ကာကွယ်ခုခံပိုင်ခွင့် (Right of Private Defence)

ကာကွယ်ခုခံပိုင်ခွင့်
(Right of Private Defence)
(ဤအခန်းသည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၉၆ မှ ၁၀၆ အထိနှင့် သက်ဆိုင်ပါသည်။)

ကာကွယ်ခုခံပိုင်ခွင့်သည် ဥပဒေတွင် အရေးကြီးပါသည်။ မတရားသဖြင့် ကျူးလွန်လာသော စော်ကားခြင်းများကို တားဆီးရန်အလို့ငှာ ရိုးဖြောင့်သော သဘောဖြင့် ပြုလုပ်မှုများကို ကင်းလွတ်ခွင့်ပေးထားခြင်းဖြစ်သည်။ အကြမ်းအားဖြင့် (က) လူ့ကိုယ်ကို ကျူးလွန်လာသူအား ခုခံခြင်းနှင့် (ခ) ပစ္စည်းကို ကျူးလွန်သူအား ခုခံခြင်းဟု နှစ်မျိုးနှစ်စားရှိပါသည်။ ဤကဲ့သို့ ကျူးလွန်လာသူအား ခုခံကာကွယ်ရာတွင်လည်း လိုအပ်သည် ထက်မပိုရသော ခုခံကာကွယ်မှုမျိုးသာ ဖြစ်ရပါမည်။

မေး ။ ကာကွယ်ခုခံပိုင်ခွင့်ကို ဘာဖြစ်လို့ အရေးကြီးတယ်လို့ ဆိုပါသလဲ။
ဖြေ ။ ကာကွယ်ခုခံပိုင်ခွင့်ကို အရေးကြီးတယ်လို့ ဆိုရခြင်းမှာ ကာကွယ်ခုခံပိုင်ခွင့်အရ ပြုလုပ်သော ပြုလုပ်မှုများသည် တရားဥပဒေအရ ပြစ်မှုမမြောက်ပါဘူး။ ဒီလို ကာကွယ်ခုခံပိုင်ခွင့်အရ ပြုလုပ်ရာမှာ လိုအပ်သည်ထက် မပိုအောင် ပြုလုပ်ရန်လည်း လိုပါတယ်။ လိုတာထက် ပိုသွားရင်လည်း ပြစ်မှုမြောက်ပါတယ်။ ၎င်းအပြင် တရားသူကြီးများဟာ ကာကွယ်ခုခံပိုင်ခွင့် သုံးသူများကို အပြစ်ဒဏ်ပေးရာတွင် အထူးစဉ်းစားကြပါတယ်။ ဒါကြောင့် ကာကွယ်ခုခံပိုင်ခွင့်ဟာ အရေးကြီးပါတယ်။

မေး ။ လူ့ကိုယ်နှင့် ပတ်သက်တဲ့ ကာကွယ်ခုခံပိုင်ခွင့်ကို ရှင်းပြပေးပါ။
ဖြေ ။ လူ့ကိုယ်နှင့် ပတ်သက်တဲ့ ကာကွယ်ခုခံပိုင်ခွင့်ဆိုတာ မိမိကိုယ်ကိုလည်းကောင်း၊ တစ်ခြား တစ်စုံတစ်ယောက်က စတင်ကျူးကျော် ထိခိုက်လာရင် ကာကွယ်ခုခံပိုင်ခွင့်အရ ကာကွယ်ခုခံနိုင်ပါတယ်။ ဒီလို ကာကွယ်ခုခံတာဟာ လိုတာထက်မပိုရင် ပြစ်မှုမမြောက်ပါဘူး။ (ပုဒ်မ ၉၇)

မေး ။ ပစ္စည်းနဲ့ ပတ်သက်တဲ့ ကာကွယ်ခုခံပိုင်ခွင့်လည်း ထပ်ပြီးရှင်းပြပါဦး ဆရာ။
ဖြေ ။ ပစ္စည်းနဲ့ ပတ်သက်တဲ့ ကာကွယ်ခုခံပိုင်ခွင့်ကတော့ မိမိပိုင်ပစ္စည်းကိုသော် လည်းကောင်း၊ အခြားသူပိုင် ပစ္စည်းကိုသော်လည်းကောင်း၊ ခိုးမယ်၊ လုမယ်၊ အကျိုးဖျက်စီးမယ်၊ ပြစ်မှုပြစ်ဒဏ်ထိုက်တဲ့ ကျော်နင်းမှုများကို လုပ်မယ်ဆိုလျှင် (သို့မဟုတ်) ၎င်းအမှုမျိုးကို ကျူးလွန်ရန် ကြံစည်တယ်ဆိုလျှင် ကာကွယ်ခုခံပိုင်ခွင့်အရ ခုခံနိုင်ပါတယ်။ (ပုဒ်မ ၉၇)
ဥပမာ… သာယာကုန်းရွာကို ဓါးပြ (၅) ယောက်က သေနတ်ကိုင်ပြီး ဝင်တိုက်သည့်အခါ ရွာသားများက ရဲစခန်းကို အကြောင်းကြားရန် ဝေးလို့ သူတို့ကိုယ် တိုင်ခုခံကြတယ်။ ဒီလိုခုခံလို့ ဓါးပြသေသွားလျှင် ပြစ်မှုမမြောက်ပါဘူး။

