ထမင်းလုံးတစ္ဆေ (Hypnic Jerk)

ကျွန်တော်တို့တွေ အိပ်စက်ကြတဲ့အခါ အမြင့်တစ်နေရာက ပြုတ်ကျတဲ့ ခံစားမှုမျိုး ခံစားရပြီး ရုတ်တရက် ခန္ဓာကိုယ် ဆတ်ခနဲ လှုပ်ရှားသွားတတ်တာမျိုးကို ကြုံဖူးကြမှာပါ။ ဒီလို ဖြစ်ရပ်မျိုးကို ထမင်းလုံး တစ္ဆေခြောက်တယ်လို့ ပြောကြပါတယ်။ ထမင်းလုံးကို ခြေထောက်နဲ့ နင်းမိလို့ ညအချိန်မှာ ထမင်းလုံးတစ္ဆေရဲ့ ခြောက်လှန့်မှုကို ခံရတာ ဖြစ်တယ်လို့ လူကြီးတွေက ပြောကြပါတယ်။ ဒီလို ဖြစ်ပုံမျိုးကို ဆေးပညာ အခေါ်အဝေါ်အရ Hypnic Jerk တစ်နည်းအားဖြင့် ထမင်းလုံး တစ္ဆေခြောက်ခြင်းလို့ ခေါ်ပါတယ်။

အနောက်တိုင်းက အိပ်စက်ခြင်းကို လေ့လာကြတဲ့ ပညာရှင်တွေရဲ့ အဆိုအရတော့ အိပ်ချိန်မမှန်တဲ့ သူတွေမှာ ပိုဖြစ်လေ့ရှိတယ်လို့ ဆိုကြပါတယ်။ စိုးရိမ်ပူပန်မှု များတတ်တဲ့ သူတွေမှာလည်း ပိုဖြစ်တာ တွေ့ရပါတယ်။ ထမင်းလုံး တစ္ဆေခြောက်ခြင်း ဖြစ်စဉ်ဟာ ကလေးများ အသက်ရှစ်နှစ်မှ တဆယ့်နှစ်နှစ်အတွင်း တစ်နာရီကို လေးကြိမ် သို့မဟုတ် ခုနှစ်ကြိမ်နှုန်းအထိ ဖြစ်လေ့ရှိပြီး သက်ကြီးပိုင်း အသက် ခြောက်ဆယ့်ငါးနှစ်မှ ရှစ်ဆယ်အတွင်း ဆိုရင်တော့ တစ်နာရီကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်နှုန်းအထိ တဖြည်းဖြည်း လျော့နည်းသွားတယ်လို့ အမေရိကန် အခြေစိုက် အိပ်စက်ခြင်း ဆေးပညာသည်များ ရေးသားတဲ့ ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ခုနှစ်ဆယ် ရာခိုင်နှုန်းသော လူများဟာ အိပ်စက်နေစဉ်မှာ Hypnic Jerk ကို ခံစားကြရတယ်လို့လည်း ဂျာနယ်မှာ ဆက်လက် ဖော်ပြထားပါသေးတယ်။
ပညာရှင်တွေ ဖော်ပြချက်အရ ပုံမှန်အိပ်စက်မှု မရှိသူများ၊ စိတ်ဖိစီးမှု များသူများဟာ Hypnic Jerk ကို ပိုပြီးကြုံတွေ့ရလေ့ ရှိပါတယ်။ ကဖိန်းဓာတ်ဟာလည်း Hypnic Jerk ဖြစ်စေဖို့ အချက်တစ်ချက် ဖြစ်တယ်လို့ ဆိုပါတယ်။ ကဖိန်းဓာတ်ဟာ ကြွက်သားတွေ ပြေလျော့မှုကို ဟန့်တားတတ်တာကြောင့် ဖြစ်ပါတယ်။

ကျွန်တော်တို့တွေ အိပ်ပျော်ပြီဆိုတာနဲ့ ကျွန်တော်တို့ရဲ့ အသက်ရှူနှုန်းတွေ၊ ကိုယ်အပူချိန်တွေနဲ့ ကြွက်သား ပြေလျော့မှုတွေမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ပါတယ်။ ကြွက်သားပြေလျော့မှုတွေကို တစ်ခါတစ်ရံ ကျွန်တော်တို့ရဲ့ ဦးနှောက်က အမြင့်တစ်နေရာက ပြုတ်ကျတာမျိုးအဖြစ် မှားယွင်းစွာ ပုံဖော်ပြီး အသိစိတ်ကို ပေးပို့လိုက်တဲ့အခါ ပြေလျော့နေတဲ့ ကြွက်သားတွေက ရုတ်တရက် တုံ့ပြန်မှု ပြုလုပ်ပါတယ်။ ဒီလို နည်းအားဖြင့်လည်း Hypnic Jerk ဖြစ်လာပါတယ်။

