ကော်ဖီမှုန့်စစ်စစ်သောက်ရင်း ကျန်းမာအလှတိုးစေဖို့

ချစ်တို့ရေ………… အခုတလော အွန်လိုင်းပေါ်မှာ ခေတ်စားနေတဲ့ အသင့်သောက် ကော်ဖီတွေအကြောင်းကတော့ လူတိုင်းပါးစပ်ဖျားမှာ ပြောမဆုံးဖြစ်နေကြတာ သိမှာပါနော်။ ကော်ဖီကြိုက်သူတွေ ကော်ဖီသောက်ဖို့ ကြောက်နေကြပြီလား။ အသင့်သောက်ကော်ဖီထုပ်တွေအစား ကော်ဖီမှုန့်စစ်စစ်တွေကို သောက်တာက လူကိုပိုပြီး အကျိုးဖြစ်စေပါတယ်။ ဒီတစ်လမှာတော့ ကော်ဖီမှုန့်စစ်စစ်တွေက လူတွေအတွက် ဘယ်လိုအကျိုးပြုသလဲဆိုတာ ချစ်တို့အတွက် ဝေမျှပေးလိုက်တယ်နော်။

ကော်ဖီသောက်မယ်ဆိုရင် အသင့်သောက် ကောက်ဖီအစား ကော်ဖီမှုန့်စစ်စစ်ကို သောက်ပေးမယ်ဆိုရင် ပိုကောင်းတဲ့ရလဒ်တွေ ရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကော်ဖီအစစ်တွေမှာ ကော်ဖီရဲ့အာနိသင်ဖြစ်တဲ့ Polyphenols လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေရဲ့ ပမာဏ ပိုမိုပါဝင်တာကြောင့် ဖြစ်ပါတယ်။ Polyphenols က သွေးလွှတ်ကြောတွေကို ကျယ်စေတဲ့အတွက် သွေးပေါင်ချိန်များခြင်းကို သက်သာစေပြီး သွေးခဲတာကို ကာကွယ်ပေးတဲ့အပြင် သွေးအတွင်းရှိ ကိုလက်စထရောဓာတ်ကိုလည်း လျော့ချပေးတယ်လေ။

နောက် ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်က အာရုံကို လန်းဆန်းစေပါတယ်။ ကော်ဖီသောက်တဲ့နေရာမှာ ကော်ဖီတစ်ခွက်ရဲ့ ပမာဏဟာ ၈ အောင်စ (ဝ.၂ လီတာ) သာ ဖြစ်သင့်တယ်။ လေ့လာမှုအသစ်အရ ကော်ဖီကို တစ်နေ့ (၈)ခွက် သောက်နိုင်ပါတယ်။ ဒီလေ့လာမှုကို ဗြိတိသျှသုတေသနပညာရှင်တွေက ဗြိတိန်လူမျိုး ၉ ဒသမ ၂ သန်းကို လေ့လာမှုလုပ်ပြီး ကောက်ယူခဲ့တာပါ။ ဒီလေ့လာမှုမှာ ကော်ဖီကို တစ်နေ့ (၈) ခွက် သောက်မယ်ဆိုရင် ရောဂါဖြစ်နိုင်ချေကို လျော့ပေးပါတယ်။ ဒါကြောင့် ကော်ဖီသောက်တာဟာ ကျန်းမာရေးအတွက် ကောင်းစေတယ်။ ဒါပေမဲ့ ကိုယ်သောက်တဲ့ ခွက်က ခွက်ကြီး မဖြစ်ဖို့ လိုအပ်ပါတယ်။ ကော်ဖီခွက် အရွယ်အစားကြီးရင် ကော်ဖီသောက်လွန်တာ ဖြစ်တတ်ပါတယ်။

နောက်ထပ် သတိထားစေချင်တာက ကော်ဖီသောက်တဲ့အခါ ထည့်ဖျော်မယ့် နို့ဆီနဲ့ သကြားပမာဏပါ။ ကော်ဖီများများသောက်တာ ကောင်းကျိုးရှိတာ မှန်ပေမဲ့ နို့၊ သကြား၊ ခရင်နဲ့ ချောကလက်တို့ကို လိုတာထက်ပိုပြီး မထည့်သင့်ပါဘူး။ မလိုအပ်ဘဲ ကယ်လိုရီ တက်နိုင်လို့ပါ။ ကယ်လိုရီများခြင်းက ရောဂါတိုးစေပါတယ်။ ဒါကြောင့် ကော်ဖီနဲ့တွဲစပ်ဖျော်မယ့် နို့နဲ့ သကြားကို အထူးဂရုစိုက်သင့်ပါတယ်။ ကော်ဖီကို အချိုဓာတ်ရဖို့အတွက်ဆိုရင် ပျားရည်၊ သကြား၊ သဘာဝအချိုရည်တို့နဲ့ တွဲဖက်သောက်သုံးနိုင်သလို အနံ့ပိုကောင်းချင်ရင်တော့ သစ်ကြံပိုး၊ ဖာ လာ၊ Vanilla ၊ ကိုကိုးမှုန့်နဲ့ အချိုမပါသော နွားနို့တို့နဲ့ ရောစပ် သောက်နိုင်ပါတယ်။