မေး ။ စိတ်ပေါ့သွပ်နေတဲ့ အရူးတစ်ယောက်က ကျွန်တော့်ကို ဓါးနဲ့လိုက်ခုတ်လို့ ကျွန်တော်က ဓါးနဲ့ပြန်ပြီး ခုခံလိုက်တာ သေသွားပါတယ်။ ကျွန်တော် ဒီလို ခုခံတာဟာ ကာကွယ်ခုခံခွင့်အရ အကျုံးဝင်ပါသလား။
ဖြေ ။ ကာကွယ်ခုခံပိုင်ခွင့်အရ အကျုံးဝင်ပါတယ်။ ပြစ်မှုမမြောက်ပါဘူး။ အရူးရဲ့ပြုလုပ်မှု၊ ကလေးရဲ့ပြုလုပ်မှု၊ မူးယစ်နေသူ၏ ပြုလုပ်မှုကို ကာကွယ်ခုခံပိုင်ခွင့် ရှိပါတယ်။ သို့သော် လိုတာထက် မပိုရပါဘူး။ ဒီကိစ္စမှာ အရူးက ဓါးနဲ့ခုတ်လို့ ဓါးနဲ့ပြန်ခုတ်တာဟာ လိုတာထက် မပိုရပါဘူး။ (ပုဒ်မ ၉၈)

မေး ။ ကျွန်တော်ရဲ့ ကိုယ်ခန္ဓာနှင့် ပစ္စည်းကိုလည်းကောင်း၊ သူတစ်ပါးရဲ့ ကိုယ်ခန္ဓာနှင့်ပစ္စည်းကိုလည်းကောင်း၊ ကျူးလွန်လာသူတိုင်းကို ကာကွယ်ခုခံပိုင်ခွင့်အရ ခုခံနိုင်တယ်လို့ ဆိုပါသလား။
ဖြေ ။ ဟုတ်ပါတယ်။ ယေဘုယျအားဖြင့် ကိုယ်ခန္ဓာကိုလည်းကောင်း၊ ပစ္စည်းကိုလည်းကောင်း၊ အပြင်းအထန် နာကျင်စေရန်လည်းကောင်း၊ ကျူးလွန်စော်ကားလာလျှင် ခုခံပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အောက်ပါ ကိစ္စမျိုးမှာ ကာကွယ်ခုခံပိုင်ခွင့်မရပါဘူး။
       (၁) ပြည်သူ့ဝန်ထမ်းက ပြည်သူ့ ဝန်ထမ်းအဖြစ်နဲ့ သေဘေးဖြစ်စေရန်သော် လည်းကောင်း၊ အပြင်းအထန်နာကျင်စေရန် လည်းကောင်း၊ အကြောင်းယုတ္တိမရှိသော ပြုလုပ်မှုကို ပြည်သူ့ဝန်ထမ်းက သဘောရိုးဖြင့် ပြုလုပ်လျှင် ကာ ကွယ်ခုခံပိုင်ခွင့် မရပါဘူး။
       (၂) တစ်စုံတစ်ယောက်၏ ကျူးလွန်စော်ကားမှုကို အာဏာပိုင်ထံ အကာအကွယ် အစောင့်အရှောက်ရနိုင်ရန် အချိန်ရှိတဲ့ ကိစ္စမျိုးကို ကာကွယ်ခုခံပိုင်ခွင့် မရပါဘူး။ (ပုဒ်မ ၉၉)
ဥပမာ။ ။ (က) ရဲအရာရှိတစ်ယောက်သည် ဦးဘအိမ်သို့ အရပ်ဝတ် အရပ်စားနှင့် ဖဲကစားဝိုင်း ဖမ်းရန်သွားပါတယ်။ ဦးဘက အရာရှိအား ဘာကိစ္စလဲဟုမေးရာ ကစားဝိုင်း လာဖမ်းတယ်လို့ ရဲက ပြန်ဖြေပါတယ်။ ဦးဘက ရဲဆိုသည့် အထောက်အထားကိုပြရန်နှင့် ဝရမ်းမပါလျှင် မဖမ်းနိုင်ဟု ပြောပါတယ်။ ရဲအရာရှိက ရဲဆိုတဲ့ အထောက်အထားလည်း မပြ၊ ဝရမ်းလည်းမပြဘဲ သေနတ်နှင့်ပစ်ဖမ်းလျှင် ကာကွယ်ခုခံပိုင်ခွင့်ရှိပါတယ်။
              (ခ) ဘိုးထောင်အိမ်တွင် သူခိုး အခိုးခံရစဉ်က ကုတ်အင်္ကျီတစ်ထည် ပါ သွားပါတယ်၊ ၎င်းအင်္ကျီကို သာအောင် ဝတ်ထားတာကို ဘိုးထောင်ကတွေ့လျှင်ရိုက်၍ မဖမ်းနိုင်ပါ။ နီးရာ ရဲစခန်းကို တိုင်ရပါမယ်။

