မြန်မာ့လက်ရွေးစင် ဘိလိယက်နှင့် စနူကာကစားသမား နေနေ(ခ)သန္တာမောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

ယခုလထုတ် မဂ္ဂဇင်းရဲ့အင်တာဗျုးအတွက် ရွေးချယ်ထားသူကတော့ ဘိလိယက်နှင့် စနူကာကစားသမား နေနေ (ခေါ်) သန္တာမောင်ပဲ ဖြစ်ပါတယ်။ နေနေဟာ မြန်မာ့လက်ရွေးစင် ဘိလိယက်နှင့် စနူကာကစားသမားတစ်ဦးဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံဂုဏ်ဆောင်နိုင်ဖို့ အိပ်မက်မက်နေသူလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၁၂ ခုနှစ်မှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ဘိလိယက် နှင့် စနူကာပြိုင်ပွဲ (အမျိုးသမီး) ရွှေတံဆိပ်ဆု ရရှိခဲ့သူဖြစ်ပါတယ်။

Transgender အမျိုးသား နေနေအနေနဲ့ သူဝါသနာပါတဲ့ ဘိလိယက်နှင့် စနူကာ အားကစားသမားတစ်ဦးဖြစ်ဖို့ ကြိုးစားခဲ့ရပုံတွေနဲ့ သူရဲ့ စိတ်ကူးအိပ်မက်တွေကို မေးမြန်းတင်ဆက်ထားပါတယ်။

အရင်ဆုံး ညီရဲ့ နာမည်နဲ့ လက်ရှိ ကစားနေတဲ့ အားကစားကို မိတ်ဆက်ပေးပါနော်။

ကျွန်တော်နာမည် နေနေပါ။ နာမည်ရင်းကတော့ သန္တာမောင်ပေါ့။ အကုန်လုံးကတော့ နေနေလို့ပဲ ခေါ်ကြတယ်။ ကစားတာကတော့ ဘိလိ ယက်နဲ့ စနူကာအားကစားနည်းပါ။ Pool & Snooker ကစားသမားပေါ့။

ဘိလိယက်နဲ့ စနူကာပြိုင်ပွဲမှာ ဘယ်လို ကစားနည်းမျိုးကို အမြဲကစားဖြစ်သလဲ။

ကျွန်တော် အမြဲကစားတာက Pool 9 Ball ပါ။ စနူကာက အိမ်ရှင်လုပ်တဲ့ပွဲတွေမှာပဲ ကစားရတာ။ ဆီးဂိမ်းအတွက်ကျတော့ မိန်းကလေး  စနူကာ မပါဘူးလေ။ သူတို့က ခုံလည်း မတူဘူး။ ဘောလုံးလည်း မတူဘူး။ စနူကာခုံက (၁၂)ပေရှိတယ်။ Pool ခုံက (၁၀)ပေ ရှိတယ်။ ကျင်းတွေ ကျယ်တယ်။ နံပါတ်စဉ်နဲ့ ဘောလုံးကြီးတယ်။

လက်ရှိ ဘိလိယက်နဲ့ စနူကာမှာ မိန်းကလေးကစားသမားတွေရဲ့ ပါဝင်မှုအခြေအနေလေး ပြောပြပါဦး။

လက်ရှိ ကျွန်တော်အပါအဝင် (၃)ယောက်ပဲ ရှိတယ်။ (၃)ယောက်မှာ (၂)ယောက်က Trans-Man ၊ တစ်ယောက်က မိန်းကလေး ပေါ့။ အရင်တုန်းက (၆)ယောက်ရှိခဲ့တယ်။ (၃)ယောက်က Trans-Man ပေါ့။ အခု မကစားနိုင်တော့တာ။ ဒီအပေါ်မှာ ရေရှည် မမြှုပ်နှံနိုင်ဘူး။ ဝန်ထမ်းတွေမဟုတ်တော့လည်း ရပ်တည်ရတာ ခက်ခဲတယ်။ Trans-Man ကစားသမားတွေက တခြားမိန်းကလေးတွေလို မဟုတ်ဘူး။ သူတို့က ယောကျာ်းလိုနေတော့ ရပ်ကွက်ထဲမှာပဲ ကစားရင်းနဲ့ ဒီထဲရောက်လာတာ။

