ယနေ့ခေတ် မြန်မာ့ရုပ်ရှင်၊ ဗွီဒီယိုတွေမှာ LGBT ဇာတ်ကောင်တွေကို ရယ်စရာ၊ နောက်စရာတွေအဖြစ် ရိုက်ကူးနေကြတာတွေကို ဝေဖန်လိုက်တဲ့ ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် တိုင်ရွန်

မိန်းမလျာတွေကို ဟာသအဖြစ်လုပ်နေတာမျိုးကို မဖြစ်စေချင်လို့ မိန်းမလျာဇာတ်ရုပ် မရိုက်ဘူးလို့ဆိုတဲ့ တိုင်ရွန်ကို LGBT ပေါ်ထားတဲ့ သူရဲ့ ခံယူချက်၊ အမြင်တွေကို မေးမြန်းထားပါတယ်။

မေး – မင်္ဂလာပါ တိုင်ရွန်။

ဖြေ- မင်္ဂလာပါ…။

မေး- အခုတစ်လော တိုင်ရွန်အနေနဲ့ မိန်းမလျာဇာတ်ရုပ်တွေ မရိုက်ချင်ဘူးလို့ ပြောနေကြတယ်။ အဲဒါ ဘာကြောင့်ပါလဲလို့ ပရိသတ်တွေက အရမ်းသိချင်နေကြတယ်။

ဖြေ- ကျွန်တော်အနေနဲ့ မိန်းမလျာဇာတ်ကောင်နေရာကို မရိုက်ဘူး။ အကြောင်းအရင်းက ကျွန်တော်နဲ့မလိုက်ဘူးလို့လည်း ထင်တာရယ် နောက်ပြီးတော့ သူတို့ကို ဟာသလုပ်နေတာမျိုးကိုလည်း မဖြစ်စေချင်လို့ မရိုက်တာပါ။

မေး- မိန်းမလျာဇာတ်ရုပ်တွေအတွက် လာရောက် ကမ်းလှမ်းတာတွေ ရှိလား။

ဖြေ- ကမ်းလှမ်းတာကို ငြင်းထားတာ နှစ်ကားရှိသွားပြီ။ နောက်ပိုင်းလည်း ရိုက်ကူးဖို့ အစီအစဉ်မရှိပါဘူး။

မေး- အခု မြန်မာ့ရုပ်ရှင်၊ ဗွီဒီယိုတွေမှာ LGBT ဇာတ်ကောင်တွေကို ရယ်စရာ၊ နောက်စရာတွေအဖြစ် ရိုက်ကူးနေကြတာတွေကို တိုင်ရွန်အနေနဲ့ ဘယ်လိုမြင်မိလဲ ။

ဖြေ- တစ်ခါတစ်လေ ကြည့်ရတာတော့ ကောင်းပါတယ်။ ရယ်လည်း ရယ်ရတယ်။ ဒါပေမဲ့ အမြဲတမ်းကြီး ကြည့်ရတာတော့ ဒါမျိုးကြီးကိုပဲ နှိမ့်ချပြီးတော့ အခြောက်တွေက ယောင်္ကျားမြင်ရင် နန့်နန့်တက်တာမျိုး၊ အမှန်က အဲလိုမဟုတ်တာတွေ အများကြီးပါ။ အိန္ဒြေရှိရှိ၊သိက္ခာ ရှိရှိနဲ့ နေတဲ့လူတွေလည်း အများကြီးဆိုတော့ အဲလိုမျိုးရုပ်ရှင်တွေက လူတွေရဲ့စိတ်ကို လွှမ်းမိုးစေနိုင်တယ်ဆိုတော့ အထင်တွေလွဲသွားမျိုးက အဆင်မပြေဘူး။ အဲလို မြင်မိပါတယ်။

မေး- ဒါဆို အဲလိုရိုက်ကူးမှုတွေက LGBTတွေအပေါ် လူမှုဝန်းကျင်ကအမြင်တွေ တစ်မျိုးပြောင်းသွားတယ်လို့ ပြောချင်တာလား။

ဖြေ- ရုပ်ရှင်တွေက ကြည့်ပါများရင် ရုပ်ရှင်ထဲက ကာရိုက်တာတစ်ခုက လွှမ်းမိုးသွားသလိုပေါ့။ အရင်တုန်းက သင်္ဘောသားတွေဆို မိန်းမရှုပ်တယ်။ ဒါမျိုးတွေ ထည့်ရိုက်တာများတော့ ပြင်ပလောကလူတွေကိုပါ သွယ်ဝှက်သောနည်းအားဖြင့် ထိခိုက်တာလေးတွေ ရှိတယ်။ ဒါက ရိုက်ကူးပါများရင် ဖြစ်တာပါ။

