Colors Rainbow နဲ့ Heal the World တို့ ပူးပေါင်းကာ LGBT တွေအတွက် စိတ်ဓါတ်ခွန်အားမျှဝေခြင်း အစီအစဉ် ဖန်တီးပေး

Colors Rainbow နဲ့ Heal the World တို့ ပူးပေါင်းကာ LGBT တွေအတွက် စိတ်ဓာတ်ခွန်အားရရှိစေတဲ့ ပတ်ဝန်းကျင်တစ်ခုကို Group Therapy Section( အုပ်စုလိုက်ခေါ်ယူပြီး တစ်ဦးကို တစ်ဦး စိတ်ဓါတ်ရေးရာ ဖေးမကူညီစေသည့် ကုတုံး အစီအစဉ်)ဖြင့် ဖန်တီးပေးလျှက် ရှိပါတယ်။

ဒီအစီအစဉ်က LGBT တွေရဲ့ ဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ၎င်းတို့ကို လက်ခံယုံကြည်ပေးနိုင်တဲ့၊ ဖွင့်ဟပြောဆိုနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုအဖြစ် ပြုလုပ်ပေးပါတယ်။

“LGBT တွေရဲ့ ဘဝမှာ မိမိကိုယ်မိမိ မထိန်းချုပ်နိုင်တာကြောင့် စိတ်ဒဏ်ရာတွေရကာ ယုံကြည်မှုတွေ ပျောက်ဆုံးပြီး လူရာမဝင်၊ လူတောမတိုး ဖြစ်သွားတတ်ကြပါတယ်။ ဒီထက် ပိုမိုဆိုးရွားလာရင်တော့ မိမိကိုယ်မိမိ အဆုံးစီရင် သွားတတ်ကြပါတယ်။ ဒါကြောင့် အခုအစီအစဉ်လေးကို လုပ်ဖြစ်တာပါ။ ဒါအပြင် မိမိရဲ့အားသာချက်တွေကိုလည်း အခြား မိတ်ဆွေ၊ သူငယ်ချင်းတွေကိုလည်း မျှဝေပေးနိုင်မှာပါ ”လို့ Colors Rainbow က Transgender အမျိုးသမီး ရှင်းသန့်က ပြောပါတယ်။

အခုလို အစီအစဉ်ကို သင်္ကန်းကျွန်းမြို့နယ်၊ တော်ဝင်ဇောတိကကွန်ဒိုရှိ Heal the World ရုံးခန်းမှာ  တပတ်လျှင် (၂)ရက် ၊ အစီအစဉ်တစ်ခုကို စုစုပေါင်း ဆွေးနွေးပွဲ အကြိမ်အရေအတွက် (၈)ကြိမ်ကျစီ ပြုလုပ်ပေးနေပါတယ်။

“ဒီမှာက အချင်းချင်း လျှို့ဝှက်စောင့်ထိန်းတဲ့ စည်းကမ်းရှိတော့ မျိုသိပ်ထားတာတွေကို ရင်ဖွင့်နိုင်တဲ့ စကားဝိုင်းတစ်ခုပါ ”လို့ Heal the World မှ အမှုဆောင်ဒါရိုက်တာ သိရိနေဝင်းက ပြောပါတယ်။

ဒီအစီအစဉ်ရဲ့ ပထမဆုံးအကြိမ်ကို ဇွန်လမှ ဇူလှိုင်လ အထိ ၊ ဒုတိယအကြိမ်ကို သြဂုတ်လမှ စက်တင် ဘာလအထိ ကျင်းပပေးခဲ့ပြီး တစ်ကြိမ်လျှင် LGBT (၁၀)ဦးခန့် လက်ခံကာ ဆွေးနွေးပေးပါတယ်။

“ဒီအစီအစဉ် မတက်ခင်ကဆို (၃)လတစ်ကြိမ် သွေးစစ်ရမယ်ပဲ သိတယ်။ အခုဆို အသိပညာတွေရတယ်။ အချင်းချင်း ရင်ဖွင့်ရင်း ထပ်တူ ခံစား ပေးကြတယ်။ ငိုလည်း ငို၊ ရယ်လည်း ရယ်ရတယ်။ ပတ်ဝန်းကျင်ကြောင့်လည်း စိတ်ဒဏ်ရာတွေရတော့ ခုလို ရင်ဖွင့်လိုက်တော့ လန်းဆန်းသွားတာပဲ။ ကိုယ့်လိုပဲ စိတ်ဒဏ်ရသူတွေကို တတ်စွမ်းသလောက် အားပေးမယ်၊ ခွန်အားပေးသွားမှာပါ ”လို့ Transgender အမျိုးသမီး သရဖီက ပြောပါတယ်။

ယခုလို အစီအစဉ်ကြောင့် အချင်းချင်း လေးစားတတ်လာခြင်း၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို အကောင်းဆုံး ဖြတ်သန်းနိုင်ခြင်းရဲ့ အကျိုးတ ရားတွေကို သိရှိလာခြင်း၊ ကိုယ်ချင်းစာတရား မြင့်မားလာခြင်း၊ လျှို့ဝှက်အပ်သည်များကို နှုတ်လုံစွာ စောင့်ထိန်းတတ်လာခြင်း၊ လူအများရှေ့မှာ ရဲရဲဝံ့ဝံ့ပြောဆိုလာနိုင်ခြင်း၊ မိမိအစွမ်းအစများကို သိရှိလာခြင်းနဲ့  အချင်းချင်း လေ့လာသင်ယူ တတ်လာခြင်းစတဲ့ အကျိူးကျေးဇူးတွေ ရရှိလာမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.