ရပ်တည်ရတာ ခက်ခဲတယ်ဆိုတော့ နေနေအနေနဲ့ ဘယ်လို ရပ်တည်ခဲ့ရလဲ။

ကျွန်တော်တို့ လက်ရွေးစင်ကို နိုင်ငံတော်အနေနဲ့ကော အဖွဲ့ချုပ်အနေနဲ့ကော ထောက်ပံ့ကြေးပေးတယ်။ နေစရိတ်၊ စားစရိတ် ငြိမ်းပေါ့။ ပြီးတော့ လေ့ကျင့်ဖို့အတွက်လည်း ပစ္စည်းအစုံပေးတယ်။ လေ့ကျင့်ကွင်း အသွားအပြန်တွေကိုလည်း အကြိုအပို့ ရှိတယ်။ လက်ရွေးစင်တွေ တော်တော်များများက ဝန်ထမ်းများတယ်။ ရန်ကုန်လာတယ်ဆိုလည်း လမ်းစရိတ် ပြန်ထုတ်ပေးတယ်။ ဝန်ထမ်းလည်းဖြစ်တော့ လစာလည်း ရတယ်။ စခန်းသွင်းလေ့ကျင့်နေချိန်၊ ကစားနေတဲ့အချိန်မှာလည်း လစာရတယ်။ ရုံးမတက်ရဘူး။ နားတဲ့အချိန်မှာတော့ နေပြည် တော်မှာ ရုံးပြန်တက်ရတာပေါ့။

လက်ရှိ ဘာတာဝန်တွေ ထမ်းဆောင်နေတာလဲ။

ကျွန်တော် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာ နည်းပြနည်းစနစ်မှူး ပေါ့။

ဘိလိယက်နဲ့ စနူကာ ကစားနည်းကို ဘယ်တုန်းကတည်းက ဝါသနာပါခဲ့တာလဲ။

ပြောရရင် ခြောက်တန်းလောက်ကတည်းက အဖေက စည်ပင်ဝန်ထမ်းဆိုတော့ ဝင်းထဲမှာ ဘိလိယက်ခုံ ရှိတယ်။ ရှိတာကို အရင်က မသိဘူး။ တစ်ရက် ကျောင်းပိတ်ရက် သူငယ်ချင်းတွေနဲ့ လျှောက်ဆော့နေရင်းနဲ့တွေ့တော့ ကျွန်တော် စိတ်ဝင်စားသွားတယ်။ ကစားချင်လာတယ်။ အဲဒီမှာ လက်ရှိလည်း လက် ရွေးစင်ပဲ ဆရာ ဦးအောင်ဆန်းဦးပေါ့။ ကျွန်တော် လက်ရင်းဆရာပါ။ သူက ကစားချင်လို့လား ဝါသနာ ပါလား မေးတာပေါ့။ အဲတုန်းက သူလည်း လေ့ကျင့်နေတုန်း လက်ရွေးစင် မဖြစ်သေးဘူး။ စည်ပင်က ကစားသမားပေါ့။ သူ ထိုးတာ ကျွန်တော်ကြည့်ချင်တော့ ဘောလုံးကောက်ပေးတယ်။ နောက်နေ့ကျတော့ခေါ်ပြီး သင်ပေးတယ်။ သင်ပေးရင်းနဲ့ လက်ရည်တက်လာတယ်။ ကျွန်တော် အားနေရင် ဘိလိယက်ခုံပဲ သွားနေတာ။