Hypnic Jerk လို့ ပြောတဲ့ ထမင်းလုံး တစ္ဆေခြောက်ခြင်းကတော့ နိုးထသွားရလောက်အောင်အထိ မပြင်းထန်ပါဘူး။ လူအတော်များများက Hypnic Jerk ကို ကြုံပြီးရင်တောင် ဆက်လက် အိပ်ပျော်နေကြလို့ပါပဲ။ ဒါကြောင့် Hypnic Jerk ကို ကြုံရတာတောင် တချို့သူတွေက သတိမပြုမိကြပါဘူး။

တချို့သော လူများက အိပ်စက်နေစဉ်အတွင်းမှာ ခန္ဓာကိုယ်ကို ပုံစံပြောင်းတာမျိုးတွေ၊ အနည်းငယ် လှုပ်ရှားတာမျိုးတွေကို လုပ်တတ်ကြပါတယ်။ ဒါကိုတော့ Hypnic Jerk ဖြစ်တယ်လို့ မဆိုပါဘူး။

သုတေသီတွေက ကျွန်တော်တို့တွေ အိပ်စက်နေစဉ်မှာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အကြောတွေက ယေဘုယျအားဖြင့် ငြိမ်နေကြတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့တွေ ကြောက်စရာအကောင်းဆုံး အိပ်မက်တွေ မက်နေရင်တောင် ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေဟာ ပြေလျော့နေဆဲ အနေအထားမှာပဲ ရှိပါတယ်။ ခန္ဓာကိုယ်အတွင်းပိုင်း စိတ်လှုပ်ရှားမှုကိုတော့ ကျွန်တော်တို့ ခံစားသိနိုင်ပြီး နိုးထသွားတာမျိုးလည်း ရှိပါတယ်။ Hypnic Jerk လို့ ပြောတဲ့ ထမင်းလုံး တစ္ဆေခြောက်ခြင်းကတော့ နိုးထသွားရလောက်အောင်အထိ မပြင်းထန်ပါဘူး။ လူအတော်များများက Hypnic Jerk ကို ကြုံပြီးရင်တောင် ဆက်လက် အိပ်ပျော်နေကြလို့ပါပဲ။ ဒါကြောင့် Hypnic Jerk ကို ကြုံရတာတောင် တချို့သူတွေက သတိမပြုမိကြပါဘူး။

လေ့လာမှုတွေအရ ကျွန်တော်တို့ အိပ်မက်မက်နေစဉ်မှာ မျက်လုံးတွေဟာ အိပ်မက်ကမ္ဘာက အကြောင်းအရာတွေအတိုင်း ဟန်ချက်ညီညီ ရွေ့နေတယ်လို့ ဆိုပါတယ်။ ဒါဟာ အိပ်မက်ကမ္ဘာကနေ လက်တွေ့ကမ္ဘာ (အိပ်မက်ပြင်ပ) ကို အချိန်မရွေး ထွက်လာနိုင်တဲ့ အခြေအနေမျိုးပါ။ Hypnic Jerk မှာတော့ ဒီလို မဟုတ်ပါဘူး။ ဥပမာ- အိပ်မက်ထဲမှာ စက်ဘီး နင်းနေတယ် ဆိုပါစို့။ ကျွန်တော်တို့ဟာ အိပ်မက်ပြင်ပမှာ ခြေထောက်တွေက စက်ဘီးနင်းသလို လှုပ်ရှားမနေပါဘူး။ ဒါပေမဲ့ ရုတ်တရက် အိပ်မက်ထဲကနေ ထိတ်လန့်စရာ တစ်ခုနဲ့ တွေ့တာပဲဖြစ်ဖြစ်၊ အမြင့်တစ်နေရာကနေ ပြုတ်ကျတာပဲဖြစ်ဖြစ် Hypnic Jerk ထမင်းလုံးတစ္ဆေ ခြောက်ခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါဟာ စောစောက ပြောခဲ့တဲ့ မျက်လုံးရွေ့လျားမှု ရှိနေတဲ့ အိပ်မက်နဲ့ အိပ်စက်ခြင်းတင်မကဘဲ ပြေလျော့နေတဲ့ ကြွက်သားတွေရဲ့ ရုတ်တရက် လှုပ်ရှားမှု ဖြစ်ပေါ်စေတဲ့ ထမင်းလုံးတစ္ဆေ ခြောက်ခြင်းပဲ ဖြစ်ပါတယ်။

