ရန်သူ ရုပ်ရှင်ဇာတ်ကားကြီးမှာ Transgender အမျိုးသားတွေကို အသေးစိတ် သေချာလေ့လာပြီးမှ ရိုက်ကူးခဲ့တာပါလို့ဆိုလိုက်တဲ့ ဝတ်မှုံရွှေရည်

ရန်သူ ရုပ်ရှင်ဇာတ်ကားကြီးမှာ Transgender အမျိုးသားတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ ဝတ်မှုံရွှေရည်က လက်ရှိ Transgender အမျိုးသားတွေရဲ့ နေထိုင်စားသောက်ပုံတွေကအစ အသေးစိတ် သေချာလေ့လာပြီးမှ ရိုက်ကူးခဲ့တာပါလို့ ဆိုလိုက်ပါတယ်။

ရန်သူ ရုပ်ရှင်ဇာတ်ကား အထူးမိတ်ဆက်ပွဲကို ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံမှာ ဒီဇင်ဘာလ(၆)ရက်နေ့က ပြုလုပ်ခဲ့ကာ ဒီဇင်ဘာလ(၁၄)ရက်မှာ မင်္ဂလာရုပ်ရှင်ရုံတွေနဲ့ တစ်နိုင်ငံလုံးက ရုပ်ရှင်ရုံတွေမှာ ပြသသွားမှာ ဖြစ်ပါတယ်။

“Transgender အမျိုးသားဇာတ်ရုပ်ကြောင့် လက်ခံဖြစ်တာ။ ကစ်အတွက် အသစ်တစ်ခုဖြစ်လို့ လက်ခံတာ။ ဒီဇာတ်ကောင်ကို မရိုက်ဘူးသေးလို့။ ကြိုတင်ပြင်ဆင်မှုက ဒီဇာတ်ကား မရိုက်ခင်ကတည်းက သူတို့တွေရဲ့ ကာရိုက်တာက ဘယ်လိုမျိုးလဲ၊ သူတို့ရဲ့ နေပုံထိုင်ပုံ၊ သွားပုံလာပုံ၊ ပြောပုံ ဆိုပုံ၊ အဝတ်အစားကအစ အကုန်လုံးကို လိုက်လေ့လာတယ်။ အပြင်မှာလည်း သူတို့တွေနဲ့ တွေ့ တယ်။ သူတို့စကားပြောပုံ၊ လေယူလေသိမ်းကအစ လိုက်လေ့လာခဲ့တယ်”လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

 

ဒီဇာတ်ကားမှာ ဝတ်မှုံရွှေရည်က ဆန်းကြယ်လို့ အမည်ရတဲ့ Transgender အမျိုးသားတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး Transgender အမျိုးသားတစ်ယောက်ရဲ့ ငယ်သူငယ်ချင်းအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတရား၊ သစ္စာတရားတို့နဲ့အတူ ထိုချစ်ခြင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့ မခံချင်စိတ်၊ ကြိုးစားချင်စိတ်တို့ကို ဖော်ကျုးပြသထားပါတယ်။

ဒီဇာတ်ကားမှာ ဝတ်မှုန်ရွှေရည်ရဲ့ မိခင်က သားယောကျာ်းလေးလိုချင်မှုကြောင့် ငယ်စဉ်ကတည်းက ယောကျော်းလေးတစ်ယောက်ပုံစံ ဝတ်စားဆင်ယင်ပေးခဲ့ပြီး ငယ်စဉ်ကပင် စာတော်၍ ထက်မြက်သည့် Transgender အမျိုးသားတစ်ယောက်အဖြစ် ဖော်ကျူးထားပါတယ်။

ရန်သူ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ မီးပွားမှ စာရေးဆရာမ လွန်းထားထားရဲ့”တောင်ပံတွေသာရှိခဲ့ရင်” ဝတ္တုကနေပြီး သရုပ်ဆောင် နေမင်း၊ ဝတ်မှုန်ရွှေရည်၊ နေခြည်ဦးတို့ဖြင့် ပုံဖော်ရိုက်ကူးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.