မြန်မာပြည်မှာက ဘိလိယက်ဆိုတာ ယောကျာ်းလေးတွေ ကစားတာပဲ အများဆုံးတွေ့ရတဲ့ ကစားနည်းဆိုတော့ မိဘတွေ ရဲ့ သဘောထားကကော ဘယ်လိုရှိခဲ့လဲ။

အဲတုန်းက ငယ်သေးတော့ မိဘတွေက သဘောမကျဘူး။ မိန်းကလေး ဘိလိယက်ခုံ မသွားရဘူးပေါ့။ နောက်ပိုင်း ကိုယ်ကစားတာ အဆင် ပြေလာတော့ လူပြောသူပြော များလာတဲ့အချိန်ကျတော့ အိမ်ကလည်း မပြောတော့ဘူး။ ကျွန်တော် (၁၀)တန်းလောက်အထိ တိုက်ကွမ်ဒိုလည်း ဆော့တယ်။ အဖေက ဘောလုံးသမားဆိုတော့ ဘောလုံးလည်း ကစားဖြစ်ခဲ့တယ်။

အခုလို အားကစားတွေထဲကမှ ဘိလိယက်နဲ့ စနူကာ ကစားနည်းကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲ။

ဟုတ်။ ဆယ်တန်းလည်း ဖြေပြီးတော့ အဖေက ပြောတယ်။ အကုန်လုံး လိုက်လုပ်နေလို့ မရဘူး။ အားကစားနည်းထဲက တစ်ခုကို ရွေးပေါ့။ ဘောလုံးကျတော့ ပင်ပန်းလို့၊ တိုက်ကွမ်ဒိုကျရင်လည်း ခြေကျိုးလက်ကျိုးဖြစ်မှာ စိုးလို့ဆိုတော့ ဒါဆို ဘိလိယက်ပဲ ထိုးတော့မယ်ပေါ့။ အဲကွန်းထဲမှာ အေးအေးဆေးဆေးပဲ ပင်လည်း မပင်ပန်းဘူးပေါ့။ ကိုယ်ကလည်း ဒါပဲ တကယ်လုပ်ချင်တဲ့အခါ ဒီကစားနည်းကိုပဲ ရွေးလိုက်တယ်။

ဒီလို ရွေးချယ်လိုက်ပြီးနောက် ပြိုင်ပွဲတွေကို ဘယ်တော့လောက် စကစားဖြစ်ခဲ့လဲ။

ဒီလိုရွေးချယ်ခဲ့ပေမယ့် မိန်းကလေးပွဲက မရှိသေးဘူးလေ။ ပြိုင်ပွဲမရှိတဲ့အခါကျတော့ ကစားလို့ မရဘူးလေ။ ဒီတိုင်းပဲ ထိုးနေရတယ်။ ကျောင်းတက်နေတယ်ဆိုရင် ဒီလိုပဲ သူငယ်ချင်းတွေခေါ်ရင် သွားထိုးတယ်။ အပြင်မှာလည်း ဒီလိုပဲ လိုက်ကစားဖြစ်တယ်။ ကျွန်တော် အလုပ်တွေဘာတွေ လုပ်နေပြီ။ ၂၀၁၂ ခုနှစ်လောက်ကျမှ ပထမဆုံး မိန်းကလေးပြိုင်ပွဲ စဖြစ်တယ်လေ။ အဲပြိုင်ပွဲမှာ စထိုး ဖြစ်ခဲ့တာပါ။


အဲဒီ မိန်းကလေးပြိုင်ပွဲမှာရော ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေ ရှိခဲ့လဲ။