မေး ။ ကာကွယ်ခုခံပိုင်ခွင့်မရှိသော ကန့်သတ်ချက်များ ရှိနေတယ်လို့ သိရပါတယ်။ အဲဒီ ကန့်သက်ချက်များကို ပြောပြပါ။
ဖြေ ။ ဟုတ်ပါတယ်။ ကာကွယ်ခုခံပိုင်ခွင့်မရှိတဲ့ ကန့်သတ်ချက် (၄) မျိုး ရှိပါတယ်။
        (၁) သေစေရန် သို့မဟုတ် အပြင်းအထန်နာကျင်စေရန်၊ စိုးရိမ်ဖွယ်ရာမရှိသော၊ ဥပဒေအရ ပြုလုပ်ခွင့်မရှိသော ပြုလုပ်မှုကို ပြည်သူ့ဝန်ထမ်းက သဘောရိုးဖြင့် ပြုလုပ်လျှင်၊ အားထုတ်လျှင် ကာကွယ်ခုခံပိုင်ခွင့် မရှိပါ။
        (၂) ပြည်သူ့ဝန်ထမ်းက ဝန်ထမ်းအဖြစ်ဖြင့် သဘောရိုးနှင့် ညွှန်ကြားချက်ကို တစ်ဦးတစ်ယောက်က သဘောရိုးဖြင့် ပြုလုပ်မှု၊ အားထုတ်မှုကို ကာကွယ်ခုခံပိုင်ခွင့်မရှိပါ။
        (၃) အာဏာပိုင်ထံမှ အစောင့်အရှောက် အကာအကွယ်ရရှိနိုင်ရန် တိုင်တန်းနိုင်သည့် အချိန်ရှိလျှင် ကာကွယ်ခုခံပိုင်ခွင့်မရှိပါ။
        (၄) ကာကွယ်ခုခံရာ၌ လိုအပ်သည့် ကာကွယ်ခုခံခြင်းထက်ပို၍ ပြုလုပ်ခွင့် မရှိပါ။

မေး ။ လူ့ကိုယ်ကို ကာကွယ်ရာတွင် ဘယ်လိုကိစ္စမျိုးတွင် လူသေစေရန်အထိ ကာကွယ်ခုခံနိုင်ပါသလဲ။
ဖြေ ။ အောက်ပါ ကျူးလွန်မှုမျိုးတွင် လူကိုသေသည်အထိ ကာကွယ်ခုခံနိုင်ပါတယ်။
       (၁) မကာကွယ်လျှင် သေဘေးကို စိုးရိမ်ဖွယ်ရာရှိသည့် လက်ရောက်မှု (Death)၊
       (၂) အပြင်းအထန်နာကျင်စေသည့် လက်ရောက်မှု (Grievous Hurt)၊
       (၃) မုဒိမ်းကျင့်ရန်အကြံနှင့် ကျူးလွန်သည့် လက်ရောက်မှု (Rap) ၊
       (၄) ကာမရာဂစိတ်ကို ဓမ္မတာနည်းဖြင့်မဟုတ်ဘဲ၊ ဖြေဖျော်ရန်အကြံနှင့် လက်ရောက်မှု (Unnatural Lust) ၊
       (၅) လူခိုးရန်၊ သွေးဆောင်ခေါ်ရန် ကြံစည်သည့် လက်ရောက်မှု (Kidnapping and abduction)၊
       (၆) မတရားချုပ်ထားရန်ကြံသည့် လက် ရောက်မှု (Wrongful confinement) ၊

