အွန်လိုင်းပေါ်က အကြမ်းဖက်ခံရတဲ့ ဖြစ်ရပ်တွေအကြောင်း ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေး မှတ်တမ်းရုပ်ရှင်အဖြစ် ဒါရိုက်တာ ကြယ်ရီလင်းစစ် ရိုက်ကူး

ဒါရိုက်တာ ကြယ်ရီလင်းစစ် ရိုက်ကူးထားတဲ့ “ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေး မှတ်တမ်းရုပ်ရှင်”ဟာ အမျိုးသား၊ အမျိုးသမီးတွေ သာမက Transgender အမျိုးသမီးတွေရဲ့ အွန်လိုင်းပေါ်မှာ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်မှန်တွေကို ရိုက်ကူးထားတဲ့ ပညာပေးမှတ် တမ်းရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်မှာ Transgender အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ စူးရှရှင်းသန့်အပြင် အွန်လိုင်းပေါ်မှာ အမုန်းစကားတွေနဲ့ တိုက်ခိုက်ခံရတဲ့ အမျိုးသားတစ်ဦး၊ အမျိုးသမီး ဂျာနယ်လစ်တစ်ဦး၊ ဥပဒေပညာရှင် တစ်ဦးနဲ့ ဒစ်ဂျစ်တယ်အခွင့်အရေးကို လှုပ်ရှားနေတဲ့ ပညာရှင်တွေကိုလည်း တွေ့ဆုံမေးမြန်း ရိုက်ကူးထားပါတယ်။

“အဓိကတော့ အမျိုးသား၊ အမျိုးသမီးတင် မကဘဲနဲ့ Transgender အမျိုးသမီးတွေကိုလည်း ရည်ရွယ်ချင်တဲ့အခါ Transgender အမျိုး သမီးတစ်ယောက်ကိုလည်း ရိုက်ကူးခဲ့တာပါ။ အွန်လိုင်းပေါ်က အကြမ်းဖက်မှုလို့ ဆိုတဲ့အခါမှာ အမျိုးသမီး၊ အမျိုးသားသာ ကြုံ့တွေ့ရတာ မဟုတ်ဘူး။ အထူးသဖြင့် လိင်စိတ်ခံယူမှုကွဲပြားတဲ့ လူတွေအပေါ်မှာလည်း အများကြီး ကြုံ့တွေ့ခဲ့ရတာတွေ ရှိတယ်။ ဒါကို အွန်လိုင်းပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ Transgender တွေ ၊ Gay တွေ၊ LGBT အသိုင်းအဝိုင်းအတွက် ပထမဆုံးရိုက်ကူးဖြစ်တဲ့ မှတ်တမ်းရုပ် ရှင်ပါ ” လို့ ဒါရိုက်တာ ကြယ်ရီလင်းစစ်က ပြောပါတယ်။

သူမအဖို့ ဒီမှတ်တမ်းရုပ်ရှင်ဟာ LGBT အသိုင်းအဝိုင်းအတွက် ပထမဆုံးရိုက်ကူးဖြစ်တဲ့ ပညာပေးမှတ်တမ်းရုပ်ရှင်ဖြစ်ပြီး (၆၆)ဃနဲ့ ပတ် သက်ပြီး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊ ဒစ်ဂျစ်တယ်အခွင့်အရေးနဲ့ ပတ်သက်ပြီး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပြုလုပ်မဲ့ Myanmar Digital Rights Forum မှာ ပြသရန် ရည်ရွယ်ထားပါတယ်။

“ စူးရှရှင်းသန့်က Transgender အမျိုးသမီးတစ်ယောက်အနေနဲ့ ခံယူထားတဲ့ဘဝမှာ သူ့ဓာတ်ပုံတွေကို ယူပြီးတော့ အပြာGroupတွေမှာ တင်တာ မျိုး၊ ပြီးတော့ သူ့ဖုန်းနံပတ်တွေ ယူပြီး ဒီ Transgender အမျိုးသမီးကတော့ ဘယ်နေရာမှာ ဘယ်လို လိုက်ပါတယ် ဆိုတာမျိုးကို ကြုံ့တွေ့ခဲ့ရတယ်ပေါ့။ သူက အင်မတန်တော်တဲ့ Transgender အမျိုးသမီးတစ်ယောက် ဖြစ်တယ်။ ဒီလိုဖြစ်သော်လည်း သူ ထမ်းဆောင်နေတဲ့တာဝန်က မန္တလေးတိုင်းရဲ့ လွှတ်တော်ကိုသွားတဲ့ လူငယ်ခေါင်းဆောင်ပေါ့နော်။ ယနေ့အထိ လွှတ်တော်ထဲဝင်ပြီး လွှတ်တော်ထဲမှာ Transgender နဲ့ ပတ်သက်တာတွေကို သူ ဆွေးနွေးနေတာတွေ ရှိတယ်။ သူ့လို တကယ်တော်တဲ့ Transgender အမျိုးသမီးတစ်ယောက်တောင်မှ ဒီလိုကြုံ့တွေ့ရတယ်ဆိုတာကို ပြောပြချင်လို့ သူ့ကို ရွေးထားတာပါ”လို့ ဒါရိုက်တာ ကြယ်ရီလင်းစစ်က ထပ်မံ ပြောပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်မှာ အမျိုးသမီးပုံစံ ဝတ်ဆင်နေထိုင်တဲ့ Transgender တွေကို အွန်လိုင်းပေါ်ကနေ အမုန်းစကားတွေနဲ့ အကြမ်းဖက်တိုက်ခိုက်ပုံတွေနဲ့ အွန်လိုင်းပေါ်မှာရှိတဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာကို ဥပဒေပညာရှင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမေးမြန်းကာ ပြန်ပြီး အဖြေရှာကြတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.