ဆရာက ပြိုင်ပွဲ အရမ်းဖြစ်စေချင်တယ်။ ဒါက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆို မိန်းကလေးကို အားမပေးသေးဘူး။ မိန်းကလေးပြိုင်ပွဲလည်း မလုပ်ဖူးသေးဘူး။ ဒီတော့ ပြိုင်ပွဲဖြစ်တော့ အားရဝမ်းသာနဲ့ ဖုန်းဆက်ပြောတယ်။ အဖွဲ့ချုပ်မှာ ဖောင်သွားတင်ဖို့ပေါ့။ အဲချိန်မှာ ကျွန်တော်က လျှပ်စစ်ပစ္စည်းကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီလေ။ ပြိုင်ပွဲကလည်း (၁၀)ရက်ကျော်လောက် ကြာမယ်။ ခွင့်မရနိုင်ဘူးပေါ့။ ဒါပေမဲ့ ဖောင်တော့ သွားတင်ခဲ့တယ်။ ကျွန်တော် ဒီပြိုင်ပွဲကို စောင့်နေတာလေ။ အလုပ်ရှင်ကို ပြောကြည့်တော့ ကျွန်တော်က အတွင်း ရေးမှူးပုံစံမျိုးနဲ့ လုပ်နေတာဆိုတော့ ကျွန်တော်မရှိရင် အဆင်မပြေဘူးလေ။ အဲတော့ အလွန်ဆုံးခွင့်ရ (၂)ရက်ပေါ့။ (၁၀)ရက်လောက် ခွင့်မရနိုင်ဘူးဆိုတော့ အလုပ်က ထွက်လိုက်တယ်။ ပထမဆုရမယ်၊ ဒုတိယ ဆုရမယ်ဆိုတာ မသေချာဘူး။ ဒါပေမဲ့ ကျွန်တော် ဒီပြိုင်ပွဲကို ပြိုင်မယ်။ ပြိုင်ပွဲပထမဆုံးရက်ကတည်းက ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုရှိတယ်။ အဲဒီ စပြိုင်တဲ့ပြိုင်ပွဲမှာ မိန်းကလေးကစားသမား (၄၄) ယောက် ကစားကြတယ်။ မြန်မာပြည်မှာ ပထမဆုံးစလုပ်တဲ့ပွဲမှာ ကျွန်တော် ပထမဆု ရခဲ့တယ်။ အဲတုန်းက ဆုကြေးက ဆယ်သိန်းပေါ့။ One to Four ကို လက် ရွေးစင် ရွေးတယ်။ ၂၀၁၂ ခုနှစ်ကပြီး လက်ရွေးစင် စဖြစ်ခဲ့တယ်။ အဲကတည်းက ပြည်တွင်းပွဲတွေ တောက် လျှောက်ကစားခဲ့တာ ရွှေတံဆိပ်ဆုကြီးပဲ ရခဲ့တာ။ ၂၀၁၃ ခုနှစ် ဆီးဂိမ်းမှာ ဆုမရတော့ စိတ် ဓာတ်ကျသွားသေးတယ်။ စိတ်ဓာတ်ကျပြီး မကစားဖြစ်တော့ဘူး။ တကယ့်တကယ် စွန့်လွှတ်နိုင်လားဆိုတော့ ဒီကစားနည်းကို မစွန့်လွှတ်နိုင်ဘူးလေ။ စင်္ကာပူဆီးဂိမ်းမှာ နားလိုက်ပြီး မလေးရှား၊ ဖိလစ်ပိုင် ဆီးဂိမ်းတွေ ဆက်ကစား ဖြစ်တယ်။

အခုလို အလုပ်ထွက်ပြီး ဒီကစားနည်းကို ရွေးချယ်လိုက်တဲ့အပေါ်မှာ မိသားစုရဲ့ ဖိအားတွေကို ရင်ဆိုင်ရတာရှိသေးလား။

