အရီးတုတ်

ကသာမြို့ ရပ်ကွက်(၃)တောင်ပိုင်းလို့ခေါ်တဲ့ ရပ်ကွက်တစ်ခုရှိ လမ်းသွယ်လေးထဲမှာ ခြေတန်ရှည် ဝါးထရံကာ သုံးခန်းပတ်လည် အိမ်ဟောင်းအတွင်း အသက်(၈၇)အရွယ် အဘွားအိုတစ်ဦးနဲ့အတူ ဆံပင်တို ကပ်ကပ်ညှပ်ထားပြီး ပုဆိုးတိုတို အမျိုးသားတစ်ဦးလို ဝတ်ဆင်ထားတဲ့ ပိန်ပိန်ပါးပါး အသက်(၇၀)ဝန်းကျင်ရှိသူ နှစ်ဦးတို့ နေထိုင်ကြပါတယ်။

အိမ်ဦးခန်းလို့ခေါ်တဲ့ ဘုရားစင်မှာ ပန်းရေချမ်းတို့ ဝေဝေဆာဆာပူဇော်ထားပြီး ထောင့်တစ်နေရာရှိ အံ့ဆွဲသုံးဆင့်ပါ ဗီရိုစားပွဲပေါ်မှာတော့ မှန်ဘောင်ကွပ်အဖြူအမဲ မိသားစုဓာတ်ပုံတွေ ရှိနေပါတယ်။ မလှမ်းမကမ်းက မှန်ဗီရိုဟောင်းထဲမှာ ဆုတံဆိပ်တွေကို အစီအရီ အမြတ်တနိုးထည့်ထားတာကို မှုန်ဝါးနေတဲ့ မှန်အတွင်း တွေ့ရပါတယ်။

အခုလို ပကာသနမရှိတဲ့ နေ့စဉ်ဘဝကို ရိုးသားအေးချမ်းစွာ ဖြတ်သန်းနေသူကတော့ ရပ်ကွက်ထဲမှာ အရီးတုတ်လို့ ကလေး၊ လူကြီး ချစ်စနိုး ခေါ်ဝေါ်ကြတဲ့ ဒေါ်ခင်မေတုတ်နဲ့အတူ သူ့ရဲ့အစ်မအကြီးဆုံး ဒေါ်တင်ရွှေတို့ ဖြစ်ပါတယ်။ အရီးတုတ်ကို ဖခင်ဖြစ်သူ ဦးလှိုင် မိခင်ဖြစ်သူ ဒေါ်လှိုင်တို့မှ မွေးဖွားခဲ့ပြီး မွေးချင်း(၇)ယောက်မှ အငယ်ဆုံးဖြစ်ပါတယ်။ လက်ရှိမှာ မွေးချင်း(၄)ယောက်သာ ကျန်ရှိတော့ပြီး အစ်မအကြီးဆုံးနဲ့ နေပါတယ်။ အမအကြီးဆုံးကို ပြုစုရင်း ကိုယ်တိုင်လည်း အဖွားအရွယ်ရောက်နေပြီဖြစ်တဲ့ အရီးတုတ်ကတော့ ဘဝကို ရိုးရှင်းအေးချမ်းစွာ ဖြတ်သန်းနေပါတယ်။

“ငယ်ငယ်လေးကတည်းက ကျောင်းသွားဖို့ သနပ်ခါးလိမ်းပေးရင် ဖျက်ပစ်လိုက်တယ်။ သူငယ်တန်းထဲက ယောက်ျားလေး လိုနေခဲ့တာ။ သေနတ်၊ ဘောလုံးနဲ့ပဲ ကစားချင်တာ။ မိန်းကလေးလို ဝတ်ပေးရင် မကြိုက်ဘူး။ ဆရာမတွေ မိဘတွေက ဘာမှမပြောဘူး။ ချုပ်ချယ်တာ မရှိခဲ့ဘူး။ အိမ်တွင်းမှု အချက်အပြုတ် စိတ်မဝင်စားဘူး။ အရီးတုတ်တို့ခေတ်တုန်းက တစ်ယောက်နဲ့ တစ်ယောက် ခွဲခြားတာ၊ စတာ နောက်တာ ထိခိုက်အောင် ပြောဆိုတာတွေ မရှိဘူး။ အားလုံးမောင်နှမတွေလိုပဲ ဘယ်နေရာသွားသွား လုံခြုံတယ်” လို့ ငယ်စဉ်က ဖြတ်သန်းခဲ့ရတဲ့ဘဝကို ပြောပါတယ်။