ထမင်းလုံးတစ္ဆေ ခြောက်ခြင်း ဖြစ်စဉ်ဟာ အိပ်စက်ခြင်းနှင့် နှိုးထခြင်းကြားမှာ ရုန်းထွက်ဖို့ ကြိုးစားရင်း ဖြစ်ပေါ်လာတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ကတော့ ကြားခံနယ် ဖြစ်ပါတယ်။ အိပ်မက်ပြင်ပမှာတော့ ကျွန်တော်တို့တွေက အကြောင်းအရာတွေကို ခံစားသိရှိနိုင်ပေမယ့် အိပ်မက်ထဲမှာတော့ ကျွန်တော်တို့ ခံစားတတ်အောင် ကျွန်တော်တို့ရဲ့ စိတ်က ဘာသာပြန် ပုံဖော်ပေးရတာ ဖြစ်ပါတယ်။
တကယ်လို့ သင်ဟာ ထမင်းလုံးတစ္ဆေ ခြောက်ခြင်းကို ကြုံဖူးတယ် သို့မဟုတ် ကြုံနေရတဲ့သူ ဖြစ်တယ်ဆိုရင် ထိတ်လန့်စိုးရိမ်နေစရာ မလိုပါဘူး။ ဒါဟာ ရောဂါတစ်ခုလည်း မဟုတ်ပါဘူး။ Hypnic Jerk လို့ ခေါ်တဲ့ ထမင်းလုံးတစ္ဆေ ခြောက်ခြင်းဟာ သင့်ရဲ့အသက်ကို အန္တရာယ် မပေးနိုင်ပါဘူး။ ပုံမှန်လူသားတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ လေ့လာမှုတွေရဲ့ အဆိုအရ Hypnic Jerk ကို ရှစ်ဆယ်ရာခိုင်နှုန်းသော လူများဟာ မကြာခဏ ကြုံတွေ့လေ့ရှိပြီး နှစ်ဆယ်ရာခိုင်နှုန်းသော လူအများကတော့ ရှားရှားပါးပါး ကြုံဖူးကြတယ်လို့ ဆိုပါတယ်။

အချို့သော မူမမှန်သော အိပ်စက်မှုတွေကိုတော့ သတိထားစရာ ရှိပါတယ်။ ဆေးခန်းမှာ ကြုံရတဲ့ လူနာတစ်ယောက်ကတော့ သူက Hypnic Jerk ရပြီးရင် အသက်ရှုဖို့ ခက်ခဲတာ ဖြစ်ပါတယ်။ ဒီလို အဖြစ်အပျက်မျိုး ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှု ခံယူဖို့ လိုပါတယ်။ အတက်ရောဂါရှိတဲ့ သူများဟာလည်း အိပ်မောကျနေစဉ်မှာ Hypnic Jerk ကြုံပြီးရင် တက်တတ်ကြပါတယ်။ အဲဒီအချိန်မျိုးမှာ အသက်ရှူလမ်းကြောင်းက ကြွက်သားတွေ တင်းကျပ်ပြီး ကောင်းကောင်း မပြေလျော့နိုင်ဘဲ အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ဒီတော့ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ အိပ်စက်မှုပုံစံကို သိထားဖို့ လိုပါတယ်။ ကိုယ်ဟာ ပုံမှန်အိပ်စက်တတ်တဲ့သူလား၊ ဒါမှမဟုတ် အိပ်နေစဉ်မှာ မကြာခဏ အဆင်မပြေမှုတွေ ရှိနေသူလားဆိုတာ သိထားသင့်ပါတယ်။