အိမ်ကကျတော့ ကျွန်တော်နဲ့ပတ်သက်ပြီး ဆယ်တန်းအောင်ပြီးကတည်းက ဘာလုပ်ပါ ညာလုပ်ပါ မပြောဘူး။ မေဂျာရွေးချယ်တာတွေကအစ အားကစားရွေးချယ်တာကအစ ဖိအားမပေးဘူး။ ကိုယ့်ရွေး ချယ်မှုနဲ့ ကိုယ်ပဲ။ အဖေကပြောတယ်။ ကိုယ်ကောင်းတာလုပ်ရင် ကိုယ်ကောင်းတာ ဖြစ်မယ်။ ဆိုးတာလုပ်ရင် ဆိုးတာဖြစ်မယ်။ အရာအားလုံးက ကိုယ်လုပ်ရပ်ပေါ်ပဲ မူတည်တယ်။ အဲတော့ ရွေးချယ်ရမှာလည်း ကိုယ်ပဲ။ ခံစားရမှာလည်း ကိုယ်ပဲ။

ကိုယ်က Transgender အမျိုးသားဆိုတာ ဘယ်တုန်းကတည်း က သိခဲ့တာလဲ။

ကျွန်တော် ငယ်ငယ်ကတည်းက သိခဲ့တာပါ။ ငယ်တုန်းက ရေချိုးပြီးလို့ အမေက အဝတ်စားတွေ ထုတ်ပေးလို့ရှိရင် ဂါဝန်တွေ၊ မိန်းကလေး အဝတ်အစားဖြစ်နေရင် အရမ်းစိတ်ကျဉ်းကျပ်တာ။ ဒါပေမဲ့ ပြောလို့ မရဘူးပေါ့။ နည်းနည်းကြီးလာတဲ့အချိန် အမေက ထုတ်မပေးတော့ဘူး။ ကိုယ့်ဖာသာ ထုတ်ဝတ်တဲ့အချိန်ကျရင် အမေဝယ်ပေးထားတဲ့ ဂါဝန်တွေ၊ စကပ်တွေ ကျွန်တော်တစ်ခါမှ ထုတ်မဝတ်တော့တဲ့ အထဲမှာ ပါတယ်။ (၄)တန်းကနေ (၉)တန်းထိက မိန်းကလေးကျောင်းမှာ နေခဲ့တာ။ ထမီလည်း မဝတ်တတ်ဘူး။ ကြိုးနဲ့ထမီပဲ ဝတ်တတ်တယ်။ ရိုးရိုးထမီဆိုရင် ကျောင်းခန်းထဲရောက်လို့ရှိရင် ပုဆိုး ဖြစ်သွားတယ်။ မိန်းကလေးဝတ်စားဆင်ယင်မှုကို ငယ်ငယ်ကတည်းက မကြိုက်ခဲ့ဘူး။

ကိုယ်ရဲ့ ဖြစ်တည်မှုကြောင့် ကျောင်းနဲ့ ပတ်ဝန်းကျင်မှာ ခွဲခြားမှုတွေ ခံခဲ့ရသေးလား။

ကျောင်းနေတုန်းက မိန်းကလေးကျောင်းတက်ခဲ့တာလည်း ပါမယ်။ (၉)တန်း၊ (၁၀)တန်းမှာ အထက် တန်းကျောင်း ပြောင်းတော့လည်း ကျွန်တော်တက်ခဲ့တဲ့ ကျောင်းတွေမှာ မိန်းကလေးချင်း တရားဝင်မဟုတ်ရင်တောင် အပျော်သဘောနဲ့ အချစ်တော်ဆိုတာ တွေတောင် ရှိခဲ့ဖူးတော့ အဲဒီပေါ်မှာ သူငယ် ချင်းတွေရဲ့ ခွဲခြားဆက်ဆံမှုက မရှိဘူး။ ပြီးတော့ တစ်ခုခုဆိုရင် ကိုယ်က အပေါင်းအသင်းထဲမှာ ဦး ဆောင်ပြီး လုပ်တယ်။ ယောကျာ်းလေးတစ်ယောက်လိုပေါ့။ အကုန်လုံးက လက်ခံပေးကြတယ်။ ကျွန် တော်နေခဲ့တဲ့ ပတ်ဝန်းကျင်ကလည်း စည်ပင်ထဲမှာလည်း အားကစားနဲ့ပတ်သက်တဲ့ ပိုက်ကျော်ခြင်း၊ ဘောလုံးဘာညာ အကုန်ရှိတယ်။ ကိုယ်က ငယ်သေးပေမယ့် Transgender အမျိုး သားတွေ ရှိတယ်။ ပတ်ဝန်းကျင်က သူတို့ကို မြင်နေကျ၊ တွေ့နေကျ ပတ်ဝန်းကျင်မှာ နေခဲ့ရတော့ ကျွန်တော်အတွက် သိပ်မခက်ခဲ့ဘူး။

