ရွှေပြည်သာမြို့နယ်မှာ လူ့အခွင့်အရေးနှင့် LGBT အခွင့်အရေးဆိုင်ရာ သင်တန်းပြုလုပ်ခဲ့

ရွှေပြည်သာမြို့နယ်က LBGT တွေကို လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးအကြောင်း သိရှိနားလည်လာစေရန် Colors Rainbow အဖွဲ့အစည်းက လူ့အခွင့်အရေးနှင့် LGBT အခွင့်အရေးဆိုင်ရာ (၃)ရက်ကြာ သင်တန်းပြုလုပ်ခဲ့ပါတယ်။

Colors Rainbow အဖွဲ့အစည်းက ကမကထပြုလုပ်ခဲ့တဲ့ ဒီသင်တန်းကို ရွှေပြည်သာမြို့နယ်မှာရှိတဲ့ ယုဝတီမင်္ဂလာခန်းမမှာ သြဂုတ်လ (၁၄)ရက်ကနေ (၁၆)ရက်အထိ သင်ကြားပို့ချပေးခဲ့တာပါ။

“ဒီသင်တန်းရည်ရွယ်ချက်က LGBT နဲ့ SOGIE အကြောင်းကို ရှင်းလင်းစွာ နားလည်လာစေဖို့၊ SOGIE အပေါ် အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေ လျော့ပါးလာစေဖို့၊ အကြမ်းဖက်မှုတွေနဲ့ ဥပဒေရေးရာတွေကို ရှင်းရှင်းလင်းလင်း သိမြင်လာစေဖို့၊ LGBT တွေရဲ့ အခွင့်အရေးနဲ့ ပတ် သက်ပြီး ပိုမိုနားလည်သဘောပေါက်လာဖို့၊ LGBT အခွင့်အရေးအတွက် လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ချိတ်ဆက်ပါဝင်လာမှု အားကောင်းလာစေဖို့ ဖြစ်ပါတယ်”လို့ သင်တန်းမှာ ဦးဆောင်ဆွေးနွေးခဲ့သူ Colors Rainbow အဖွဲ့အစည်းမှ မယုမြတ်မွန်က ပြောပါတယ်။

ဒီသင်တန်းကို LGBT တွေသာမက Non-LGBT အပါအဝင် သင်တန်းသား၊ သင်တန်းသူ (၂၇)ဦး တက်ရောက်ခဲ့ကြပါတယ်။

“သင်တန်းစတက်တုန်းကတော့ လူအခွင့်အရေးဆိုတာ ကြားပဲကြားဖူးတာ။ သင်တန်းတက်ရတာ အရမ်းပညာရတယ်။ ယောကျာ်းလျာ၊ မိန်းမလျာဆိုတဲ့ လူတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ မြင်ဖူးတာတွေတော့ ရှိတာပေါ့။ ခုတော့ သူတို့ကို ပိုနားလည်လာတယ်။ သူတို့နဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတာလည်း နားလည်သွားပါတယ်”လို့ သင်တန်းသား ကိုကရင်က ပြောပါတယ်။

ထိုသင်တန်း (၃)ရက်တာအတွင်း လူ့အခွင့်အရေးအကြောင်းနှင့် လူ့ဂုဏ်သိက္ခာဆက်စပ်ပုံ၊ အုပ်စုလိုက် အခွင့်အရေးတွေ၊ LGBT ရဲ့အဓိပ္ပါယ် ဖွင့်ဆိုချက်များ၊ လိင်နှင့် လိင်အခြေပြုအမြင် (Sex & Gender)၊ SOGIE (လိင်စိတ်ကိုင်းညွတ်မှု၊ လိင်ဝိသေသခံယူမှုနှင့် ဖော်ထုတ်ပြသမှု)၊ ပတ်ဝန်းကျင်က လိင်တူချစ်သူတွေအပေါ် မှားယွင်းတဲ့ ပုံစံခွက် သတ်မှတ်ထားခြင်းများ၊ လိင်တူချစ်သူတွေအပေါ် အကြောင်းမဲ့သက်သက် ရွံ့ရှာမုန်းတီးခြင်းတွေနဲ့ လိင်တူချစ်သူတွေ သိရှိထားသင့်သော ဥပဒေစတဲ့အကြောင်းအရာတွေကို ဆွေးနွေးသင်ကြားပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.