၂၀၁၈ခုနှစ်ရဲ့ ဒုတိယအကြိမ်မြောက် ဝဿန် LGBT ရသစာပေ(ဝတ္ထုတို)ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား Yangon Book Plaza မှာ ကျင်းပမည်

Colors Rainbow အဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ ၂၀၁၈ခုနှစ်ရဲ့ ဒုတိယအကြိမ်မြောက် ဝဿန် LGBT ရသစာပေပြိုင်ပွဲ(ဝတ္ထုတို) ဆုပေးပွဲအခမ်းအနားကို လမ်းမတော်မြို့နယ်ရှိ Yangon Book Plaza တွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာလ(၂၅)ရက်နေ့၊ နေ့လည် (၂)နာရီမှ (၄)နာရီအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ဆုပေးပွဲအခမ်းအနားအပြင် Penal Discussion နဲ့ & PROUD တို့ မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ LGBT ဓာတ်ပုံပြိုင်ပွဲက ဆုရဓာတ်ပုံတွေကိုပါ ခင်းကျင်းပြသထားမှာ ဖြစ်ပါတယ်။

“ဆုပေးပွဲအခမ်းအနားကို နေ့လည်(၂) နာရီကနေ (၄) နာရီအထိ ကျင်းပပြုလုပ်မှာဖြစ်ပေမယ့် ဓါတ်ပုံတွေကိုတော့ မနက်ကတည်းက ခင်း ကျင်းပြသထားမှာပါ။ အခမ်းအနားကို လာရောက်ကြတဲ့ ဧည့်ပရိသတ်တွေကို အစားအသောက်တွေနဲ့လည်း ဧည့်ခံကျွေးမွေးသွားမှာပါ”လို့ ဝဿန် LGBT ရသစာပေ(ဝတ္ထုတို) ပြိုင်ပွဲရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၂၀၁၈ခုနှစ်ရဲ့ ဒုတိယအကြိမ်မြောက် ဝဿန် LGBT ရသစာပေ(ဝတ္ထုတို) ပြိုင်ပွဲ ဆုရစာရင်းတွေကို အောက်တိုဘာလ(၂၉)ရက်နေ့မှာ ထုတ်ပြန်လိုက်ပြီး ပြိုင်ပွဲဝင်စာမှု (၁၀၀)ဝန်းကျင်ခန့် ပေးပို့ယှဉ်ပြိုင်ခဲ့ရာမှ ပြိုင်ပွဲဝင်စည်းကမ်းတွေနဲ့အညီ အဆင့်ဆင့်ရွေးချယ်ကာ ပထမ၊ ဒုတိယ၊ တတိယနဲ့ နှစ်သိမ့်ဆုရှင်(၂)ဦး စုစုပေါင်း (၅)ဦးအပြင် အကောင်းဆုံး ဆန်ကာတင် စာရင်းဝင်ဝတ္တု(၁၀)ပုဒ်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပြိုင်ပွဲဝင်ကာလကို ဇွန်လ(၁)ရက်နေ့မှ အောက်တိုဘာလ(၁)ရက်နေ့အထိ သတ်မှတ်ခဲ့ပြီး ဒိုင်လူကြီးတွေအဖြစ် ဆရာမ မိချမ်းဝေ၊ ဆရာမ ယဉ်ယဉ်နု (မန္တလေး)နဲ့ ဆရာ ဆောင်းလုလင်တို့ကနေ အကဲဖြတ်ဒိုင်တွေအဖြစ် ပါဝင်ခဲ့ပါတယ်။

ဒီပြိုင်ပွဲကို LGBT ဆိုင်ရာ ရသစာပေအရေးအသားတွေ မြန်မာစာပေရေစီးကြောင်းအတွင်း ပိုမိုစီးဝင်လာစေရန်နဲ့ LGBT တွေရဲ့ လက်တွေ့ဘဝနဲ့ ခံစားမှုတွေကို မြန်မာလူထုအသိုင်းအဝိုင်းကြား ပျံနှံ့လာစေရန် ရည်ရွယ်ချက်နဲ့ ကျင်းပပေးတာဖြစ်ကြောင်း ၎င်းတို့ရဲ့ Facebook စာမျက်နှာဖြစ်တဲ့ LGBT Story Competitionမှာ ထုတ်ပြန်ထားတဲ့ ကြေညာချက်အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.