မေး- တိုင်ရွန်အနေနဲ့ LGBTဇာတ်ကောင်တွေကို ရုပ်ရှင်၊ဗွီဒီယိုတွေမှာ ဘယ်လိုပုံစံမျိုးရိုက်ပြပေးဖို့ အကြံပြုချင်လဲ။

ဖြေ- အဓိကက ရုင်ရှင်တစ်ကားဆိုတာ ဖန်တီးထုတ်လုပ်သူတွေ ရိုက်ကူးမှုတွေပေါ် မူတည်ပါတယ်။ ကျွန်တော်တို့ သရုပ်ဆောင်တွေအနေနဲ့က ဘာမှပြောလို့မရပါဘူး။ ကိုယ်မကြိုက်ရင် မရိုက်နဲ့ပေါ့။ ဒီလောက်ပဲ ရှိပါတယ်။

မေး- LGBTတွေအပေါ် ဘယ်လိုအမြင်ရှိလဲ။

ဖြေ- LGBTတွေအပေါ်အမြင်က ဘာမှမထူးဆန်းပါဘူး။ သူတို့လည်း အကောင်းဆုံးကြိုးစားနေတဲ့ လူတွေပဲလေ။ လူထဲက လူတွေပါပဲ။ ကျွန်တော်အတွက်တော့ ဘာမှမထူးဆန်းပါဘူး.။

မေး-တကယ်လို့ LGBT နဲ့ပတ်သက်ပြီး အသိပညာပေးတဲ့ ဇာတ်ကားမျိုးဆိုရင်ရော ပါဝင်ဖို့ရှိလား။

ဖြေ- LGBTတွေအတွက် ထောက်ပံ့မှုအကြီးအကျယ်တစ်ခုဖြစ်သွားရင်တော့ ကျွန်တော်ကူညီဖို့အတွက် ဝန်မလေးပါဘူး။ LGBTတွေအတွက် တစ်ဖက်တစ်လမ်းက ထောက်ပံ့မှု၊ ပြန်ပြီးတော့ ချေဖျက်နိုင်မဲ့ဟာမျိုး၊ LGBT အတွက် ကောင်းမွန်တဲ့ အရာတစ်ခုဖြစ်လာမယ်ဆိုရင် ကျွန်တော် ကူညီသွားမှာပါ။

မေး- Colors Rainbow မဂ္ဂဇင်း စာဖတ်ပရိသတ်တွေအတွက်ရော LGBTတွေအားလုံးအတွက် ဘယ်လို စကားလက်ဆောင် ပါးချင်လဲ။

ဖြေ- ရိုက်ကွင်းတွေမှာလည်း ကျွန်တော်အကုန်လုံးနဲ့ ရင်းနှီးပါတယ်။ သူတို့လည်း မိသားစုကို လုပ် ကိုင် ရှာဖွေ ကျွေးမွေးနေသူတွေ အများကြီးပါလို့။ အဲအတွက်ကြောင့် ဘာမှသိမ်ငယ်စရာလည်း မလိုဘူး။ ရှက်စရာလည်း မလိုဘူး။ ဖုံးကွယ်စရာလည်း မလိုဘူး။ ဒီအရာက လုပ်ယူထားတဲ့အရာလည်း မဟုတ်ဘူး။ ကိုယ့်ရဲ့သဘာဝပဲဖြစ်တဲ့အတွက် ဘာမှ ရှက်စရာကြောက်စရာ မလိုပါဘူး။ ကိုယ့်ဘဝကို အရဲရင့်ဆုံးနေပြီးတော့ လူထဲက လူပီသအောင်နေလို့ရှိရင် တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်လာမှာပါလို့ ကျွန်တော်ပြောချင်ပါတယ်။

မေး- ခုလို စိတ်ရှည်ရှည်ဖြေကြားပေးတဲ့အတွက် Colors Rainbowက ကျေးဇူးတင်ပါတယ်။
ဖြေ- ကျွန်တော်ကလည်း Colors Rainbow က ကျေးဇူးတင်ပါတယ်။

                                                                                                                                                               မှုန်လေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.