Transgender အမျိုးသားဖြစ်နေတာကို မိသားစုဘက်က လက်ခံမှုရှိလား ။

ငယ်ငယ်က ကျွန်တော်တို့ စည်ပင်ပတ်ဝန်းကျင်မှာလည်း ယောကျာ်းလေးပုံစံ နေကျသူတွေ ရှိတယ်။ ကိုယ့်အတွက် မြင်နေကျ ဖြစ်နေတယ်။ ကိုယ်ကျ ဒီလိုနေဖို့အတွက် မိသားစုနဲ့ အဆင်မပြေဘူးပေါ့။ အိမ်မှာ အဖေရှိနေတဲ့အခါကျတော့ ယောကျာ်းလေးပုံစံ ပြုမှုနေထိုင်မှုက အဆင်မပြေဘူး။ အမေကတော့ ဘာမှ သိပ်မပြောဘူး။ အဖေကတော့ ယောကျာ်းလေးပုံစံ နေတာကို သိပ်မကြိုက်ဘူး။ မောင်နှမ (၃) ယောက်ရှိတာမှာ ကျွန်တော့်အောက်မှာ မောင်တစ်ယောက်ရှိတယ်။ အငယ်ဆုံးက ညီမလေးပေါ့။ ကျွန်တော် ဘယ်လိုစိတ်မျိုးရှိတယ်ဆိုတာ အဖေက သိတော့သိနေမယ်။ ပါးစပ်ကတော့ တိုက်ရိုက် မပြောဘူးပေါ့။ ဆံပင်အရှည်တွေ ထားရတယ်။ ကျွန်တော် လက်ရွေးစင်ဖြစ်ပြီး နေပြည်တော်ရောက်တော့မှ လုံးလုံးလျားလျား နေချင်တဲ့ပုံစံ ပြောင်းပစ်တယ်။ ဆံပင်တွေဘာတွေ အကုန်ညှပ်ပစ်တယ်။ တက်တူးတွေပါ ထိုးပစ်လိုက်တယ်။ တက်တူးထိုးပြီး (၂)နှစ်လောက်အထိ အဖေ့အနား မသွားရဲဘူး။ ပိတ်ရက်မှာ သူများတွေ အိမ်ပြန်ကြရင် ကျွန်တော် သိပ်မပြန်ဖြစ်ဘူး။ နေပြည်တော်မှာပဲ နေဖြစ်တယ်။ ပုံစံပြောင်းသွားတဲ့အပေါ်မှာ အဖေ ဘယ်လိုတုံပြန်မလဲဆိုတာ မသေချာဘူးလေ။ လက်ရွေးစင်ဖြစ်ပြီးနောက်ပိုင်းမှ နေရထိုင်ရတာ ပိုအဆင်ပြေသွားတာပေါ့။