ထမင်းလုံးတစ္ဆေ ခြောက်ခြင်း ဖြစ်စဉ်ဟာ အိပ်စက်ခြင်းနှင့် နှိုးထခြင်းကြားမှာ ရုန်းထွက်ဖို့ ကြိုးစားရင်း ဖြစ်ပေါ်လာတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ကတော့ ကြားခံနယ် ဖြစ်ပါတယ်။ အိပ်မက်ပြင်ပမှာတော့ ကျွန်တော်တို့တွေက အကြောင်းအရာတွေကို ခံစားသိရှိနိုင်ပေမယ့် အိပ်မက်ထဲမှာတော့ ကျွန်တော်တို့ ခံစားတတ်အောင် ကျွန်တော်တို့ရဲ့ စိတ်က ဘာသာပြန် ပုံဖော်ပေးရတာ ဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ Hypnic Jerk အတွက် စိုးရိမ်ပူပန်မှု များတဲ့သူဆိုရင် Hypnic Jerk က စက်ဝန်းတစ်ခုလို တစ်ပတ်လည်ပြီး ဖြစ်နေတတ်ပါတယ်။ ဥပမာအားဖြင့် သင်ဟာ အိပ်စက်နေစဉ်အတွင်းမှာ Hypnic Jerk ကြုံမှာကို ကြောက်ပြီး အတွေးတွေနဲ့ အိပ်မပျော်နိုင် ဖြစ်နေပြီ ဆိုပါစို့။ စိုးရိမ်စိတ် အတွေးတွေက အိပ်မပျော်နိုင်ဖြစ်ပြီး အိပ်ချိန်ကို နည်းစေပါတယ်။ အိပ်ချိန်နည်းတဲ့အတွက် လူက လန်းဆန်းမှု မရှိတော့ပါဘူး။ ဒီလိုနဲ့ အပြည့်အဝ အနားယူမှု မရတဲ့အခါ Hypnic Jerk ကို ကြုံတွေ့ရပါတော့တယ်။ တကယ်တော့ ထမင်းလုံးတစ္ဆေ ခြောက်ခြင်း (Hypnic Jerk) ဖြစ်စဉ်ဟာ အထက်မှာ ဆိုခဲ့သလို လူအများ ကြုံတွေ့နေကြရတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး စိုးရိမ်စရာ မရှိပါဘူး။ ဒါကြောင့် စိုးရိမ်ပူပန်မနေဘဲ သက်တောင့်သက်သာစွာနဲ့ အိပ်စက်အနားယူဖို့ ဆရာဝန်တွေက အကြံပေးကြပါတယ်။

ကျွန်တော်တို့ အိပ်စက်နေရင်းနဲ့ ထမင်းလုံးတစ္ဆေ ခြောက်ခြင်း (Hypnic Jerk) မကြုံရအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

– ညစဉ်ညတိုင်း အချိန်မှန် အိပ်ပါ။
– ညစာကို လျော့စားပါ။
– မဂ္ဂနီဆီယမ်၊ ကယ်စီယမ်နဲ့ သံဓာတ် ချို့တဲ့မှုတွေကလည်း Hypnic Jerk ကို ဖြစ်စေနိုင်တာမို့ လတ်ဆတ်တဲ့ အသီးအရွက် များများစားပါ။ ဗိုက်တာမင်စီနဲ့ သတ္တုဓာတ် ကြွယ်ဝတဲ့ အစားအစာများ စားပေးပါ။
– အိပ်စက်ခါနီး ပြင်းထန်တဲ့ လေ့ကျင့်ခန်းများ လုပ်တာကို ရှောင်ပါ။ ပုံမှန် လမ်းလျှောက်ပေးတာကတော့ အကောင်းဆုံးပါပဲ။
– တရားထိုင်ပေးတာဟာလည်း ကောင်းမွန်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
– ယောဂလို ကျင့်စဉ်များကို လေ့ကျင့်ပါ။
– အကောင်းမြင်တတ်အောင် နေပါ။
– အသက်ရှု လေ့ကျင့်ခန်း လုပ်ပေးပါ။ (အသက်ကို ပြင်းပြင်းရှုသွင်းပြီး ဖြည်းညှင်းစွာ ပြန်လည်ရှူထုတ်ပါ)
– အိပ်စက်တဲ့ အိပ်ခန်းနဲ့ အိပ်ယာက သက်တောင့်သက်သာ ရှိပါစေ။
– ညအိပ်ခါနီး အရက်နဲ့ ကဖိန်းဓာတ်ပါတဲ့ အရည်တွေ သောက်သုံးမှုကို ရှောင်ပါ။

တကယ်လို့ သင်ဟာ Hypnic Jerk ထမင်းလုံးတစ္ဆေ ခြောက်ခြင်းကို ရှားရှားပါးပါး ကြုံရတာပဲဖြစ်ဖြစ်၊ မကြာခဏ ကြုံနေရတာပဲဖြစ်ဖြစ် သင်ဟာ ပုံမှန်ကျန်းမာနေတဲ့ လူတစ်ယောက်ပါပဲဆိုတာ မမေ့ပါနဲ့။ သင်က စိုးရိမ်ပူပန်မှုတွေနဲ့ ရှိလေလေ ထမင်းလုံးတစ္ဆေ ခြောက်ခြင်း ဖြစ်စဉ်မျိုးနဲ့ မကြာခဏ ကြုံရလေလေ ဖြစ်လာမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်စက်အနားယူခြင်းများကို ပိုင်ဆိုင်ကြပါစေ…။

ဝိုင်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.