ထားဝယ်မြို့၊ DDPC မြက်ခင်းပြင်မှာ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲခံယူနေထိုင်သူတွေကို အောက်မေ့သတိရဖွယ်ဆုတောင်းပွဲ (TDoR)ကို ကျင်းပခဲ့

Colors Rainbow (ထားဝယ်)အဖွဲ့မှ ဦးဆောင်ကာ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲခံယူနေထိုင်သူတွေကို အောက်မေ့သတိရဖွယ်ဆုတောင်းပွဲ (TDoR) အခမ်းအနားကို ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ DDPC မြက်ခင်းပြင်မှာ ကျင်းပခဲ့ကြပါတယ်။

အဆိုပါ အခမ်းအနားကို နိုဝင်ဘာလ(၂၃)ရက်နေ့၊ ညနေ(၅)နာရီမှာ စတင်ကျင်းပခဲ့ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးနှင့် စည်ပင် သာယာရေးဝန်ကြီး ဦဟိုပင် တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ထားဝယ်မြို့ခံ (၃၀၀)နီးပါးခန့် တက်ရောက်ခဲ့ကြပါတယ်။

“အမှန်တကယ် လူတွေလို့ ပြောလိုက်ရင် ယောကျာ်း၊ မိန်းမ၊ LGBTပါ တွဲပြီး မြင်တတ်လာဖို့၊ အသိအမှတ်ပြုပေးတတ်လာဖို့ လိုပါတယ်။ တိုးတက်ပြောင်းလဲနေတဲ့ ခေတ်၊ စနစ်တွေနဲ့အတူ ယူဆချက်၊ သဘောထား၊ အတွေးအခေါ်တွေလည်း တပြိုင်တည်း တိုးတက်ပြောင်းလဲလာဖို့ လိုနေပါပြီ”လို့ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦဟိုပင်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အခုလို Transgender Day of Remembrance အခမ်းအနားကို မြန်မာနိုင်ငံမှာတော့ (၇)ကြိမ်မြောက် ကျင်းပခဲ့ပြီးဖြစ်ကာ နိုဝင်ဘာလ (၂၀)ရက်နေ့ရောက်တိုင်း ကမ္ဘာတစ်လွှားမှာရှိတဲ့ လိင်တူချစ်သူတွေနဲ့ လူ့အခွင့်အရေးလေးစားလိုက်နာသူတွေက အောက်မေ့သတိရတဲ့ အထိမ်းအမှတ်အနေနဲ့ နှစ်စဉ်နှစ်တိုင်း ကျင်းပကြတာ ဖြစ်ပါတယ်လို့ Colors Rainbow အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဒေါ်ခင်မမအေးက ပြောကြားခဲ့ပါတယ်။

ထိုနောက် လောင်းလုံမြို့နယ်၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးဝေယံစိုးကလည်း အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို လျော့နည်းပပျောက်စေရန် အကြံပြုပြောကြားခဲ့ပါတယ်။

“ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှု၊ လျစ်လျူရှူ့မှုဆိုတာ ကောင်းတာရှိသလို မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်။ အဓိက မကောင်းတဲ့ရလာဒ်တွေကို ဖြစ်စေတဲ့ ခွဲခြားဆက်ဆံမှုမျိုးကိုတော့ အားပေးလို့ မရသလို ဒီလိုလုပ်ဆောင်ချက်တွေကိုလည်း ထပ်မဖြစ်အောင် ကာကွယ်ရမှာဖြစ်ပါတယ်။ တားဆီးဖို့ လိုပါ့မယ်။ ဒါနဲ့မှ မရရင် အပြစ်ပေးအရေးယူတဲ့အဆင့်ထိ လုပ်ဆောင်သွားဖို့ လိုပါတယ်”လို့ လောင်းလုံမြို့နယ်၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးဝေယံစိုးက ပြောကြားခဲ့ပါတယ်။

Transgender Day of Remembrance(TDoR)နေ့ဆိုတာ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲခံယူနေထိုင်သူတွေကို မုန်တီးသူတွေရဲ့ ညှင်း ပန်းနှိပ်စက်သတ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ ကမ္ဘာတစ်လွှားက Transgender တွေကို အောက်မေ့သတိရတဲ့ နေ့ရက်တစ်ခုဖြစ်ပြီး ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့ အမေရိကန်နိုင်ငံ၊ မက်ဆက်ချူဆက်ပြည်နယ်၊ သြောစတန်မြို့က ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲခံယူနေထိုင်သူ ရီတာဟက်ဟစတာ (Rita Hester)ကို ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့အချိန်ကစပြီးတော့ အခုလိုပွဲကို စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.