ကော်ဖီသောက်သုံးချင်ပေမယ့် ရောဂါနဲ့မတည့်လို့ မသောက်ရသူတွေကတော့ ကော်ဖီသောက်ချင်ရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သောက်သင့်ပါတယ်။ ကော်ဖီသောက်ခြင်းက ကျန်းမာစေတဲ့ စားသောက်ပုံတစ်မျိုးဖြစ်တော့ ကော်ဖီကြိုက်သူအတွက် ပိုပြီးဝမ်းသာစရာပါ။

နောက်ထပ် ကော်ဖီနဲ့ပတ်သက်ပြီး သိစေချင်တာက ကော်ဖီက သောက်သုံးဖို့တင်မကဘဲ တခြားတစ်ဖက်မှာလည်း အကျိုးရှိစွာ သုံးနိုင်ပါတယ်။ အခုခေတ်မှာ မိန်းကလေး၊ ယောကျာ်းလေးတွေအားလုံး ခန္ဓာကိုယ်အရေပြားလှပဖို့အတွက် ဗီတာမင်အေဓာတ်တွေ ပါဝင်တဲ့ လိုးရှင်း၊ မိတ်ကပ်စတဲ့ အလှကုန်အမျိုးမျိုးကို သုံးလာကြပြီလေ။

ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်အပြင် ဗီတာမင်အေဓာတ်ဟာ ခန္ဓာကိုယ်အရေပြားအတွင်းထဲက Collagen (ပရိုတိန်းဓာတ်တစ်မျိုး) ထုတ်လုပ်မှုကို ပိုမြန်စေတယ်။ အဲဒီ Collagenက ဆဲလ်အသေတွေကို ပြန်ရှင်ဖို့ အထောက်အကူပြုတာကြောင့် အခုတလော မြန်မာအနုပညာရှင်တချို့ သဘာဝကော်ဖီမှုန့်တွေနဲ့ အိမ်တွင်းသဘာဝ ပေါင်းတင်နည်းတွေကို သုံးလာကြတာ တွေ့ရပါတယ်။ နုပျိုတင်းရင်းဖို့အတွက် Collagen (ပရိုတိန်းဓာတ်တစ်မျိုး) လိမ်းဆေး၊ သောက်ဆေးနဲ့ ထိုးဆေးတွေအစား ရိုးရှင်းတဲ့ ကော်ဖီမှုန့်နဲ့ ဘယ်လိုပေါင်းတင်မလဲဆိုတာ စမ်းကြည့်ရအောင်နော်။

အရင်ဆုံး ကော်ဖီမှုန့်နဲ့ ပေါင်းတင်တာပဲဖြစ်ဖြစ် Scrub လုပ်မယ်ဆိုရင်ပဲဖြစ်ဖြစ် ကော်ဖီမှုန့်အနည်းငယ်နဲ့ ပျားရည်စစ်စစ်တွေ လိုအပ်ပါတယ်။ ကော်ဖီနဲ့ ပျားရည်ကို သမအောင်ရောစပ်ပြီး ကိုယ်လိမ်းချင်တဲ့ မျက်နှာ (ဒါမှမဟုတ်) ခန္ဒာကိုယ်ကို စက်ဝိုင်းပုံစံနဲ့ အရေပြားအတွင်းထဲထိ စိမ့်နေအောင် တဖြည်းဖြည်း လိမ်းပေးရပါမယ်။ လိမ်းတဲ့အခါမှာလည်း နှိပ်နှယ်သလို လိမ်းပေးရပါမယ်။ ခန္ဓာကိုယ်ရဲ့ မဲညစ်ညစ်နေရာတွေကိုလည်း လိမ်းနိုင်ပါတယ်။ ကော်ဖီထဲက ကဖိန်းဓာတ်က အတွင်းပိုင်းဆဲလ်တွေရဲ့ လည်ပတ်မှုကို လှုံ့ဆော်မှုဖြစ်စေပါတယ်။ မိနစ်အနည်းငယ်ကြာပြီးတာနဲ့ ရေနဲ့ ဆေးကြောသန့်စင်လိုက်ရင် ပြောင်းလဲသွားတဲ့ သင်အရေပြားကို မြင်တွေ့ရမှာပါ။ ဒီနည်းကို တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် သုံးလို့ရပါတယ်။ အခုဆို ကော်ဖီချစ်တဲ့ သူငယ်ချင်းတို့ ကော်ဖီမှုန့်စစ်စစ်ကို သောက်၊ လိမ်းလည်းလိမ်းရင်း ကျန်းမာ၊ လှပ၊ နုပျို နိုင်ပါပြီနော်။

မှုန်လေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.