မေး ။ ပစ္စည်းကို ကာကွယ်ရာ၌ ဘယ်လိုကိစ္စမျိုးတွင် လူသေသည်အထိ ကာကွယ်ခုခံနိုင်ပါသလဲ။
ဖြေ ။ (၁) လုယက်မှု (Robbery) ၊
        (၂) ညအခါ အိမ်ဖောက်မှု (House breaking by night) ၊
        (၃) လူနေရန်ဖြစ်စေ၊ ဥစ္စာပစ္စည်း သိုလှောင်ရန်ဖြစ်စေ၊ အသုံးပြုသည့် အိမ်၊ တိုက်၊ အဆောက်အဦ၊ တင်းကုတ်၊ လှေ၊ သင်္ဘောများကို ကျူးလွန်မည့် မီးဖြင့် အကျိုးဖျက်စီးမှု (Mifchief by fire)၊
        (၄) ကာကွယ်ခုခံပိုင်ခွင့်ကို မပြုလုပ်လျှင် သေရမည်ကိုသော်လည်းကောင်း၊ အပြင်းအထန် နာကျင်ခြင်းခံရမည်ကို လည်းကောင်း၊ စိုးရိမ်ဖွယ်ရာရှိသည့် ခိုးမှု၊ အကျိုးဖျက်စီးမှု၊ အိမ်ကျော်နင်းမှု။ (ပုဒ်မ- ၁၀၃)၊

မေး ။ ကာကွယ်ခုခံပိုင်ခွင့်ကို ဘယ်အချိန်တွင် စတင်အသုံးပြုနိုင်ပြီး ဘယ်အချိန်တွင် ရပ်စဲရပါမလဲ။
ဖြေ ။ လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်သည် ပြစ်မှုကျူးလွန်ခြင်းမရှိသေးသော်လည်း အားထုတ်မှု။ ခြိမ်းခြောက်မှု။ လူကိုယ်ကို ဘေးဖြစ်စေရန်အတွက် စိုးရိမ်ဖွယ်ရာအကြောင်း ပေါ်ပေါက်တဲ့ အချိန်ကစပြီး ကာကွယ်ခုခံပိုင်ခွင့်ကို သုံးစွဲနိုင်ပါတယ်။ ထိုကဲ့သို့ စိုးရိမ်ဖွယ်ရာအကြောင်း ပေါ်နေသမျှ ကာကွယ်ခုခံပိုင်ခွင့်ကို ဆက်လက်သုံးစွဲနိုင်ပြီး၊ စိုးရိမ်ဖွယ်ရာမရှိတော့လျှင် ကာကွယ်ခုခံပိုင်ခွင့် သုံးစွဲခြင်းကို ရပ်ရပါမယ်။ (ပုဒ်မ ၁၀၂)
ပစ္စည်းနှင့်ပတ်သက်တဲ့ ကာကွယ်ခုခံပိုင်ခွင့်ကတော့ ပစ္စည်းကို ဘေးဖြစ်စေမည့် စိုးရိမ်ဖွယ်ရာအကြောင်းစတင် ပေါ်ပေါက်ကတည်းက ကာကွယ်ခုခံပိုင်ခွင့်ကို စတင်သုံးစွဲနိုင်ပါတယ်။
         (က) ခိုးမှုတွင်- ပစ္စည်းနှင့်တကွ ထွက်သွားသည့်တိုင်အောင်လည်းကောင်း၊ အာဏာပိုင်တို့၏ အကူအညီရသည့်တိုင် အောင်လည်းကောင်း၊ ပစ္စည်းကို ပြန်ရသည့်တိုင်အောင်လည်းကောင်း၊ ကာကွယ်ခုခံခွင့်ကို ဆက်လက်သုံးစွဲနိုင်ပါတယ်။
          (ခ) လုယက်မှုတွင်- ပြစ်မှုကျူးလွန်သူက သေစေရန်၊ နာကျင်စေရန်၊ မတရားတားဆီးရန် အားထုတ်နေသမျှ၊ ပြုလုပ်နေသမျှ၊ စိုးရိမ်နေရသမျှ ကာကွယ်ခုခံခွင့်ကို ဆက်လက်သုံးစွဲနိုင်ပါတယ်။
          (ဂ) အကျိုးဖျက်ဆီးမှု၊ ကျော်နင်းမှုများတွင်- ပြစ်မှုကျူးလွန်နေသမျှ ကာလပတ်လုံး ကာကွယ်ခုခံခွင့်ကို ဆက်လက်သုံးစွဲနိုင်ပါတယ်။
         (ဃ) ညအခါ အိမ်ကို ဖောက်ထွင်းမှု- ကျော်နင်းမှု ပြုနေသမျှ ကာလပတ်လုံး ကာကွယ်ခုခံခွင့်ကို ဆက်လက်သုံးစွဲနိုင်ပါတယ်။ (ပုဒ်မ ၁၀၅)

