝင်တွေအပေါ် လူမှုရေးဆိုင်ရာ ရိုက်ခတ်သက်ရောက်မှုတွေကို အတတ်နိုင်ဆုံး နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်ရင်း တပြိုင်နက် သွေးလိုအပ်သူတွေရဲ့ လုံခြုံမှုကို ပိုမိုဦးစားပေးနိုင်တဲ့ ရေရှည်အကျိုးရှိမယ့်အဖြေကို ရရှိနိုင်ဖို့ ဖြစ်ပါတယ်”လို့ ကနေဒါ သွေးလှူအဖွဲ့ (Canadian Blood Services) ရဲ့ ဝဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

၎င်းအပြင် သွေးလိုအပ်သူ လူနာတွေဖက်ကနေ စည်းရုံးဆော်ဩသူတွေနဲ့ LGBT အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ပူးပေါင်းပါဝင်တဲ့ အလုပ်အဖွဲ့ (Working Group) ကို ဖွဲ့စည်းထားပြီး အားလုံးအတွက် တန်းတူညီမျှမှုကို အာမခံရရှိစေမယ့် မူဝါဒတစ်ရပ် ပေါ်ထွန်းလာဖို့အတွက် ဆွေးနွေးမှုတွေ၊ အကြံဉာဏ်တွေ ရယူနေတယ်လို့လည်း ကနေဒါ သွေးလှူအဖွဲ့ (Canadian Blood Services)က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဩဂုတ် (၂၆) ရက်မတိုင်မီ ကနေဒါနိုင်ငံတစ်ဝန်း အရေးတကြီး သွေးလိုအပ်နေတဲ့ လူနာ (၂၃၀၀၀) ကျော်အတွက် စုပေါင်း သွေးလှူဒါန်းကြဖို့ ကနေဒါ သွေးလှူအဖွဲ့ (Canadian Blood Services) က ဩဂုတ်လ (၁၃) ရက်က တိုက်တွန်း နှိုးဆော်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.