ဘယ်ချိန်မှာ အဖေရဲ့ ယုံကြည်မှုကို ရခဲ့တာလဲ။

တကယ့်တကယ် ကောင်မလေးနဲ့တွေ့ပြီးတော့မှ သူနဲ့လည်း မိသားစုနဲ့ တွေ့ပေးရတော့မယ်လေ။ အဲချိန်မှာ အဖေနဲ့ သိပ်မတွေ့တဲ့ (၂)နှစ်ကျော် (၃)နှစ်လောက်မှာ ပြန်ဖြစ်တော့ ပထမဦးဆုံး စစတွေ့ချင်း စိတ်လှုပ်ရှားတယ်။ ဒါပေမဲ့ အဖေက ဘာမှမပြောဘူး။ မသိချင်ယောင်ဆောင်နေတယ်။ အရွယ်လည်း ရောက်နေပြီ။ ကိုယ့်ခြေထောက်ပေါ်လည်း ရပ်နေပြီ။ သူတို့နောက်က ပံ့ပိုးပေးတာ ထောက်ပံ့ပေးတာ မပါဘဲနဲ့ ကိုယ့်လမ်းကိုဖောက်ခဲ့တော့ အဖေ ဘာမှမပြောတော့ဘူး။ အဲကနေစပြီး ကျွန်တော်နေချင်တဲ့ပုံစံကို ပွင့်ပွင့်လင်းလင်း နေတယ်လေ။

နေနေအနေနဲ့ မြင်နေကျပတ်ဝန်းကျင်မှာ နေခဲ့ရတော့ ခွဲခြားမှု၊ အခက်ခဲမှုတွေ မရှိခဲ့ပေမယ့် အရင်က အပြင်အလုပ်တွေ လုပ်ခဲ့တဲ့ အခါမှာကော ခွဲခြားမှုတွေ ရှိခဲ့သေးလား။

ကျွန်တော်အပြင်မှာ ပထမဆုံးလုပ်တုန်းကလည်း လုံခြုံရေးနဲ့ ဝင်ခဲ့ရတာဆိုတော့ ဝတ်ရတဲ့ အဝတ်အစားကလည်း အဆင်ပြေတယ်။ အဲ့ကနေ FME ပြောင်းတော့လည်း ယောကျာ်းလေး၊ မိန်းကလေးဝတ်ရတဲ့ အဝတ်အစားကလည်း အတူတူပဲ။ ဘောင်းဘီ၊ တီရှပ်နဲ့ပဲ။ အဲကနေ ထွက်ပြီး Electronics စင်တာမှာ အတွင်းရေးမှူးအနေနဲ့ ဝင်လုပ်တဲ့အခါ မြန်မာဝတ်စုံဝတ်ရတယ်။ ပထမဆုံးပြိုင်ပွဲတုန်း အလုပ်ထွက်သာ ထွက်လိုက်တာ အဲတုန်းက လစာက ကောင်းပါတယ်။ လုံးလုံးထွက်လိုက်တာက အဝတ်အစားကြောင့်လည်း ပါတယ်။ ကိုယ်က အရေးပါအရာရောက်တဲ့နေရာမှာ အလုပ်လုပ်နေပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘူး။ လစာလည်းကောင်း ကိုယ့်အတွက်လည်း တက်လမ်းလည်းရှိတယ်ဆိုပေမယ့် ကျွန်တော်ထင်တယ် အဲအချိန်က အဲစိတ်တွေက လွမ်းမိုးနေတယ်။ အဲဒါကြောင့်လည်း ပါတယ် ထွက်ပစ်လိုက်တာ။

နေနေအနေနဲ့ LGBT ဆိုတဲ့ ဝေါဟာရကို ဘယ်တုန်းကတည်းက နားလည်ခဲ့တာလဲ။

ပြောရမယ်ဆိုရင် Facebook တွေပေါ်လာမှ Trans –Man တို့ Tomboy တို့ Lesbian တို့ အခေါ်အဝေါ်တွေ သိလာရတာပါ။ ကျွန်တော်က တစ်ခုခုဆိုရင် ကိုယ့်ဖာသာ လေ့လာတာများတယ်။ သိချင်တာတွေကို အင်တာနက်က ရှာတယ်။ ဒါပေမဲ့ LGBT အကြောင်းကို အကုန်နားလည်ဖို့က အလှမ်းဝေးနေသေးတယ်ပေါ့။

                                                                                                                                                ကြယ်စင်လင်း

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.