မွေးချင်းထဲမှာ အရီးတုတ်က အငယ်ဆုံးသမီးမို့ မိသားစုက အလိုလိုက်ကြပါတယ်။ ငယ်စဉ်ကတည်းက တိရစ္ဆာန်လေးတွေ ချစ်တတ်ပြီး လက်ရှိအိမ်မှာ ခွေး(၅)ကောင်နဲ့ ကြောင်(၇)ကောင် မွေးထားတယ်လို့ ဆိုပါတယ်။ အစ်ကိုတစ်ယောက်နဲ့ အစ်မတယောက်က အားကစားထူးချွန် သူတွေမို့ သူလည်း အားကစားလုပ်ခဲ့ပါတယ်။ သူ ငယ်စဉ်က အမျိုးသမီးတွေ ဘောလုံးမကစားကြလို့ ကြက်တောင်ရိုက် အားကစားသာ ရွေးချယ်ခဲ့ပြီး (၁၉၆၅) ခုနှစ် ကစလို့ (၁၉၈၅) ခုနှစ်ထိ ကစားခဲ့တယ်။ စစ်ကိုင်းမြို့က ဆရာဦးမြင့်သိန်း၊ ရွှေဘိုမြို့က ဆရာဦးကံရတို့ကတော့ ကြက်တောင်နည်းပြ သင်ဆရာ မြင်ဆရာတွေလို့ ဆိုပါတယ်။

 

အရီးတုတ်တို့ ငယ်စဉ်က အားကစားကိစ္စများနဲ့ ခရီးသွားတာရှိသလို အပေါင်းအသင်းတွေနဲ့ သွားလာရတာမျိုးတွေမှာ ကသာမြို့သူ မြို့သားများရဲ့ထုံးစံနဲ့အညီ တစ်စုတဝေးတည်း သွားလာကြရတယ်။ အချင်းချင်းကူညီစောင့်ရှောက်ပြီး သွားလာကြတာကြောင့် ဘာပြဿနာမှ မရှိခဲ့ဘူးလို့ သိရတယ်။ အားကစားသွားရင်းနဲ့ ရောက်တဲ့မြို့မှာ လည်ပတ်ရင် ယောက်ျားလေးတွေက အနောက်နဲ့ဘေးမှာ ရံပြီး မိန်းကလေးတွေကို အလယ်မှာ ထားကာ စောင့်ရှောက်ပေးတယ်။ မောင်နှမ စိတ်ဓာတ် အပြည့်ရှိတယ်လို့ ငယ်ရွယ်စဉ်အခါတုန်းက သွားလာနေထိုင်ခဲ့ရတာကို ပြောပါတယ်။

“ကျောင်းသား အားကစားပွဲတော်တွေမှာ သွားကစားခဲ့တာ တတိယဆု ကြေးတံဆိပ် (၂) ခါ ရဘူးတယ်။ ကစားတာတော့ အစုံပါပဲ။ ကြက်တောင်က ထဲထဲဝင်ဝင် ကစားခဲ့တာပေါ့။ အရီးတုတ်တို့ ခေတ်တုန်းက လူငယ်တွေက အားကစား စိတ်ဝင်စားတယ်။ စာဖတ်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း စည်းစည်းလုံးလုံးရှိကြတယ်” လို့ (၂၁) ကြိမ်မြောက် ပြည်နယ်နဲ့တိုင်း အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲမှာ အမှတ်တရ ရိုက်ထားတဲ့ အဖြူအမဲ ဓာတ်ပုံဟောင်းလေးကိုကြည့်ရင်း ပြောပါတယ်။

အရီးတုတ်က အားကစားမှာ ထူးချွန်ပေမယ့် သင်္ချာဘာသာမှာ အားနည်းခဲ့တာကြောင့် ရှစ်တန်းအထိပဲ ပညာသင်ကြားခဲ့တယ်။ စာမေးပွဲကျတာကြောင့် ဖခင်ဖြစ်သူက ကျောင်းဆက်နေခိုင်းသော်လည်း ကျောင်းဆက်မတက်တော့ပါဘူး။

“သင်္ချာပဲညံ့တာ ကျန်တဲ့ဘာသာတွေဆို အကုန်ဖြေနိုင်တယ်။ သင်္ချာချိန်ရောက်ရင် အိပ်ငိုက်တာ။ ဒါနဲ့စာမေးပွဲလည်းကျတော့ ကျောင်းဆက်မတက်ချင်တော့ဘူး။ အဖေကတော့ နေပါပြောတယ်။ တော်ပြီကွာ မနေတော့ဘူးဆိုတော့ အဖေကလည်း ဆက်မတိုက်တွန်းတော့ပါဘူး” လို့ ကျောင်းနေတုန်းကအကြောင်းကို သတိတရ ပြောပြပါတယ်။

ဒီလိုနဲ့ ကြက်တောင်ကစားရင်းနဲ့ပဲ စစ်ကိုင်းမြို့ချည်မျှင်နဲ့ အထည်စက်ရုံမှာ တစ်လကို လခ(၂၀ဝ)ကျော်နဲ့ (၁၉၇၈) ခုနှစ်မှာ အလုပ်စဝင်ခဲ့ပြီး (၁၉၉၀) ခုနှစ်မှာ ပင်စင်ယူလိုက်ပါတယ်။ ပင်စင်လခကိုတော့ တစ်နှစ်တစ်ခါ စက်ရုံမှာ သွားထုတ်ယူရပါတယ်။ ကျန်းမာရေးအတွက်တော့ မပျက်မကွက် တနင်္လာနေ့တိုင်း သက်ကြီးဆေးခန်းသွားပြီး သွေးချိန်၊ ဆေးတောင်းလေ့ရှိကာ အပြန်မှာ စားချင်တာ ဝယ်စားပြီး ပြန်ခဲ့တယ်လို့ ရယ်မောပြောဆိုပါတယ်။

