LGBT တွေလည်း လူသားတွေပါပဲ။ လူတွေထဲက လူတွေပါပဲ။ ခွဲခြားမဆက်ဆံပါနဲ့ဆိုတဲ့ ဒါရိုက်တာ သတိုးကိုကိုနှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနဲ့ Search For Common Ground အဖွဲ့အစည်းတို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ “တွေးကြခေါ်ကြ ပြောင်းလဲကြ” အစီအစဉ်မှာ LGBT သရုပ်ဆောင်တွေ ထည့်သွင်းရိုက်ကူးခဲ့တာနဲ့ ပတ်သက်ပြီး ဒီအစီစဉ်ကို တာဝန်ယူလုပ်ကိုင်ခဲ့တဲ့ ဒါရိုက်တာ သတိုးကိုကိုရဲ့ အမြင်တွေကို မေးမြန်းထားပါတယ်။

 

အစ်ကိုရေ မင်္ဂလာပါ။

ဟုတ်ကဲ့ မင်္ဂလာပါ။

 

အစ်ကိုတာဝန်ယူနေတဲ့ {တွေးကြခေါ် ကြ ပြောင်းလဲကြ} အစီအစဉ်ရဲ့ အကြောင်းအရာလေးတွေကို မိတ်ဆက်ပေးပါနော်။

လူငယ်ဇာတ်လမ်းဆန်ဆန်လေးပေါ့။ အဓိကက လူငယ်တွေအတွက် မူးယစ်ဆေးဝါးကို အခြေခံထားမယ်။ မတူကွဲပြားခြားနားတဲ့ ဘာသာ ခြားတွေ၊ လူငယ်တွေစရိုက်၊ လူငယ်တွေအတွင်းမှာ ဖြစ်နေတဲ့ မူးယစ်ဆေးဝါးကိစ္စတွေ၊ နောက်ပိုင်း Facebook အလွဲသုံးစားသုံးမိတဲ့အခါကျတော့ ခြိမ်းခြောက်ခံတာတွေ ပါမယ်။

 

ဒီအစီအစဉ်မှာ ထူးထူးခြားခြား LGBT တွေကို သရုပ်ဆောင်ဖို့ သူတို့ရဲ့ လိင်စိတ်ကိုင်းညွတ်မှုအတိုင်း ခေါ်ထားတာ တွေ့ရတယ်။ အစ်ကိုအနေနဲ့ LGBT စစ်စစ်တွေကို ခေါ်သုံးဖို့ ဘယ်လိုစိတ်ကူးရခဲ့တာလဲ။

ကျွန်တော်က ဘာလုပ်လုပ် အစစ်ကို ပိုကြိုက်တယ်။ သူတို့ကို အခွင့်အလမ်းတစ်ခု ပေးတာပေါ့နော်။ မင်းသားတွေ သရုပ်ဆောင်တာထက်စာရင် တကယ့်အစစ်တွေက ပိုကောင်းတယ်။ ပြီးတော့ Search for Common Ground (SFCG)ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ မတူကွဲပြားတဲ့သူတွေကို ပေါင်းစည်းဆက်ဆံရေးအတွက် LGBT အစစ်တွေကို သုံးထားတာပါ။ သူတို့ကလည်း တကယ့်အစစ်တွေကို သုံးစေချင်တယ်။ ဒါကြောင့် ရွေးချယ်တဲ့အခါ ကျား၊ မအပြင် ယောကျာ်းအဖြစ် ခံယူသူကော၊ မိန်းမအဖြစ် ခံယူသူတွေကိုပါ ဖိတ်ခေါ်လိုက်တာပါ။ အသက်ဘယ်လောက်ပဲဖြစ်ဖြစ် လျှောက်ထားနိုင်တယ်လို့ ဖိတ်ခေါ်ခဲ့တာပါ။

 

သူတို့ကို ဇာတ်လမ်းရဲ့ ဘယ်လိုအပိုင်းတွေမှာ သုံးသွားဖို့ ရှိပါသလဲ။ ဇာတ်ကောင်နေရာကို အကြမ်းဖျင်း ပြောပြပေးလို့ရမလား။

LGBT တွေကတော့ အရံလေးတွေပေါ့။ မင်းသား၊ မင်းသမီးတွေရဲ့ သူငယ်ချင်း၊ အဲလိုနေရာလေးတွေမှာ ပါဝင်ရမှာပါ။ အခုက မတူကွဲပြားခြားနားတာတွေ အကုန်လုံးထည့်ထားတယ်။ အမျိုးသားကနေ အမျိုးသမီးအဖြစ်ခံယူထားတဲ့ တစ်ယောက်ဆိုရင် သူ့ဇာတ်ကောင်က နယ်ကနေ အလုပ်လုပ်ဖို့လာတဲ့ LGBT တစ်ဦးပေါ့နော်။ သူက မိန်းမတစ်ဦးအဖြစ် ခံယူထားသူပေါ့။ ဆံပင်ညှပ်ဆိုင်မှာ အလုပ်လုပ်တယ်။ သူ့ မိသားစုကို ဆံပင်ညှပ်ဆိုင်လုပ်ငန်းနဲ့ ရှာကျွေးတယ်ဆိုတာကို ပြသွားမယ်။ နောက်ဇာတ်ကောင်က ဘောလီဘောကစားတဲ့ အမျိုးသမီးပေါ့။ အမျိုးသားတစ်ယောက်အဖြစ် ခံယူထားသူအဖြစ် သူ့ကို စိတ်ကူးပုံဖော်ထားပါတယ်။

