LGBT တွေကို တိုက်ခိုက်တာမျိုး၊ ရှုတ်ချတာမျိုး မဟုတ်တာကြောင့် “ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖြစ်တာပါလို့ ပြောလိုက်တဲ့ မကြီးစန်း

ရန်ကုန်နဲ့ ငပလီမှာ သွားရောက်ရိုက်ကူးမဲ့ “ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်တဲ့ နာမည်ကြီး မိတ်ကပ်အလှဖန်တီးရှင် Transgender အမျိုးသမီးလေးဦးထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ မကြီးစန်းက LGBT တွေကို တိုက်ခိုက်တာမျိုး၊ ရှုတ်ချတာမျိုး မဟုတ်တာကြောင့် ဒီဇာတ်ကားကို ရိုက်ကူးဖြစ်တာပါလို့ ပြောလိုက်ပါတယ်။

“ LGBT တွေကို တိုက်ခိုက်တာမျိုး၊ ရှုတ်ချတာမျိုး မဟုတ်ဘဲနဲ့ ရိုးရိုးပြည်သူထဲက ခရီးသွားပြည်သူတွေအနေနဲ့ပဲ ပါတာဆိုတော့ မကြီးတို့အတွက် ထိခိုက်နစ်နာစရာ သိပ်မရှိဘူးပေါ့လေ။ ခရီးသွားတဲ့သူအချင်းချင်း ကားပျက်တယ်။ မြင့်မြတ်တို့က ရောက်လာတယ်။ ခရီးသွားရင်း ဆုံကြတယ်။ ဒီလို ဇာတ်လမ်းလေးပါ။ ဒါကြောင့် ရိုက်ဖြစ်တာပါ။ အပြင်မှာ နာမည်ကြီးသူတွေကိုခေါ်ပြီး သရုပ်ဆောင်တဲ့ သဘောပေါ့။ ဒီဇာတ်လမ်းမှာ နှိမ့်ချတာမျိုး၊ ချိုးနှိမ်တာမျိုး မပါပါဘူး။ ရိုးရိုးခရီးသွားတယ်။ အလွဲလေးတွေ ဖြစ်တယ်ဆိုတာကိုပဲ ရိုက်ထားတာဖြစ်တဲ့အတွက် ပါဝင်ဖြစ်တာပါ”လို့ မိတ်ကပ်ခင်စန်းဝင်းက ပြောပါတယ်။ 

ဒီဇာတ်ကားကြီးမှာ နာမည်ကြီးမိတ်ကပ်အလှဖန်တီးရှင်တွေဖြစ်ကြတဲ့ မိတ်ကပ် ခင်စန်းဝင်း၊ မိတ်ကပ် မထက်(Pop Soul)၊ မိတ်ကပ် ညီညီမောင်(စမ်းချောင်း)နဲ့ မိတ်ကပ် လင်းလင်းတို့ပါဝင်ထားကာ သူတို့အနေနဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကား ရိုက်ကူးတာလည်း ဖြစ်ပါတယ်။

“ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးပွဲနဲ့ စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းအနားကို Taw Win Garden Hotel ရှိ Bagan Ballroom တွင် ဇန်နဝါရီ(၈)ရက်နေ့၊ ည(၇)နာရီမှာ ကျင်းပပြုလုပ်ခဲ့ကာ ဒါရိုက်တာ ပြည်ဟိန်းသီဟက တာဝန်ယူရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

“ယောင်္ကျားလေးတစ်ယောက်ဖြစ်လာရင် ယောင်္ကျားလေးဘဝကို ကြိုက်နှစ်သက်သူ ရှိတယ်။ ယောင်္ကျားလေးဖြစ်ပြီးတော့ မိန်းက လေးဘဝကို ကြိုက်နှစ်သက်သူ ရှိတယ်။ အဓိကကတော့ လူက လူပါပဲ။ ကျွန်တော်တို့ လူတန်းစားတွေ ခွဲခြားဆက်ဆံတာတွေ၊ နှိမ့်ချပြောဆိုတာတွေ လူတန်းစား ခွဲခြားဆက်ဆံတာတွေ မလိုဘူးပေါ့။ ကိုယ်ကြိုက်တဲ့ဘဝ ကိုယ်လျှောက်လှမ်းရမယ့်ဘဝ ကိုယ့်ဘဝ ကိုယ် အကောင်းဆုံးလျှောက်လှမ်းလို့ ရတယ်။ ကိုယ်ကြိုက်တဲ့လမ်းကို ရွေးလို့ရတယ်။ ဒါကြောင့် ကျားကျားကြိုက်ကြိုက်လို့ ပေးတာပါ”လို့ ဒါရိုက်တာ ပြည်ဟိန်းသီဟက ရှင်းပြထားပါတယ်။

ဒီဇာတ်ကားမှာဆိုရင်လည်း မင်းသားတွေအဖြစ် အကယ်ဒမီ မင်းမော်ကွန်းနဲ့ အကယ်ဒမီ မြင့်မြတ်တို့ ပါဝင်ထားပြီး တက္ကသိုလ်ဂွမ်းပုံ၊ ကေညီ ၊ အုန်းသီး၊ ချက်ကြီး ၊ ဖိုးသဲတို့နဲ့ ဧည့်သည်သရုပ်ဆောင်အဖြစ် ထက်ထက်ထွန်းနဲ့ ရွှေရင်အေးတို့လည်း ပါဝင်ထားပါတယ်။

“ကျွန်တော်က ကျော်ကြီးအဖြစ် ပါဝင်ထားပါတယ်။ မိန်းခလေးတွေကို အသည်းခွဲတဲ့သူပေါ့။ မြင့်မြတ်နဲ့က သူငယ်ချင်းပါ။ နည်းမျိုးစုံနဲ့ သူငယ်ချင်းကို အနိုင်ကျင့်တယ်၊ လူလည်ကျတဲ့ နေရာပေါ့။ ပထမဆုံးပါပဲ။ ထူးဆန်းတဲ့ အတွဲအဆက်တစ်ခုမို့ ရိုက်ကူးဖြစ်တာပါ။ LGBT တွေလည်း လူသားတွေပါပဲ။ ထူးခြားတဲ့ ဇာတ်တခုလို့ မြင်ပါတယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်”ဟု အကယ်ဒမီ မင်းမော်ကွန်းက သူ့အမြင်ကို ပြောပါတယ်။

ဒီဇာတ်ကားကို Half & Half Film Production က ပွဲဦးထွက် စီစဉ်ထုတ်လုပ်ရိုက်ကူးမှာဖြစ်ပြီး နာမည်ကြီး မိတ်ကပ်အလှဖန်တီးရှင် Transgender အမျိုးသမီးလေးဦးအပြင် LGBT ကိုယ်စားပြုအနေနဲ့  Transgender အမျိုးသမီးတွေဖြစ်ကြတဲ့ ခြူးသက်နွယ်၊ သက်တန့်နေ၊ ပန်းနုရတီ၊ လီလီချမ်း၊ ချမ်းချမ်းလိုပက်ဇ်၊ မိုး၊ ဖြိုးဧကရီ၊ မိုးစက်နေ၊ ကိုကိုး၊ ချာချာ၊ ကြွေ၊ ကသစ်ပိုင်၊ ပြည့်ပြည့်နဲ့ ပိုင်ပိုင်တို့ကလည်း ပါဝင်ကူညီရိုက်ကူးသွားဖို့ မိတ်ကပ် အန်တီမင်း(ကျောက်မြောင်း)က စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.