LGBT တွေရဲ့ဘဝပုံရိပ်အစစ်အမှန်တွေကို အသေးစိတ်လေ့လာနိုင်စေဖို့ “ဘဝခရီးပြခန်း”တွေကို မြန်မာပြည်အနှံ့က မြို့နယ်(၆)ခုမှာ ပြသသွားမည်

LGBT တွေရဲ့ဘဝဖြတ်သန်းမှု ပုံရိပ်အစစ်အမှန်တွေကို အသေးစိတ်လေ့လာနိုင်စေဖို့ မြန်မာပြည်အနှံ့အပြားက မြို့နယ်(၆)ခုမှာ “ဘဝခရီးပြခန်း”တွေကို ပြသသွားမှာ ဖြစ်ပါတယ်။

လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုမြို့ထောင့်စေတီဘုရားပွဲတော်မှာ အောက်တိုဘာလ(၆)ရက်ကနေ (၉)ရက်နေ့အထိ “ဘဝခရီးပြခန်း”ကို ပြသပေးနေပါတယ်။

“ရွှေဘိုဘုရားပွဲမှာ “ဘဝခရီးပြခန်း”ကျင်းပရတာက ဒီဘုရားပွဲကို တစ်နိုင်ငံလုံးကလည်း လာကြတယ်လေ။ ရွှေဘိုက LGBT တွေကလည်း စည်းလုံးမှုရှိကြသလို ပြောရရင် ရွှေဘိုမြို့ခံတွေကလည်း LGBT တွေကို ချစ်ကြတယ်။ လေးလေးစားစားလည်း ဆက်ဆံကြတော့ ပွဲအရ အောင်မြင်တယ်လို့ ပြောလို့ရတယ်။ တစ်နေ့ကို လူအယောက်(၁၅၀)နဲ့ (၂၀၀)ကြား လာကြည့်ကြတယ်။ လက်ကမ်းစာစောင်တွေလည်း ဝေငှပေးပါတယ်။ ဝါရင့်အသက်အရွယ်ရနေတဲ့ LGBT တွေကိုလည်း အင်တာဗျူးတယ်။ ဘာကြောင့်လဲဆိုရင် ဒီဘက်ခေတ်အနေအထားနဲ့ သူတို့ခေတ်ဖြတ်သန်းပုံတွေရဲ့ ကွာခြားပုံတွေ၊ ဘယ်လိုဖြတ်သန်းခဲ့လည်းဆိုတာ နောက်လူတွေ ဗဟုသုတရအောင်ပါ ”လို့ “ဘဝခရီးပြ ခန်း”က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုသားကိုက ပြောပါတယ်။

“ဘဝခရီးပြခန်း”ကို နောက်ထပ် မြို့နယ်(၅)ခုမှာ ပြသသွားရန် ကျန်ရှိနေသေးပြီး ရွှေဘိုပွဲပြီးပါက ပခုက္ကူ ၊ တောင်ကြီး၊ ထားဝယ်၊ ပုသိမ်နဲ့ ရန်ကုန်မြို့တွေမှာလည်း ဆက်လက်ပြသွားမှာ ဖြစ်ပါတယ်။

ဒီပွဲတွေကနေ လာရောက်ကြည့်သူတွေကို LGBT တွေဟာ လူသားတွေပဲဖြစ်ပြီး LGBT တစ်ယောက်ချင်းစီရဲ့ ဘဝဖြတ်သန်းခဲ့ပုံ၊ ချိုးနှိမ်ခံစွာ နေထိုင်ခဲ့ရပုံ၊ ရုန်းကန်ဖြတ်သန်းခဲ့ရပုံတွေနဲ့ LGBT တွေကို အဓိကပြစ်မှတ်ထားတဲ့ ဥပဒေတွေကို သိရှိနားလည်လာစေဖို့ ဓါတ်ပုံတွေ၊Walks of Life စာအုပ်တွေနဲ့ Colors Rainbow က ထုတ်ဝေတဲ့ Rainbow မဂ္ဂဇင်းတွေသာမက ပညာပေးစကားဝိုင်းလေးတွေ ပြုလုပ်ပြီး ဆွဲဆောင်ပြသထားပါတယ်။

“ဒီလိုပွဲမျိုးလာလုပ်တဲ့အတွက် ရွှေဘိုမြို့က LGBT တွေကိုယ်စား ကျေးဇူးအရမ်းတင်တယ်။ ပြီးတော့ ဒီပွဲကို လာလေ့လာတော့ ကိုယ့်ထက်အသက်ကြီးတဲ့ LGBT တွေရဲ့ဘဝကို သိလိုက်ရတယ်။ အရမ်းကိုပဲ LGBT တွေအတွက် လေ့လာသင့်တဲ့ ပြခန်းတစ်ခုဖြစ်ပါတယ်”လို့ LGBT အရေးတက်ကြွလှုပ်ရှားသူ၊ သပြေညိုရွှေဘိုပန်းအဖွဲ့မှ ခေါင်းဆောင် ကိုအီးတီက ပြောပါတယ်။

LGBT တွေရဲ့ဘဝဖြတ်သန်းမှု ပုံရိပ်အစစ်အမှန်တွေကို ပြသပေးနေတဲ့ “ဘဝခရီးပြခန်း” ကို ၂၀၁၆ခုနှစ်၊ ဇူလိုင်လကနေ စတင်အကောင် အထည်ဖော်ခဲ့ကာ ပထမဆုံးအကြိမ် ရန်ကုန်၊ မန္တလေး၊ ပြည်၊ မော်လမြိုင်၊ လာရှိုးမြို့နဲ့ တောင်ပြုန်းပွဲတော်တို့မှာ ပြသခဲ့ပါတယ်။

နောက်ထပ် ဒုတိယအကြိမ် “ဘဝခရီးပြခန်း” ပြပွဲကို ၂၀၁၇ခုနှစ်မှာ မန္တလေး၊ မော်လမြိုင်၊ ပြည်၊ လားရှိုးနဲ့ မုံရွာ စတဲ့မြို့တွေမှာ ပြသပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.