 

ဒါဆို ဒီအစီအစဉ်အတွက် LGBT ဘယ်နှစ်ဦး ရွေးထားလဲ။

LGBTမှာ အမျိုးသမီးအဖြစ် ခံယူထားသူ (၂)ယောက်ပါမယ်။ အမျိုးသားအဖြစ် ခံယူထားသူ (၁)ယောက်ပါမယ်။ LGBT အားလုံပေါင်း (၃)ယောက် ရွေးမယ်။

 

အခုလို အစီအစဉ်ကို စိတ်ဝင်စားလို့ လာလျှောက်တဲ့ LGBT ဘယ်နှစ်ဦးလောက် ရှိသလဲ။

လာလျှောက်ကြပါတယ်။ တကယ့် LGBT တွေ ချည်းပဲ။ Transgender အမျိုးသားအဖြစ် ခံယူထားတာက (၄)ယောက် လောက်ပါတယ်။ Transgender အမျိုးသမီးအဖြစ် ခံယူထားတာ (၆)ယောက်လောက် စာရင်းပါတယ်။ အင်တာဗျူးလာဖြေတာက (၄)ယောက် လာဖြေတယ်။ အဲထဲကမှ (၃)ဦး ပြန်ရွေးတယ်။

 

တကယ့် LGBT အစစ်တွေကို ခေါ်သုံးတော့ သရုပ်ဆောင်တဲ့အပိုင်းမှာ သင်ကြားမှုအခက်အခဲတွေ ရှိခဲ့သေးလား။

ဇွန်လပိုင်း(၁၃)ရက်လောက်ကနေ လကုန်ထိ ရိုက်ဖြစ်ခဲ့တာပေါ့။ ရိုက်ကူးမှုမှာ သူတို့အတွက် ဒီဇာတ်ကောင်တွေက သီးသန့်လေ့လာတာမျိုးတော့ မရှိပါဘူး။ အပြင်မှာလည်း မြင်ဖူး တွေ့ဖူးနေတာမို့ အဆင်ပြေပါတယ်။ ဒိုင်ယာလော့တွေလည်း နည်းတယ်။ အခက်အခဲတော့ မရှိဘူး။ သာမန်ပုဂ္ဂိုလ်တွေထက်စာရင် မရှက်မကြောက် ပိုပြီးသရုပ်ဆောင်နိုင်တယ်။

 

LGBT တွေအပေါ် အစ်ကိုရဲ့အမြင်လေး သိလိုပါတယ်။

သူတို့တွေလည်း လူသားတွေ ပါပဲ။ လူတွေထဲက လူတွေပါပဲ။ ခွဲခြား မဆက်ဆံပါနဲ့။

 

အစ်ကိုအနေနဲ့ အခြားရုပ်ရှင်နဲ့ ဗီဒီယိုတွေမှာ LGBT တွေကို ဟာသဇာတ်ရုပ်အဖြစ် ရိုက်ကူးနေတဲ့အပေါ် ဘယ်လိုအမြင်ရှိလဲ။

သူတို့ကို ခွဲခြားပြီးတော့ မဆက်ဆံစေချင်ဘူး။ တကယ်က လူက လူပဲလေ။ အကုန်လုံးကို ခွဲခြားမမြင်စေဘဲ တန်းတူဆက်ဆံစေချင်တယ်။ ကျွန်တော်တို့ အခုလုပ်တာဆိုရင်လည်း အဲလိုမျိုးပဲ မတူကွဲပြားတဲ့ အကုန်လုံးကို ပေါင်းစည်းပြီးတော့ တစ်စုတစ်စည်းတည်း ဖြစ်စေချင်တာပေါ့နော်။ မခွဲခြားစေချင်ဘူးပေါ့။

 

LGBT တွေပုံစံ ဟာသအနေနဲ့ရိုက်တော့ ဇာတ်ရုပ်နဲ့ တကယ့်အပြင်က ဘဝတွေ မတူညီတဲ့အခါ သူတို့အတွက် ဘယ်လိုရိုက်ခတ်မှု ရှိသွားနိုင်မယ်လို့ ထင်ပါသလဲ။

တက်တူးကြီးတွေနဲ့ မိန်းမလျာလုပ်ခိုင်းတာ တွေ့ဖူးတယ်။ တချို့ကျတော့ သရော်တဲ့အပိုင်း ရောက်သွားရင် ရောက်သွားမှာပေါ့။ တချို့ကျတော့လည်း သူတို့ကို လူ့အသိုင်းအဝိုင်းမှာ သက်သက်ကြီးကို ထားထားကြတယ်ပေါ့။ အဲ့လိုတော့ အမြင် ရောက်သွားနိုင်တယ်ပေါ့။

 

အခုလို အချိန်ပေးဖြေကြားပေးတဲ့ ဒါရိုက်တာ သတိုးကိုကိုကို ကျေးဇူးတင်ပါတယ်။

ဟုတ်…အခုလို တကူးတက မေးမြန်းပေးတဲ့ Colors Rainbow အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။

                                                                                                                                                                လဲ့လဲ့

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.