LGBT အဖြစ် မွေးဖွားလာတဲ့သူတွေမှာ အပြစ်မရှိလို့ မိဘတွေ လက်ခံလာစေချင်တယ်လို့ ပြောလိုက်တဲ့ ဥက္ကာမင်းမောင်ရဲ့ မိခင်

ရုပ်ရှင်နှင့် မော်ဒယ် သရုပ်ဆောင် ဥက္ကာမင်းမောင်ရဲ့ မိခင် ဒေါ်နီလာသိန်းမြင့်က LGBT အဖြစ် မွေးဖွားလာတဲ့ ကလေးတွေမှာ အပြစ်မရှိလို့ မိဘတွေ လက်ခံလာစေချင်တယ်လို့  &PROUD  Yangon Pride သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ (၂၂)ရက်နေ့ ဗဟန်းမြို့နယ်ရှိ Goethe Villa မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ LGBTIQ အသိုက်အဝန်းနှင့်အတူ ပထမဆုံး Yangon River Prideနဲ့ ဂုဏ်ပြုမယ့် & PROUD ရဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ သရုပ်ဆောင် ဥက္ကာမင်းမောင်ရဲ့ ကိုယ်စားတက်ရောက်ခဲ့တဲ့ မိခင်ဖြစ်သူ ဒေါ်နီလာသိန်းမြင့်က ပြောခဲ့တာ ဖြစ်ပါတယ်။

“LGBT အဖြစ် မွေးဖွားလာတဲ့ ကလေးတွေမှာ အပြစ်မရှိဘူး။ တကယ်တန်းကျ သူတို့က ဒီတိုင်းပဲ မွေးဖွားလာတယ်။ နောက် သူတို့တွေ သည် ဘာပဲဖြစ်ဖြစ် သူတို့ ဦးနှောက်တွေက ကောင်းနေတာပဲ။ ဒါပေမယ့် သူတို့မှာ လိင်တူခြင်း ချစ်တယ်ဆိုတာက တစ်နေ့က ဗီဒီယိုဖိုင်လေးတစ်ခု ကြည့်ခဲ့တာမှ ဦးနှောက်လေးထဲက အကန့်လေးတစ်ခုက ဆုံးဖြတ်ပေးသလိုပဲဆိုတာ သိလိုက်တယ်။ ဒါက မှန်ချင်လည်း မှန်မယ်၊ မှားချင်လည်း မှားမယ်။ ဒါပေမယ့် ဦးနှောက်ကသာ စေခိုင်းတာဖြစ်ခဲ့ရင် ဒါကဘယ်လိုမှ ပြောင်းလဲလို့ မရနိုင်ပါဘူး။ အရေးကြီးတာက မိခင်တွေ၊ ဖခင်တွေ လက်ခံလာတာက ပိုအရေးကြီးပါတယ်။ ကလေးတွေအပေါ်မှာ မိတ်ဆွေတွေ၊ အပေါင်းအသင်းတွေ လက်ခံလာဖို့က အရေးကြီးပါတယ်” လို့ ရုပ်ရှင်နှင့် သရုပ်ဆောင် ဥက္ကာမင်းမောင်ရဲ့မိခင် ဒေါ်နီလာသိန်းမြင့်က ပြောပါတယ်။

ထိုပြင် သူမအနေနဲ့ သားဖြစ်သူ Gay တစ်ယောက်အဖြစ် ထုတ်ဖော်ပြောကြားလိုက်တဲ့အခါ မိခင်တစ်ယောက်အနေနဲ့ ကြိုးစားလေ့လာခဲ့ရာမှ LGBT တွေကို နားလည်ပေးနိုင်ခဲ့ပြီး သူမကဲ့သို့ ကျန်မိခင်တွေကိုလည်း နားလည်စေရန် &PROUD ရဲ့ စာနယ်ဇင်းရှင်းလင်းပွဲကို တက်ရောက်ဖြစ်ခဲ့တာလို့လည်း ထပ်မံ ပြောကြားခဲ့ပါတယ်။

“မိခင်တွေအားလုံးကို သိစေချင်လို့ ဒီပွဲကို တက်ရောက်ဖြစ်ခဲ့တာပါ။ ဒီပွဲကို အန်တီလာခဲ့ပြီးတော့ ပြောပြချင်တာပေါ့။ ပထမ ဒီခေတ်အမေတွေ သုံးနှုန်းတဲ့အတိုင်း ပြောခဲ့တာပေါ့။ ဒါပေမယ့် သားကို နားလည်ပေးနိုင်အောင် ဘာလုပ်မလဲပေါ့။ အန်တီ စာအုပ်တွေ ဖတ်ခဲ့တယ်။ လေ့လာခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြောပြချင်တာက မိခင်တွေ၊ ဖခင်တွေဘက်က ကိုယ့်ရဲ့သားသမီးလေးတွေ ဘယ်လိုပဲ မွေးဖွားလာလာ သူတို့ဖြစ်ချင်တဲ့ ဆန္ဒလေးတွေကို ကောင်းမွန်တဲ့ လမ်းကြောင်းလေးတွေပေါ်မှာ တည့်မတ်ပေးဖို့ကိုပဲ ကျွန်မပြောချင်ပါတယ်”လို့ ရုပ်ရှင်နှင့် သရုပ်ဆောင် ဥက္ကာမင်းမောင်ရဲ့ မိခင် ဒေါ်နီလာသိန်းမြင့်က ပြောပါတယ်။

&PROUD ရဲ့ သတင်းစာရှင်းလင်းပွဲကို Co-Director Jan Willem Van Rooji ၊ Colors Rainbow ရဲ့ Deputy Director & Co-Director လှမြတ်ထွန်း၊ Equality Myanmar ရဲ့ Executive Director ဦးအောင်မျိုးမင်း၊ My Place Myanmar’s first LGBT Café ပိုင်ရှင် JD ၊ LGBTIQ Rights Advocate ရှင်းသန့်နဲ့ ရုပ်ရှင်နှင့် သရုပ်ဆောင် ဥက္ကာမင်းမောင်ရဲ့ မိခင် ဒေါ်နီလာသိန်းမြင့်တို့ တက်ရောက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.