မေး ။ ကျွန်တော့်အိမ်ကို ကြက်ခိုးရန် သူခိုးလာပါတယ်။ သူ့မှာတော့ ဘာလက်နက်မှမပါဘူး။ ကျွန်တော်က သူခိုးကို ချောင်းပြီး ဓါးနဲ့ နှစ်ချက်ခုတ်လိုက်လို့ သူခိုး သေသွားပါတယ်။ ဒီကိစ္စမှာ ကာကွယ်ခုခံပိုင်ခွင့်အရ ကျွန်တော့်မှာ အပြစ် ရှိ၊မရှိ သိချင်ပါတယ်။
ဖြေ ။ ကာကွယ်ခုခံပိုင်ခွင့် မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြက်သူခိုးမှာ ဘာလက်နက်မှလည်း မပါဘူး။ ခင်ဗျားကို သေစေရန် (သို့မဟုတ်) ဒဏ်ရာအနာ တရဖြစ်စေရန် ပြုလုပ်တဲ့အကြောင်းအချက်ကိုလည်း မတွေ့ရဘူး။ ခင်ဗျားဟာ ကာကွယ်ခုခံပိုင်ခွင့်ကို လိုတာထက်ပိုပြီးသုံးထားလို့ အပြစ်ရနိုင်ပါတယ်။

မေး ။ ညတစ်ညမှာ ကျွန်တော့်အိမ်ကို သူခိုးကပ်ပါတယ်။ ကျွန်တော် လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်တော့ သူခိုးဟာ လက်ထဲမှာ ဓါးရှည်ကိုကိုင်ပြီး ကျွန်တော်နဲ့ လေးကိုက်လောက်အကွာမှာ ရပ်နေတာကို တွေ့ရတယ်။ ဒါနဲ့ ကျွန်တော်က “ဟေ့ ဘယ်သူလဲ” လို့မေးတော့ ဘာမှပြန်မဖြေတာနဲ့ ကျွန်တော်သေနတ်နဲ့ ပစ်တာ သေသွားပါတယ်။ ကျွန်တော်မှာ ကာကွယ်ခုခံပိုင်ခွင့်အရ အပြစ်ရှိ၊ မရှိ သိချင်ပါတယ်။
ဖြေ ။ ကာကွယ်ခုခံပိုင်ခွင့်အရ အပြစ်မရှိဘူးဆိုတာ မဟုတ်ပါဘူး။ အပြစ်ရှိပါတယ်။ ခင်ဗျားက “ဟေ့ ဘယ်သူလဲ” လို့ မေးတော့ သူခိုးဟာ ရှေ့ကို တိုးမလာဘူး။ ခင်ဗျားကိုလည်း ရန်မပြုဘူးဆိုလျှင် ခင်ဗျားအနေနဲ့ သေနတ်နဲ့ပစ်ရန် အကြောင်းမပေါ်ပေါက်ပါဘူး။ သူခိုးအနေနဲ့ ခင်ဗျားက လက်နှိပ်ဓာတ်မီးနဲ့ ထိုးထားပြီး ဓါးကိုချရန်၊ အဖမ်းခံရန်ပြောလျှင် သူခိုး ထွက်ပြေးနိုင်မည် မဟုတ်ပါ။ ခင်ဗျားသည် ကာကွယ်ခုခံပိုင်ခွင့်ကို လိုတာထက် ပို သုံးတယ်လို့ ယူဆရပါမယ်။ ဒါကြောင့် အပြစ်ရှိပါတယ်။ ဒီလိုမျိုးအမှုမျိုးနဲ့ ခပ်ဆင်ဆင်အမှုဖြစ်တဲ့ မောင်တင်ဖေနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (B.L.R c.c 1001) အမှုမှာကို တရားရုံးချုပ်က အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

စံပြ တင်ဦးကျော်
(တရားလွှတ်တော်ရှေ့နေ)

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.