 

အရီးတုတ်အတွက် အိုအေစစ်လေးတွေကတော့ ရပ်ကွက်ထဲက အသိမိတ်ဆွေတွေနဲ့ ကလေးတွေပါပဲ။ နဂိုကတည်းက လူချစ်လူခင်များတာကြောင့် အိမ်နီးချင်းတွေဆီ လည်ပတ်လေ့ရှိပါတယ်။ ရောက်တဲ့နေရာမှာ ကလေးတွေနဲ့ တီဗွီကြည့်ရင်း စကားပြောကြရင်း နေထိုင်တတ်တာကလည်း အရီးတုတ်ရဲ့ အပန်းဖြေခြင်းတစ်ခု ဖြစ်ပါတယ်။

“အိမ်မှာ တီဗွီလည်းမရှိဘူး။ ဖွင့်လည်း မဖွင့်တတ်ဘူး။ လည်ရင်းနဲ့ သူတို့တွေဖွင့်တာကို ကြည့်တာပေါ့။ ကုလားကား၊ ကိုးရီးယားကား ကြိုက်တယ်။ သက်မွန်မြင့်၊ မေသန်းနုကို ကြိုက်တယ်။ ဒီပုံလေးက အရီးတုတ်တို့ ကသာမြို့က မင်းသမီး ကသာသူ ပတ္တမြားမယ်မခင်မှီပေါ့” လို့ ပြောရင်း တယုတယုသိမ်းထားတဲ့ အဖြူအမည်း အမျိုးသမီးပုံလေးတစ်ပုံကို ပြတယ်။

အရီးတုတ်ရဲ့ ဘဝတစ်လျှောက်လုံးမှာ ပေါ့ပေါ့ပါးပါး အမျိုးသားတစ်ဦးလို ဝတ်ဆင်နေထိုင်ခဲ့သော်လည်း ရိုးသားဖြူစင်တဲ့စိတ်သာရှိပြီး အချစ်စိတ်လည်း တစ်ခါမှ မဝင်ခဲ့ဘူးလို့ သိရတယ်။

“အရီးတုတ်မှာ ချစ်ရတဲ့သူမျိုး မရှိခဲ့ဘူး။ ဒီလိုအားကစားသွားရင် ကောင်လေးတွေရော ကောင်မလေးတွေ ပါတာပဲ။ အားလုံး ကိုယ့်ဟာကိုယ် သူ့ဟာသူ အေးဆေးနေထိုင်သွားလာတယ်။ အရီးတုတ်လည်း ဒီလိုပဲ။ တစ်ယောက်နဲ့ တစ်ယောက် အေးအေးဆေးဆေးလေးတွေသာ နေကြတာ” လို့ ရိုးသားဖြူစင်တဲ့စိတ်သာရှိတဲ့ အရီးတုတ်က ပြောပါတယ်။

ယောက်ျားတစ်ယောက်လိုသာ ဝတ်ဆင်နေထိုင်ခဲ့ပြီး ဘဝကို ရိုးသားအေးချမ်းစွာ ဖြတ်သန်းခဲ့သူ အရီးတုတ်က
“ယောက်ျားလေးလိုပဲ ဝတ်ဝတ်၊ ယောက်ျားတစ်ယောက်လို စိတ်ကိုပဲထားထား မိန်းကလေးဆိုတာ မမေ့ဖို့လိုတယ်။ အခုခေတ်က အရီးတုတ်တို့ ကြီးပြင်းလာရသလို မရိုးရှင်းဘူး။ ဘုရား၊ တရား၊ ဆရာ မိဘကို မမေ့ဖို့ ရိုးသားစွာ ဘဝကို ဖြတ်သန်းဖို့ ပြောချင်ပါတယ်။ အရီးတုတ်လည်း ဘဝကို ရိုးရိုးသားသား ပေါ့ပေါ့ပါးပါး ဖြတ်သန်းခဲ့တယ်။ တစ်ပါးသူ စိတ်ဒဏ်ရာ ကိုယ်ဒဏ်ရာမရအောင် အများလေးစားရတဲ့ သူများဖြစ်ကြပါစေ” လို့ အရီးတုတ်က ဆုတောင်းပေးပါတယ်။

အခုချိန်မှာ အသက်(၇၀)အရွယ်ရှိ အရီးတုတ်တစ်ယောက် နံနက်စောစော ဘုရားရှစ်ခိုး၊ တရားထိုင် ကိုယ်တိုင်ဈေးဝယ် တတ်မှတ်သလောက် ချက်ပြုတ်ပြီး အစ်မကြီးဖြစ်သူကို ပြုစုရင်း ကျန်းမာစွာ နေ့စဉ်ဖြတ်သန်းနေထိုင်လျက် ရှိနေပါတော့တယ်။

ဓူဝံ

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.